အမျိုးသမီးတွေ HIV ရောဂါပိုး ကူးစက်ခံရတာကို ကြိုတင်ကာကွယ်နိုင်မယ့်
ဆေးတမျိုးကို တောင်အာဖရိကနိုင်ငံ ဆေးသိပံ္ပပညာရှင်တွေ အောင်အောင်မြင်မြင်
ဖော်ထုတ်လိုက်နိုင်ကြပါပြီ။ အမျိုးသမီးတွေရဲ့ အင်္ဂါဇာတ်မှာ လိမ်းသုတ်ရတဲ့
အဆီပျစ်တမျိုးဟာ AIDS ရောဂါ ဖြစ်ပွားစေနိုင်တဲ့ HIV ရောဂါပိုးကူးစက်မှုကို သိသိသာသာ
လျှော့ချနိုင်တယ်ဆိုတာ စမ်းသပ်မှုတွေကနေ တွေ့ရှိခဲ့ကြပါတယ်။
ဒီလိမ်းဆေး အဆီပျစ်ဟာ HIV ရောဂါပိုးကူးစက်ခံရမှုကို ကာကွယ်ရေးမှာ
အင်မတန်ထူးခြား ပြောင်မြောက်တဲ့ ကိရိယာတခု ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။
ကွန်ဒွန်းသုံးစွဲဖို့ငြင်းဆန်တဲ့ သူတို့နဲ့အတူနေ အမျိုးသားတွေဆီကနေ ရောဂါပိုးကူးစက်မခံရအောင် ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ အမျိုးသမီးတွေကို
အားပေးစေမယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၁၈ ရက်ကနေ ၂၃ ရက်နေ့အထိ သြစတြီးယားနိုင်ငံ၊
ဗီယင်နာမြို့မှာကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ AIDS ညီလာခံအတွင်း
ဒီဆေးနဲ့ပတ်သက်ပြီး ပြောဆို ဆွေးနွေးခဲ့ကြတာပါ။
အမျိုးသမီးတွေအနေနဲ့ HIV ရောဂါပိုးကူးစက်မခံရအောင် ကိုယ့်ကိုယ်ကို
ကာကွယ်နိုင်မယ့် ဆေးတမျိုးကိုရနိုင်ဖို့ AIDS ကပ်ရောဂါဆိုးကြီး စပြီးဖြစ်ခဲ့တဲ့
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ နီးပါးလောက်ကတည်းက သိပံ္ပပညာရှင်တွေ သုတေသနပြု
ရှာဖွေနေခဲ့ကြတာပါ။ အခုတော့ CAPRISA လို့ခေါ်တဲ့ တောင်အာဖရိက AIDS သုတေသန အစီအစဉ်က
သိပ္ပံပညာရှင်တွေဖြစ်ကြတဲ့ Salim နဲ့ Quarraisha Abdool Karim တို့က ဒီလိမ်းဆေးကို
တီထွင် ဖော်ထုတ်နိုင်လိုက်ကြပါပြီ။ ဒီသုတေသနလုပ်ငန်းကို အမေရိကန်ပြည်ထောင်စု
အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) ရဲ့ ရန်ပုံငွေထောက်ပံ့မှုနဲ့
လုပ်ဆောင်ခဲ့ကြတာပါ။
တောင်အာဖရိကအမျိုးသမီး ၈၈၉ ယောက်ကို စမ်းသပ်သုံးစွဲစေခဲ့တာမှာ
အင်မတန်ကောင်းမွန်တဲ့ အလားအလာတွေကို တွေ့ခဲ့ရတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
Quarraisha Abdool Karim က သူတို့ရဲ့ ရှာဖွေတွေ့ရှိမှုအကြောင်း ဗွီအိုအေကို
ရှင်းပြပါတယ်။
“လိမ်းဆေးသုံးတဲ့ အမျိုးသမီးတွေဟာ မသုံးတဲ့အမျိုးသမီးတွေထက် ၃၉%
ပိုပြီးတော့ ရောဂါကာကွယ်နိုင်စွမ်း ရှိတယ်ဆိုတာ စမ်းသပ်မှုမှာ ကျမတို့
တွေ့လိုက်ရပါတယ်။ လိင်ဆက်ဆံတဲ့ အကြိမ်အရေအတွက်ရဲ့ ၈၀% ကျော်မှာ ကျမတို့
အကြံပေးတဲ့အတိုင်း လိမ်းဆေးသုံးတဲ့ အမျိုးသမီး အရေအတွက်ရဲ့ ၅၄% ဟာ ရောဂါပိုးကို
ကာကွယ်နိုင်ခဲ့ကြပါတယ်။ ဒါ အတော်လေးကို အားကောင်းတဲ့ သက်ရောက်မှုပါပဲ။”
ဒီစမ်းသပ်မှုတွေဟာ အယူအဆတခုမှန်ကန်ကြောင်း သက်သေပြချက်တွေဖြစ်တယ်လို့
ဒေါက်တာ Abdool Karim က ပြောပါတယ်။ လိမ်းဆေးကို ဈေးကွက်ထဲမပို့ခင်မှာ နောက်ထပ်
စမ်းသပ်မှုတွေလုပ်ဖို့ လိုအပ်သေးတယ်လို့ သူကပြောပါတယ်။ ဒါပေမဲ့ မျှော်လင့်ထားတာကတော့
နှစ်နှစ် သုံးနှစ်အတွင်း ရနိုင်ဖို့ပါပဲ။
ဒီအဆီပျစ်လိမ်းဆေးကို စမ်းသပ်တာ အောင်အောင်မြင်မြင်
ဖြစ်ခဲ့တဲ့သတင်းအပေါ် ၀မ်းမြောက် ၀မ်းသာဖြစ်ခဲ့ကြတဲ့ AIDS ရောဂါဆိုင်ရာ
လှုပ်ရှားသူတွေနဲ့ ကျွမ်းကျင်သူတွေထဲမှာ ကုလသမဂ္ဂ အေအိုင်ဒီအက်စ်ရောဂါ
တိုက်ဖျက်ရေး အဖွဲ့ (UNAIDS) က အမှုဆောင် ညွှန်ကြားရေးမှူး Michel Sidibe လည်း
အပါအ၀င်ပါ။
“ကျနော်တို့ အောင်ပွဲခံဖို့လိုတယ်ဆိုတာ အရင်ဆုံး ပြောပါရစေ။ HIV/AIDS
ရောဂါတိုက်ဖျက်ရေး အတွက် လုပ်ဆောင်လာတဲ့ နှစ် ၃၀ အတွင်းမှာ
ကြိုတင်ကာကွယ်ရေးနဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ် အောင်အောင်မြင်မြင်
ပြောဆိုလာနိုင်တာဖြစ်ပါတယ်။”
ကမ္ဘာတ၀န်းမှာ HIV ရောဂါပိုး ကူးစက်နေသူပေါင်း ၃၃ သန်းလောက်ရှိပြီး
အဲဒီထဲက ထက်ဝက်လောက်ဟာ အမျိုးသမီးတွေဖြစ်ကြပါ တယ်။ အာဖရိကတိုက်မှာဆိုရင် HIV
ရောဂါပိုး စပြီး ကူးစက်ခံရတဲ့လူတွေထဲက ၆၀% ကျော်ဟာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ
ဖြစ်နေကြပါတယ်။
အခု စမ်းသပ်ဖော်ထုတ်ထားတဲ့ လိမ်းဆေးအသစ်ထဲမှာ
လူ့ခန္ဓာကိုယ်ကလာပ်စည်းတွေထဲ HIV ရောဂါပိုး ကြီးထွားလာတာကို ကာကွယ်တားဆီးနိုင်တဲ့
antiretroviral ဆေးတမျိုးဖြစ်တဲ့ tenofovir ဆိုတာ ပါဝင်ပါတယ်။
အမျိုးသမီးတွေအနေနဲ့ လိင်ဆက်ဆံတဲ့အချိန်မရောက်ခင် ၁၂ နာရီကြိုပြီး
ပထမအကြိမ်၊ ပြီးပြီးချင်း ၁၂ နာရီအတွင်း ဒုတိယအကြိမ် လိမ်းရမှာဖြစ်ပါတယ်။ ဆေးကို
ရိုးရိုးရှင်းရှင်းနဲ့ အလွယ်တကူ အသုံးပြုနိုင်တာဟာ အသုံးပြုဖို့ စွဲဆောင်မှုနဲ့
ထိရောက်မှုတို့အတွက် အဓိကအချက်ဖြစ်လိမ့်မယ်လို့ Michel Sidibe က ပြောပါတယ်။
“ဒီလို ရိုးရှင်းလွယ်ကူတာက ဒီဆေးရဲ့ သူမတူတဲ့
တော်လှန်ပြောင်းလဲမှုပိုင်းဖြစ်ပါတယ်။ ကြိုတင် ကာကွယ် တားဆီးရေးအတွက်
တော်လှန်ရေးတရပ်လိုလုပ်ဆောင်ဖို့ ကျနော်က နှိုးဆော်ခဲ့ဖူးပြီး ဒီကပ်ရောဂါဆိုးကို
တိုက်ဖျက်ပစ်ဖို့ ကာကွယ်ရေး၊ ကာကွယ်ရေးနဲ့ ကာကွယ်ရေး လိုအပ်တယ်ဆိုတာ ကျနော်
လုံးဝယုံကြည်ပါတယ်။”
အခု စမ်းသပ်ထားတဲ့ အဆီပျစ်လိမ်းဆေးကို ကမ္ဘာတ၀န်းကအမျိုးသမီးတွေ
သုံးစွဲခွင့်မရခင်မှာ လုပ်စရာတွေ အများကြီး ကျန်နေသေး တယ်လို့ ဒေါက်တာ Abdool
Karim က ပြောပါတယ်။
“အခု နောက်တဆင့်ကို ကျမတို့ လုပ်ကြရပါတော့မယ်။ နောက်တဆင့်ကတော့
ဒီဆေးကို အမျိုးသမီးတွေ လက်ထဲရောက်အောင် ဘယ်လိုပို့မလဲ၊ အဲဒီလို ရောက်အောင်
ပို့နိုင်ရေးအတွက် နောက်ထပ် ဘယ်လို လေ့လာမှုမျိုးတွေလုပ်ဖို့ လိုအပ်မလဲဆိုတာပါ။
အမျိုးသမီးတွေ လက်ထဲ ဒီဆေး မရောက်သေးသရွေ့ ကျမတို့လုပ်ငန်း မပြီးဆုံးသေးပါဘူး၊ ဒီ
ရောဂါပိုးကို ကမ္ဘာပေါ်ကနေ အမြစ်ပြတ် မတိုက်ဖျက်နိုင်သေး သရွေ့ ကျမတို့ လုပ်စရာတွေ
အများကြီးရှိပါသေးတယ်။”
ဒီဆေးဟာ HIV ရောဂါပိုး ကူးစက်မှုကို လျှော့ချနိုင်ရုံသာမက herpes
simplex-2 လို့ခေါ်တဲ့ လိင်ဆက်ဆံရာကနေ ရတဲ့ တခြားကာလသားရောဂါတမျိုး
ကူးစက်မှုနှုန်းကိုလည်း ၅၁% ထိ လျှော့ချနိုင်တယ်ဆိုတာ တောင်အာဖရိက လေ့လာမှုကနေ
တွေ့ခဲ့ကြပါတယ်။ herpes ကာလသား ရောဂါပိုးရှိနေတဲ့ အမျိုးသမီးတွေဟာ HIV
ရောဂါပိုး ကူးစက်ခံရနိုင်ခြေ နှစ်ဆ ပိုများပါတယ်။
အခု အဆီပျစ် လိမ်းဆေးဟာ HIV နဲ့ Herpes ကာလသားရောဂါတွေကို ကာကွယ်တာပဲဖြစ်ပြီး
သန္ဓေတားဆေး မဟုတ်ဘူးဆိုတာကို ကျွမ်းကျင်သူတွေက အလေးအနက် ပြောနေကြပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း HIV ရောဂါပိုးရှိနေတဲ့
အမျိုးသမီးတွေအနေနဲ့ ARV ဆေးဝါးကို စားသုံးခြင်းအားဖြင့် ကိုယ်ဝန်ဆောင်စဉ်ကာလ၊
မွေးဖွားစဉ်ကာလ ဒါမှမဟုတ် ကလေးကို မိခင်နို့ တိုက်ကျွေးတဲ့ ကာလတွေမှာ
သူတို့ကနေတဆင့် ကလေးတွေဆီကို ရောဂါပိုးမကူးစက်နိုင်အောင် ကာကွယ်နိုင်တဲ့အတွက် ARV
ဆေးဝါး သုံးစွဲကြပါလို့ တိုက်တွန်းနေပါတယ်။ မိခင်နဲ့ကလေးတွေကို HIV ရောဂါပိုးကနေ
ကာကွယ်တာဟာ မိသားစုရေးရာကိစ္စဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဒီလိုကာကွယ်နိုင်ဖို့ လူတိုင်းဟာ ကိုယ့်ရဲ့ HIV
ရောဂါပိုးကူးစက်ခံထားရမှုအခြေအနေကို သိရှိဖို့ လိုအပ်ပြီး အဲဒီနောက်မှာ ဘေးအန္တရာယ်
မဖြစ်စေတဲ့ လိင်ဆက်ဆံမှု အလေ့အကျင့်တွေလုပ်တာ၊ စောစောစီးစီးနဲ့ ထိရောက်တဲ့
ကုသမှုခံယူတာတွေ လုပ်ဆောင်သင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပေးကြပါတယ်။
ပင်လယ်ပြာပြာ -
အမျိုးသမီးတွေ HIV ရောဂါပိုး
မကူးစက်အောင် ကာကွယ်နိုင်မယ့်ဆေး




