အမျိုးသမီးကွန်ဒုံးသင်တန်း
ဦးဆောင်ဖွင့်လှစ်သူ ဆရာမ နော်ဒါးနှင့် ခေတ်ပြိုင် တွေ့ဆုံမေးမြန်းခန်း
ခေတ်ပြိုင် - လွတ်မြောက်နယ်မြေမှာ
ဆရာမလက်ရှိလုပ်ကိုင်နေတဲ့ အဖွဲ့အစည်းအမည်နဲ့ ဆရာမ
တာဝန်ယူထားတဲ့
လုပ်ငန်းတာဝန်ကို အရင်ဆုံးပြောပြပေးပါ၊
ဆရာမ နော်ဒါး - ကျမလက်ရှိလုပ်ကိုင်နေတဲ့
အဖွဲ့အစည်းကတော့ မဲဆောက်မြို့မှာ အခြေစိုက်တဲ့ မြန်မာနိုင်ငံ ဆေးပညာရှင်များ
အသင်းဖြစ်ပါတယ်။ ကျမတာဝန်ယူထားတဲ့ လုပ်ငန်းတာဝန်ကတော့ မျိုးပွားခြင်းဆိုင်ရာ ကျန်းမာရေး စီမံကိန်း
ကြီးကြပ်ရေးမှူး တာဝန်ဖြစ်ပါတယ်။
ခေတ် - ဆရာမ တာဝန်ယူလုပ်ကိုင်တဲ့
လုပ်ငန်းတာဝန်တွေအကြောင်း ပြောပြပေးပါဦး။
နော် - အဓိကကတော့ ကျမတို့ပစ်မှတ်ထားဆောင်ရွက်နေတဲ့နေရာတွေမှာ နေထိုင်ကြတဲ့
ရွှေ့ပြောင်းလူထု တွေကို မျိုးပွားခြင်းဆိုင်ရာ ကျန်းမာရေးသင်တန်းတွေပေးတယ်။
ရိုးရာလက်သည်တွေကိုလည်း
သင်တန်းပေးတယ်။ နောက်ပြီး မျိုးပွားခြင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ဆယ်ကျော်သက် အရွယ်တွေကိုလည်း
သီးသန့် သင်တန်းပေးတယ်။
လက်တွေ့လုပ်ငန်း
အကောင်အထည်ဖော်နေတဲ့ နေရာမှာလည်း ကျန်းမာရေးလုပ်သားတွေရဲ့ လုပ်ဆောင်မှူတွေကို ကြီးကြပ်ဆောင်ရွက်မှုပေးတယ်။
ကွန်ရက်သဖွယ်ဆက်စပ်လုပ်ဆောင်နေတဲ့
ထိုင်း-မြန်မာ
နယ်စပ်မှာရှိတဲ့ အဖွဲ့အစည်းတွေကိုလည်း
မျိုးပွားခြင်းဆိုင်ရာ ကျန်းမာရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး အစည်းအဝေးတွေ (၂) လ တကြိမ် လုပ်ဆောင်ဖြစ်အောင်
နှိုးဆော်ပေးပါတယ်။
မျိုးပွားခြင်းဆိုင်ရာ
ကျန်းမာရေးနဲ့ပတ်သက်တဲ့ စာစောင်တွေကိုလည်း ကျန်းမာရေးလုပ်သားတွေက တဆင့်
ရွှေ့ပြောင်းအလုပ်သမားတွေ၊ ရွှေ့ပြောင်းလူထုတွေနဲ့ ဒုက္ခသည်တွေဆီရောက်အောင်
ဖြန့်ဝေပေးတာတွေ လုပ်ဆောင်ပါတယ်။
ခေတ် - လက်ရှိဆရာမလုပ်ကိုင်နေတဲ့ နေရာဒေသတွေမှာ
ပြည်သူလူထုရဲ့ မျိုးပွားခြင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိအမြင်
ဗဟုသုတရှိမှု အနေအထားအရရော ဘယ်လိုရှိပါသလဲ။
နော် - အဓိကအားဖြင့် လူထုတွေမှာ
ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတ အရမ်းနိမ့်ကျနေတာကိုတွေ့ရတယ်။ မြန်မာပြည်အတွင်း မှာ
နေထိုင်ခဲ့စဉ်ကတည်းက လူထုတွေဟာ ကျန်းမာရေးဗဟုသုတတွေ မရရှိခဲ့ကြဘူး။
ကျောင်းသင်ခန်းစာတွေမှာ
ကြည့်မယ်ဆိုရင် လည်း မျိုးပွားခြင်းနဲ့ဆိုင်တဲ့ သင်ကြားပေးမှုမျိုး လုံးဝမတွေ့ရဘူး။
တွေ့ရတဲ့ဟာတွေကလည်း တကိုယ်ရေ ကျန်းမာသန့်ရှင်းရေး လောက်ပဲရှိတယ်။
ထိုင်းနိုင်ငံကို
ရောက်တော့လည်း သူတို့တွေက ၀မ်းရေးကိုပဲအဓိကထား လုံးပန်းနေရတဲ့အတွက်
ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေ လေ့လာသိရှိနိုင်ဖို့ အခွင့်အရေးမရကြဘူး။
နောက်ပြီးတော့ တချို့ နေရာတွေမှာဆိုရင် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စာစောင်တွေ
သူတို့ဆီကိုရောက်တာမတွေ့ဘူး။ ကျန်းမာရေး ဌာနတွေကိုလည်း သူတို့ လက်လှမ်းမမှီကြဘူး။
မျိုးပွားခြင်းဆိုင်ရာ
အသိပညာ ဗဟုသုတတွေ မရှိတဲ့အတွက် သူတို့ကိုယ်သူတို့ မရည်ရွယ်ဘဲ ကိုယ်ဝန်ရတာတို့၊
ကိုယ်ဝန်ဖျက်ချတာတို့၊ လိင်ကတဆင့်ကူး စက်တဲ့ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နဲ့
ကာလသားရောဂါတွေကို ထိထိရောက်ရောက် မကာကွယ်နိုင်ကြဘူး။
ဥပမာဆိုရင် ဆယ်ကျော်သက်
အရွယ်တွေမှာ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ကိုယ်ဝန်ရရှိသွားတော့ သူတို့မှာ ရှေ့ဆက် ပညာသင်ကြားနိုင်ဖို့
အခွင့်အလမ်းတွေ မရှိတော့ဘူး။ ငယ်ရွယ်လွန်းအားကြီးတော့ အိမ်ထောင် ထိန်းသိမ်းမှုလုပ်ငန်းတွေ၊
ကလေးကိုစောင့်ရှောင့်တာတွေလည်း မလုပ်တတ်ကြဘူး။ ငယ်ရွယ်လွန်းသေးတဲ့ အတွက် မျိုးပွားအင်္ဂါတွေ
ကောင်းကောင်းမွန်မွန် မဖွံ့ဖြိုးသေးလို့ ကလေးမွေးတဲ့အခါမှာ အခက်အခဲနဲ့
ကြုံကြတာတွေလည်း တွေ့ရတယ်။ နောက်ပြီး စီးပွားရေးအရလည်း အခက်အခဲတွေကြုံရပြီးတော့
အိမ်ထောင်ကွဲတာတွေ မကြာခဏ တွေ့ရလေ့ရှိတယ်။
တချို့အမျိုးသမီးလေးတွေကျတော့
မျိုးပွားခြင်းဆိုင်ရာ ကျန်းမာရေးဗဟုသုတ မရှိကြတော့ ရောင်းစားခံရပြီး ပြည့်
တန်ဆာဖြစ်သွားသူတွေ၊ သူဌေးတွေရဲ့ တိတ်တိတ်ပုန်းမယားလုပ်ရသူတွေ ဖြစ်ကုန်ကြတာကိုတွေ့ရတယ်။
အမျိုးသားတွေမှာကျတော့ ထင်ရာစိုင်းပြီး
မူးယစ်ဆေးဝါးသုံးစွဲတာတို့၊ အပျော်အပါးလိုက်စားတာတို့ဖြစ်ပြီး ရောဂါရတာ၊
ငယ်ငယ်ရွယ်ရွယ်နဲ့ ပျက်စီးကုန် တာ၊ သေဆုံးကြတာတွေ တွေ့ရတယ်။
ခေတ် - အခု ဆရာမတို့အနေနဲ့
မျိုးပွားခြင်းဆိုင်ရာ အသိပညာပေးမှုတွေ လုပ်လာပြီးတဲ့နောက်ပိုင်း လူထုထဲမှာ
ကျန်းမာရေးနဲ့ပတ် သက်လို့ တိုးတက်လာတဲ့ အနေအထားတွေ တွေ့ရပါသလား။
နော် - ကျမတို့
မျိုးပွားခြင်းဆိုင်ရာအသိပညာတွေ၊ သင်တန်းတွေပေးပြီးတဲ့နောက်ပိုင်းမှာတော့
ပြည်သူလူထုအနေနဲ့ သူတို့ကိုယ်သူတို့ ပြန်ပြီးသတိပြုမိတဲ့အနေအထားတွေ
ရှိလာတာကိုတွေ့လာရတယ်။ ဥပမာ လိင်ဆက်ဆံမယ်ဆိုရင် ကိုယ်ဝန်မရအောင် ဘယ်လိုကာကွယ်မလဲ၊
ရောဂါမကူးစက်အောင် ဘယ်လို ကာကွယ်မလဲ ဆိုတာမျိုးတွေ လိင်ဆက်ဆံဖော်တွေနဲ့
လိင်မဆက်ဆံခင် ပွင့်ပွင့်လင်းလင်း ပြောဆိုညှိနှိုင်း တာမျိုးတွေ လုပ်ဆောင်လာကြတာတွေ
တွေ့ရတယ်။ သူတို့ကတဆင့် သူတို့သိထားတဲ့
မျိုးပွားခြင်းဆိုင်ရာ အသိပညာတွေကို အခြားလူတွေဆီကို တဆင့်ဖြန့်ဝေတာမျိုးတွေ
လုပ်ဆောင်လာကြတယ်။
ကျန်းမာရေးစာစောင်တွေကို
ဖတ်ရတဲ့ အတွက်လည်း သူတို့ရဲ့ကျန်းမာရေးအသိအမြင်တွေ ပိုကျယ်လာတယ်။
ရိုးရာလက်သည်တွေနဲ့ ပတ်သက်ပြီးတော့လည်း သူတို့မှာ လွဲမှားစွာလက်ခံထားတဲ့ အယူအဆတွေ
ပြောင်းလဲ လာကြတာတွေ့ရတယ်။
ဥပမာ- အရင်တုန်းကဆိုရင် အာဟာရဖြစ်တဲ့ အစားအစာတွေကို
မစားရဲကြဘူး။ စားရင် ကလေးမွေးရ ခက်တယ်ဆိုပြီး လွဲမှားစွာသိထားကြတော့ မိခင်မှာသွေးအားနည်းတာတို့၊
မွေးတဲ့အခါ ညှစ်အားမရှိတာတို့၊ မွေးလာတဲ့ကလေးတွေမှာ ပေါင်မပြည့်တာတို့၊
အသေမွေးတာတို့တွေ့ရတယ်။ အခုနောက်ပိုင်း သင်တန်းတက်ပြီး တဲ့အခါကျတော့
လူထုထဲမှာရှိတဲ့ ကိုယ်ဝန်ဆောင်တွေကို အာဟာရရှိတဲ့ အစားအစာတွေစားဖို့ တိုက်တွန်း ပညာပေးတာမျိုးတွေ လုပ်ဆောင်တတ်လာတယ်။
မိသားစုစီမံကိန်းအကြောင်းကို
ပိုသိတာတဲ့အခါကျတော့ လူထုကိုသားဆက်ခြားနည်းတွေ ပိုမိုပညာပေး နိုင်တာကိုတွေ့ရတယ်။
သင်တန်းတက်ပြီးတဲ့နောက် သူတို့တတွေကတဆင့် အန္တရာယ်ရှိတဲ့ကိုယ်ဝန်ဆောင်တွေ၊
မွေးပြီးတဲ့နောက် မိခင် ရောကလေးပါ နောက်ဆက်တွဲအန္တရာယ်ရှိနိုင်တာမျိုးတွေကို
ဆေးရုံဆေးခန်းတွေဆီ အချိန်မီလွှဲပြောင်းပေးနိုင်ကြတဲ့အတွက် မိခင်နဲ့ ကလေးသေနှုန်းတွေ
လျော့ကျလာတာတွေ့ရတယ်။
ခေတ် - အခု ဆရာမဦးစီးတဲ့ အမျိုးသမီးကွန်ဒုံးအသုံးပြုနည်းနဲ့ပတ်သက်တဲ့သင်တန်း
ဆရာဖြစ်သင်တန်းဖွင့်လှစ် သင်ကြားပေးခဲ့တယ် လို့သိရတယ်။
သင်တန်းလုပ်ဆောင်ဖြစ်ခဲ့ပုံလေးကို အကျဉ်းချုပ်ပြောပြပေးပါဦး။
နော် - ပထမဦးဆုံး အမျိုးသမီးကျန်းမာရေး ဖောင်ဒေးရှင်းက
ဆရာမ ပက်တီကနေ မယ်တော်ဆေးခန်းမှာ အမျိုးသမီး ကွန်ဒုံးအကြောင်းကို ဆွေးနွေးဖို့
ကျမကိုဆက်သွယ်လာတယ်။ နောက်ပြီး သူနဲ့အတူ အမျိုးသမီးကွန်ဒုံး တွေယူလာတယ်။ ကျမနဲ့အတူ အခြားအဖွဲ့တွေ ဆီသွားပြီးတော့
အမျိုးသမီးကွန်ဒုံးနဲ့ ပတ်သက်ပြီး မိတ်ဆက်ပေးတာမျိုးတွေ ဆက်စပ်လုပ်ကိုင်ဖို့လည်း
သူကကမ်းလှမ်းလာတယ်။ အဲဒီနောက် ကျမတို့ မျိုးပွားခြင်းဆိုင်ရာ ကျန်းမာရေးနဲ့
ပတ်သက်တဲ့ နှစ်လတကြိမ် အစည်းအဝေးမှာ ခေါင်းစဉ်တွေ အများကြီးရှိတဲ့ အနက်က
ဒီအမျိုးသမီးကွန်ဒုံး သင်တန်းပေးမယ့် အကြောင်းကို ကျမကစပြီး တင်ပြတဲ့အခါမှာ
ကျန်တဲ့အဖွဲ့တွေကလည်း သဘောတူ ကြတဲ့အတွက် ဒီသင်တန်းကို ဦးဆောင်ပြီးလုပ်ဖြစ်သွားတာပါ။
ခေတ် - ဆရာမအနေနဲ့က
ဒီအမျိုးသမီးကွန်ဒုံးသင်တန်းပေးဖို့ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ တင်ပြခဲ့တာလဲ။
နော် - အဓိကက အမျိုးသမီးအတွက်
ရွေးချယ်မှုတခုအနေနဲ့ အခွင့်အလမ်းရှိဖို့ရယ်၊ ဒီကွန်ဒုံးနဲ့ ပတ်သက်ပြီး
မရှက်မကြောက်ဘဲ စိတ်သက်သောင့်သက်သာဖြစ်ဖို့၊ လိင်ဆက်ဆံတဲ့အခါမှာလည်း
လက်တွေ့အသုံးပြုမှု ပိုများလာအောင် ရည်ရွယ်ပါတယ်။
ခေတ် - အဲဒီတော့
အမျိုးသမီးကွန်ဒုံးသုံးတဲ့အတွက် ဘယ်လိုကာကွယ်မှုမျိုးတွေ ထိထိရောက်ရောက်
လုပ်ဆောင်နိုင်မလဲဆိုတာ ပြောပေးပါဦး။
နော် - အထူးသဖြင့်ပေါ့နော်၊ အိပ်ခ်ျအိုင်ဗွီ၊
အေအိုင်ဒီအက်စ်နဲ့ လိင်ကတဆင့်ကူးစက်တဲ့ ရောဂါတွေ မဖြစ်ပွား မကူးစက်အောင်၊ ကိုယ်ဝန်မရအောင်
ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တယ်။ လိင်ဆက်ဆံဘက်နှစ်ဦးစလုံး ဒါမှမဟုတ် တဦးဦးမှာ
အိပ်ခ်ျအိုင်ဗွီပိုး ရှိနေခဲ့ရင်လည်း ပိုမဆိုးအောင်၊ မကူးစက်အောင်
ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တယ်။ မမျှော်လင့်တဲ့ အခြေအနေမှာ လိင်ဆက်ဆံရတာမျိုးတွေ
ရှိခဲ့ရင်လည်း ကာကွယ်မှုတခု အနေနဲ့ အသုံးပြုလို့ရတယ်။
ခေတ် - အမျိုးသားကွန်ဒုံးကိုတောင်မှ
အသုံးပြုဖို့စည်းရုံးတာ ရာနှုန်းပြည့်မအောင်မြင်သေးခင်မှာ အခုလို အမျိုးသမီး
ကွန်ဒုံးသုံးမယ်ဆိုတော့ လိင်ဆက်ဆံဘက်အမျိုးသားကရော အသာတကြည် လက်ခံနိုင်မယ့်
အနေအထားမျိုး ရှိပါ့မလား။ တကယ်လို့ မရှိခဲ့ရင် ဘယ်လို လုပ်မလဲ။ တဆက်တည်းအနေနဲ့
အမျိုးသမီးကွန်ဒုံး အသုံးပြုခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကိုလည်း
ပြောပြပေးပါ။
နော် - ကျမတို့
ဒီလိုမျိုးအမျိုးသားသုံးကွန်ဒုံးနဲ့တကွ အမျိုးသမီးကွန်ဒုံးကိုပါ
နှစ်ခုစလုံးကြိုက်ရာ အသုံးပြုနိုင်ဖို့ တိုက်တွန်းတဲ့အခါ သူတို့ဘာာသာ နှစ်သက်တဲ့ နည်းလမ်းကို
ရွေးချယ်အသုံးပြုနိုင်ပါတယ်။ အမျိုးသားကွန်ဒုံးဆိုရင် လိင်တံတောင့်တင်းနေတဲ့ အချိန်ကျမှ
စွပ်လို့ရတယ်။ ဒါပေမယ့် အမျိုးသမီး ကွန်ဒုံးကတော့ လိင်မဆက်ဆံခင် အမျိုးသမီးရဲ့ ယောနိလမ်းကြောင်းထဲမှာ
(၈) နာရီ ကြိုတင်ပြီး ထည့်ထား လို့ရတယ်။
အမျိုးသားကွန်ဒုံးမသုံးချင်တဲ့သူတွေအတွက်
အမျိုးသမီးဘက်ကနေ ဦးဆောင်ပြီးလုပ်ပေးလို့ရတာပေါ့။ အမျိုး သမီးတွေအနေနဲ့
ကိုယ့်ရဲ့လိင်ဆက်ဆံဖော်က အရက်သေစာနဲ့ မူးယစ်ဆေးဝါးသုံးစွဲပြီး
မူးမူးရူးရူးဖြစ်နေခဲ့ရင် အခုလိုအမျိုးသမီး ကွန်ဒုံးသုံးပြီး ကိုယ့်ကိုယ်ကို
ကာကွယ်နိုင်တာပေါ့။
နောက်ပြီး
အမျိုးသမီးကွန်ဒုံးက အမျိုးသားကွန်ဒုံးထက် ပိုပြီးခိုင်ခံ့တယ်။ ဘာဖြစ်လို့လဲဆိုတော့
သူ့ကို Polyurethane
လို့ခေါ်တဲ့ ပလတ်စတစ် (ရာဘာအပျော့) တမျိုးနဲ့ ပြုလုပ်ထားတာကြောင့်ဖြစ်တယ်။ Polyurethane ဟာ အပူဓာတ်ကို ပေးတဲ့အတွက်
လိင်ဆက်ဆံရာမှာ ခံစားမှုပိုမိုကောင်းမွန်စေပါတယ်။ အမျိုးသမီးတွေကို သားအိမ်
လည်တံကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ပေးဖို့လည်း အထောက်အကူပြု ပါတယ်။
ယောက်ျားသုံးကွန်ဒုံးဆိုရင်
သတ်မှတ်ထားတဲ့ ချောဆီတွေနဲ့သာ အသုံးပြုလို့ရတယ်။ အမျိုးသမီးကွန်ဒုံးကျတော့
အဆီပါတဲ့ချောဆီမှန်သမျှ တွဲသုံးလို့ရတယ်။ အမျိုးသားကွန်ဒုံး ဆိုရင် သတ်မှတ်ထားတဲ့ နေရာမှာပဲ
သိမ်းဆည်းရတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အမျိုးသမီးကွန်ဒုံးက
အမျိုးသားကွန်ဒုံးထက် ဈေးကြီး နေသေးတယ်။ ထိထိရောက်ရောက်အသုံးပြုဖို့အတွက်
အမျိုးသားကွန်ဒုံးထက်စာရင် လက်တွေ့လေ့ကျင့်မှုတွေ လုပ်ဖို့ ပိုလိုတယ်။
ခေတ် - အဲဒီတော့ အမျိုးသမီးကွန်ဒုံးကို
အသုံးပြုတဲ့သူတွေရှိလာခဲ့ရင် ဆရာမတို့အနေနဲ့ ဘယ်လို ကူညီဆောင်ရွက်ပေးနိုင်မလဲ။
နော် - ကျမတို့ ဖေဖော်ဝါရီလမှာ
သင်တန်းသားတွေကို Follow
up လုပ်ဖို့
အစီအစဉ်ရှိတယ်။ အခုလောလောဆယ်တော့ ကျမတို့ သင်တန်းဆရာတွေကတဆင့် ကျန်းမာရေးလုပ်သား အချင်းချင်းနဲ့
လူထုကြားမှာ နည်းစနစ်မှန်ကန်စွာ အသုံးပြုနည်းကို မိတ်ဆက်ပေး နေပါတယ်။ Follow up သင်တန်းကို သူတို့ ပြန်မလာခင် ဘယ်လိုလူတွေက
အသုံးပြုဖို့တောင်းဆိုနေသလဲ။ ဘယ်လိုလူတွေကို အဓိကပစ်မှတ်ထားသလဲ၊
ကွန်ဒုံးအသုံးပြုမယ့် လူအရေအတွက် ဘယ်လောက်ရှိနိုင်မလဲ ဆိုတာတွေ စာရင်းပြုစုဖို့
တာဝန်ပေးထားတယ်။ အဲဒီကနေရလာတဲ့ အချက်အလက်တွေပေါ်မူတည်ပြီးတော့ လူထုကြားကို
အမျိုးသမီးကွန်ဒုံးတွေ ဖြန့်ဝေနိုင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။
ခေတ် - နောက်ဆုံးအနေနဲ့ အမျိုးသမီးထုကို
အမျိုးသမီးကွန်ဒုံးတွေ အသုံးပြုချင်လာအောင် ဆရာမအနေနဲ့ ဘယ်လိုတိုက်တွန်းစကား တွေ
ပြောကြားချင်ပါသလဲ။
နော်- ကျမပြောချင်တာကတော့
အမျိုးသမီးတွေကိုယ်တိုင် ရရှိလာတဲ့ အခွင့်အရေးကို အမိအရယူဖို့၊
မရှက်မကြောက်ကြဖို့၊ နည်းစနစ် မှန်မှန်ကန်ကန် အသုံးပြုကြဖို့၊ ကျန်းမာရေး လုပ်သားတွေနဲ့
တကွ ပြည်သူလူထု အားလုံးကနေပြီးတော့ အလေးထား ပူးပေါင်းဆောင် ရွက်ကြဖို့ တိုက်တွန်း ပြောကြားချင်ပါတယ်။
ဒါမှလည်း ကိုယ်ဝန်ဖျက်ချတဲ့ နှုန်းထားတွေ၊ မရည်ရွယ်ဘဲ ကိုယ်ဝန်ရလာတဲ့ နှုန်းထားတွေ၊
လိင်ကတဆင့် ကူးစက်တဲ့ ရောဂါဖြစ်ပွားမှုနှုန်းတွေ အဓိကအားဖြင့်
အိပ်ခ်ျအိုင်ဗွီပိုးကူးစက်နှုန်းတွေ ကျဆင်းလာမယ်လို့ ယုံကြည်ပါ တယ်။
http://www.khitpyaing.org/interviews/january_2007/nawdar_3-1-07.php




