4
Aug

အမျိုးသမီးတွေ HIV ရောဂါပိုး မကူးစက်အောင် ကာကွယ်နိုင်မယ့်ဆေး



အမျိုးသမီးတွေ
HIV ရောဂါပိုး ကူးစက်ခံရတာကို ကြိုတင်ကာကွယ်နိုင်မယ့် ဆေးတမျိုးကို တောင်အာဖရိကနိုင်ငံ
ဆေးသိပံ္ပပညာရှင်တွေ အောင်အောင်မြင်မြင် ဖော်ထုတ် လိုက်နိုင်ကြပါပြီ။ အမျိုးသမီးတွေရဲ့
အင်္ဂါဇာတ်မှာ လိမ်းသုတ်ရတဲ့ အဆီပျစ်တမျိုးဟာ AIDS ရောဂါ ဖြစ်ပွားစေနိုင်တဲ့ HIV ရောဂါပိုး
ကူးစက်မှုကို သိသိသာသာ လျှော့ချနိုင်တယ်ဆိုတာ စမ်းသပ်မှုတွေကနေ တွေ့ရှိခဲ့ ကြပါတယ်။ ဒီလိမ်းဆေးက
ဘယ်လောက်ထိ ကာကွယ်နိုင်တယ်၊ ဘယ်အချိန်လောက်မှာ ကျယ်ကျယ်ပြန့်ပြန့် ရလာနိုင်ဖွယ်ရှိတယ်
ဆိုတာတွေကို ဗွီအိုအေ သတင်းထောက် Margaret Besheer ရဲ့ သတင်းဆောင်းပါးပေါ်မှာ အခြေခံပြီး
ဒီသီတင်းပတ်ရဲ့ ကျန်းမာရေးကဏ္ဍမှာ ကိုကျော်ကျော်သိန်း က တင်ပြထားပါတယ်။

ဒီ
လိမ်းဆေး အဆီပျစ်ဟာ HIV ရောဂါပိုး ကူးစက်ခံရမှုကို ကာကွယ်ရေးမှာ အင်မတန် ထူးခြား ပြောင်မြောက်တဲ့
ကိရိယာတခု ဖြစ်လာနိုင် တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။ ကွန်ဒွန်း သုံးစွဲဖို့
ငြင်းဆန်တဲ့ သူတို့နဲ့အတူနေ အမျိုးသားတွေဆီကနေ ရောဂါပိုး ကူးစက်မခံ ရအောင် ကိုယ့်ကိုယ်ကို
ကာကွယ်ဖို့ အမျိုးသမီးတွေကို အားပေးစေမယ်လို့ ဆိုပါတယ်။

ဇူလိုင်လ
၁၈ ရက်ကနေ ၂၃ ရက်နေ့အထိ သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ
AIDS ညီလာခံအတွင်း ဒီဆေးနဲ့ပတ်သက်ပြီး ပြောဆို ဆွေးနွေးခဲ့ကြတာပါ။

အမျိုးသမီးတွေအနေနဲ့
HIV ရောဂါပိုး ကူးစက်မခံရအောင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မယ့် ဆေးတမျိုးကို ရနိုင်ဖို့
AIDS ကပ်ရောဂါဆိုးကြီး စပြီးဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ နီးပါးလောက် ကတည်းက
သိပံ္ပပညာရှင်တွေ သုတေသနပြု ရှာဖွေနေခဲ့ကြတာပါ။ အခုတော့ CAPRISA လို့ခေါ်တဲ့ တောင်အာဖရိက
AIDS သုတေသန အစီအစဉ်က သိပ္ပံပညာရှင်တွေ ဖြစ်ကြတဲ့ Salim နဲ့ Quarraisha Abdool
Karim တို့က ဒီလိမ်းဆေးကို တီထွင် ဖော်ထုတ် နိုင်လိုက်ကြပါပြီ။ ဒီသုတေသန လုပ်ငန်းကို
အမေရိကန် ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (USAID) ရဲ့ ရန်ပုံငွေ
ထောက်ပံ့မှုနဲ့ လုပ်ဆောင်ခဲ့ကြတာပါ။

တောင်အာဖရိက
အမျိုးသမီး ၈၈၉ ယောက်ကို စမ်းသပ် သုံးစွဲစေခဲ့တာမှာ အင်မတန် ကောင်းမွန်တဲ့ အလားအလာတွေကို
တွေ့ခဲ့ရတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ Quarraisha Abdool Karim က သူတို့ရဲ့
ရှာဖွေတွေ့ရှိမှုအကြောင်း ဗွီအိုအေကို ရှင်းပြပါတယ်။

“လိမ်းဆေးသုံးတဲ့
အမျိုးသမီးတွေဟာ မသုံးတဲ့အမျိုးသမီးတွေထက် ၃၉% ပိုပြီးတော့ ရောဂါ ကာကွယ်နိုင်စွမ်း
ရှိတယ်ဆိုတာ စမ်းသပ်မှုမှာ ကျမတို့ တွေ့လိုက်ရပါတယ်။ လိင်ဆက်ဆံတဲ့ အကြိမ်အရေအတွက်ရဲ့
၈၀% ကျော်မှာ ကျမတို့ အကြံပေးတဲ့အတိုင်း လိမ်းဆေးသုံးတဲ့ အမျိုးသမီး အရေအတွက်ရဲ့ ၅၄%
ဟာ ရောဂါပိုးကို ကာကွယ်နိုင်ခဲ့ကြပါတယ်။ ဒါ အတော်လေးကို အားကောင်းတဲ့ သက်ရောက်မှုပါပဲ။”

ဒီစမ်းသပ်မှုတွေဟာ
အယူအဆ တခုမှန်ကန်ကြောင်း သက်သေပြချက်တွေ ဖြစ်တယ်လို့ ဒေါက်တာ Abdool Karim က ပြောပါတယ်။
လိမ်းဆေးကို ဈေးကွက်ထဲ မပို့ခင်မှာ နောက်ထပ် စမ်းသပ်မှုတွေလုပ်ဖို့ လိုအပ်သေးတယ်လို့
သူက ပြောပါတယ်။ ဒါပေမဲ့ မျှော်လင့်ထားတာ ကတော့ နှစ်နှစ် သုံးနှစ်အတွင်း ရနိုင်ဖို့ပါပဲ။

ဒီ
အဆီပျစ်လိမ်းဆေးကို စမ်းသပ်တာ အောင်အောင်မြင်မြင် ဖြစ်ခဲ့တဲ့ သတင်းအပေါ် ၀မ်းမြောက်ဝမ်းသာ
ဖြစ်ခဲ့ကြတဲ့ AIDS ရောဂါဆိုင်ရာ လှုပ်ရှားသူတွေနဲ့ ကျွမ်းကျင်သူတွေ ထဲမှာ ကုလသမဂ္ဂ အေအိုင်ဒီအက်(စ်)
ရောဂါ တိုက်ဖျက်ရေးအဖွဲ့ (UNAIDS) က အမှုဆောင် ညွှန်ကြားရေးမှူး Michel Sidibe လည်း အပါအ၀င်ပါ။

“ကျနော်တို့
အောင်ပွဲခံဖို့ လိုတယ်ဆိုတာ အရင်ဆုံး ပြောပါရစေ။ HIV/AIDS ရောဂါ တိုက်ဖျက်ရေးအတွက်
လုပ်ဆောင်လာတဲ့ နှစ် ၃၀ အတွင်းမှာ ကြိုတင် ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် အောင်အောင်မြင်မြင်
ပြောဆို လာနိုင်တာ ဖြစ်ပါတယ်။”

ကမ္ဘာတ၀န်းမှာ
HIV ရောဂါပိုး ကူးစက်နေသူပေါင်း ၃၃ သန်းလောက်ရှိပြီး အဲဒီထဲက ထက်ဝက်လောက်ဟာ အမျိုးသမီးတွေ
ဖြစ်ကြပါတယ်။ အာဖရိက တိုက်မှာဆိုရင် HIV ရောဂါပိုး စပြီး ကူးစက်ခံရတဲ့ လူတွေထဲက ၆၀%
ကျော်ဟာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ ဖြစ်နေကြပါတယ်။

အခု
စမ်းသပ်ဖော်ထုတ်ထားတဲ့ လိမ်းဆေးအသစ်ထဲမှာ လူ့ခန္ဓာကိုယ် ကလာပ်စည်းတွေထဲ HIV ရောဂါပိုး
ကြီးထွားလာတာကို ကာကွယ် တားဆီးနိုင်တဲ့ antiretroviral ဆေးတမျိုး ဖြစ်တဲ့
tenofovir ဆိုတာ ပါဝင်ပါတယ်။

အမျိုးသမီးတွေ
အနေနဲ့ လိင်ဆက်ဆံတဲ့ အချိန်မရောက်ခင် ၁၂ နာရီကြိုပြီး ပထမအကြိမ်၊ ပြီးပြီးချင်း ၁၂
နာရီအတွင်း ဒုတိယအကြိမ် လိမ်းရမှာ ဖြစ်ပါတယ်။ ဆေးကို ရိုးရိုးရှင်းရှင်းနဲ့ အလွယ်တကူ
အသုံးပြုနိုင်တာဟာ အသုံးပြုဖို့ စွဲဆောင်မှုနဲ့ ထိရောက်မှုတို့အတွက် အဓိက အချက်ဖြစ်လိမ့်မယ်လို့
Michel Sidibe က ပြောပါတယ်။

“ဒီလို
ရိုးရှင်းလွယ်ကူတာက ဒီဆေးရဲ့ သူမတူတဲ့ တော်လှန် ပြောင်းလဲမှုပိုင်း ဖြစ်ပါတယ်။ ကြိုတင်ကာကွယ်
တားဆီးရေးအတွက် တော်လှန်ရေးတရပ်လို လုပ်ဆောင်ဖို့ ကျနော်က နှိုးဆော်ခဲ့ဖူးပြီး ဒီကပ်ရောဂါဆိုးကို
တိုက်ဖျက်ပစ်ဖို့ ကာကွယ်ရေး၊ ကာကွယ်ရေးနဲ့ ကာကွယ်ရေး လိုအပ်တယ်ဆိုတာ ကျနော် လုံးဝယုံကြည်ပါတယ်။”

အခု
စမ်းသပ်ထားတဲ့ အဆီပျစ်လိမ်းဆေးကို ကမ္ဘာတ၀န်းက အမျိုးသမီးတွေ သုံးစွဲခွင့် မရခင်မှာ
လုပ်စရာတွေ အများကြီး ကျန်နေသေး တယ်လို့ ဒေါက်တာ Abdool Karim က ပြောပါတယ်။

“အခု
နောက်တဆင့်ကို ကျမတို့ လုပ်ကြရပါတော့မယ်။ နောက်တဆင့်ကတော့ ဒီဆေးကို အမျိုးသမီးတွေ လက်ထဲရောက်အောင်
ဘယ်လိုပို့ မလဲ၊ အဲဒီလို ရောက်အောင် ပို့နိုင်ရေးအတွက် နောက်ထပ် ဘယ်လို လေ့လာမှုမျိုးတွေ
လုပ်ဖို့ လိုအပ်မလဲဆိုတာပါ။ အမျိုးသမီးတွေ လက်ထဲ ဒီဆေး မရောက်သေးသရွေ့ ကျမတို့လုပ်ငန်း
မပြီးဆုံးသေးပါဘူး၊ ဒီ ရောဂါပိုးကို ကမ္ဘာပေါ်ကနေ အမြစ်ပြတ် မတိုက်ဖျက်နိုင်သေး သရွေ့  ကျမတို့ လုပ်စရာတွေ အများကြီး ရှိပါသေးတယ်။”

ဒီဆေးဟာ
HIV ရောဂါပိုး ကူးစက်မှုကို လျှော့ချနိုင်ရုံသာမက herpes simplex-2 လို့ခေါ်တဲ့ လိင်ဆက်ဆံရာကနေရတဲ့
တခြား ကာလသားရောဂါတမျိုး ကူးစက်မှုနှုန်းကိုလည်း ၅၁% ထိ လျှော့ချ နိုင်တယ်ဆိုတာ တောင်အာဖရိက
လေ့လာမှုကနေ တွေ့ခဲ့ကြပါတယ်။ herpes ကာလသား ရောဂါပိုးရှိနေတဲ့ အမျိုးသမီးတွေဟာ HIV ရောဂါပိုး
ကူးစက်ခံရနိုင်ခြေ နှစ်ဆ ပိုများပါတယ်။

အခု
အဆီပျစ် လိမ်းဆေးဟာ HIV နဲ့ Herpes ကာလသားရောဂါတွေကို ကာကွယ်တာပဲ ဖြစ်ပြီး သန္ဓေတားဆေး
မဟုတ်ဘူးဆိုတာကို ကျွမ်းကျင်သူတွေက အလေးအနက် ပြောနေကြပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့
WHO ကလည်း HIV ရောဂါပိုးရှိနေတဲ့ အမျိုးသမီးတွေအနေနဲ့ ARV ဆေးဝါးကို စားသုံးခြင်းအားဖြင့်
ကိုယ်ဝန် ဆောင်စဉ်ကာလ၊ မွေးဖွားစဉ်ကာလ ဒါမှမဟုတ် ကလေးကို မိခင်နို့ တိုက်ကျွေးတဲ့ ကာလတွေမှာ
သူတို့ကနေတဆင့် ကလေးတွေဆီကို ရောဂါပိုး မကူးစက်နိုင်အောင် ကာကွယ်နိုင်တဲ့အတွက် ARV
ဆေးဝါး သုံးစွဲကြပါလို့ တိုက်တွန်း နေပါတယ်။ မိခင်နဲ့ ကလေးတွေကို HIV ရောဂါပိုးကနေ
ကာကွယ်တာဟာ မိသားစုရေးရာ ကိစ္စဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒီလိုကာကွယ်နိုင်ဖို့
လူတိုင်းဟာ ကိုယ့်ရဲ့ HIV ရောဂါပိုး ကူးစက်ခံထားရမှု အခြေအနေကို သိရှိဖို့ လိုအပ်ပြီး
အဲဒီနောက်မှာ ဘေးအန္တရာယ် မဖြစ်စေတဲ့ လိင်ဆက်ဆံမှု အလေ့အကျင့်တွေ လုပ်တာ၊ စောစောစီးစီးနဲ့
ထိရောက်တဲ့ ကုသမှုခံယူတာတွေ လုပ်ဆောင်သင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပေးကြပါတယ်။



ကျော်ကျော်သိန်း

၂၈
ဇူလိုင် ၂၀၁၀

VOA -
အမျိုးသမီးတွေ HIV ရောဂါပိုး မကူးစက်အောင် ကာကွယ်နိုင်မယ့်ဆေး

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top