အရည်အသွေး မကောင်းခြင်းနှင့်
သက်တမ်းလွန် ဓာတ်ခွဲခန်းကိရိယာ သုံးစွဲကြခြင်းကြောင့် ဆေးစစ်ချက် အဖြေမှားယွင်းရ
ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းအချို့သည် အရည်အသွေးမကောင်းသော
တရုတ်ထုတ်များကို အသုံးပြုကြသလို ယင်း ပစ္စည်းများအတွက် အာမခံပေးထားသော ကာလထက်ကျော်လွန်ပြီး
အသုံးပြုနေကြသောကြောင့် မှားယွင်းနေသော အဖြေများ ထွက်နေခြင်းဖြစ်သည်ဟု ဆရာဝန်ကြီးတစ်ဦးက
ပြော သည်။
”တရုတ်ထုတ် ဓာတ်ခွဲခန်းသုံး ပစ္စည်းတွေက အကြာကြီးအသုံးမခံဘူး။
စက်ပစ္စည်းအရည်အသွေး မကောင်းတော့ မတိကျတဲ့အဖြေတွေ ထွက်တာပေါ့။ ဒီပစ္စည်းတွေက အရမ်းအနုစိတ်တဲ့အတွက်
ထုတ်တဲ့ကုမ္ပဏီက ဒီပစ္စည်းကို ဘယ်နှနှစ်သုံးပြီးရင် ဆားဗစ်ပြန်လုပ်ရမယ် စတဲ့လိုက်နာရမယ့်အချက်တွေကို ပြောထားပြီးသား။ အဲဒါကို မလိုက်နာ ကြတာ” ဟု ၄င်းကပြောသည်။
ဓာတ်ခွဲခန်း အဖြေမှားခြင်းသည် လူနာတစ်ယောက်အတွက် ဘဝတစ်ခုလုံးဆုံးရှုံးနိုင်သည့်အတွက်
ဓာတ်ခွဲခန်းသုံး ပစ္စည်းများအား ၁ဝဝ ရာခိုင်နှုန်း တိကျရန်အတွက် အမြဲစစ်ဆေးရန် လိုအပ်ကြောင်း၊
ကင်ဆာ၊ HIVနှင့် မှုခင်းဆိုင်ရာများ စစ်ဆေးရာတွင် အထူးသတိထား ပေးရန်လိုကြောင်း ၄င်းက
အကြံပြု သည်။
အချို့သောနိုင်ငံများ၌ ဓာတ်ခွဲခန်းအဖြေ မှားယွင်းပါက တရားစွဲဆိုလေ့ရှိသော်လည်း
မြန်မာနိုင်ငံတွင်မူ သိပ်မရှိသေးကြောင်း ၄င်းက ထပ်လောင်း ပြောသည်။
ဓာတ်ခွဲခန်းတာဝန်ရှိသူများအနေဖြင့် သွေးမစစ်မီ ကြိုတင်ပြင်ဆင်
ထားရမည့်အချက်များနှင့် ရှောင်ရန်ဆောင်ရန် အချက်များကို အသေးစိတ်မှာကြား ရန်လိုကြောင်း၊
ဆီးချိုစစ်မည့်သူကို အစာ မစားခဲ့ရန်၊ အသည်းစစ်မည့်သူကို ၄-၅ ရက် အရက်မသောက်ခဲ့ရန်နှင့်
အကိုက် အခဲပျောက်ဆေးများ မသောက်ရန်၊ သွားဖုံးမကောင်းသူများအား ဆေး မစစ်ခင် ၃ ရက်မှစ၍
သွားမတိုက်ခဲ့ ရန်နှင့် အသားစိမ်း ငါးစိမ်းများ မစားခဲ့ရန် စသည်ဖြင့် အသေးစိတ် မှာကြားမှသာ
ဆေးစစ်ချက်မှန်ကန် မှုကို အထောက်အကူပြုမည်ဟု သိရသည်။
”သွေးယူတဲ့အခါ လူမှန်ဖို့ လည်း လိုတယ်။ ပုလင်းထဲ သွေးကို
အပ်နဲ့ထည့်ရင် သွေးကျဲသွားပြီး ပျက်စီးသွားခဲ့မယ် ဆိုရင် စစ်တဲ့အခါ မှားသွားနိုင်တယ်။
ပုလင်းထဲကို ဖြည်းဖြည်းလေးထည့်ရတယ်။ ဖောက်ပြီးတဲ့သွေးကို ဓာတ်ခွဲခန်းထဲမှာ မိနစ် ၃ဝ
အတွင်း စစ်မှရမယ်။ မစစ်နိုင်ရင် အအေးနဲ့ ထားဖို့ လိုမယ်” ဟု အဆိုပါဆရာဝန်ကြီးက ပြော
သည်။
သင်္ဘောတည်ဆောက်ရေး အင်ဂျင်နီယာကြီးတစ်ဦးက ၄င်းတို့ လုပ်ငန်းတွင်
အသုံးပြုရသော ကိရိယာ အချို့မှာ ဓာတ်ခွဲခန်းကဲ့သို့ အနုစိတ်တိကျရန် လိုအပ်သောကြောင့်
ထုတ်လုပ်သောကုမ္ပဏီမှ အာမခံပေးသော နှစ်ကုန်ဆုံးပါက ကုမ္ပဏီထံပြန်ပို့၍ စစ်ဆေးမှု ခံယူ
ရကြောင်း ဆိုသည်။
”ကျွန်တော်တို့က စင်ကာပူ ကုမ္ပဏီက ဝယ်တယ်။ ဒါကြောင့် အာမခံနှစ်ကုန်ရင်
စင်ကာပူပြန်ပို့ပြီး အစစ်ခံရတယ်။ ပို့ခကုန်ကျစရိတ် ရှိတယ်။ စစ်ဆေးခပေးရတယ်။ စစ်ဆေးပြီးရင်
ကုမ္ပဏီက ဒီကိရိယာကို နောက်ထပ် ဘယ်နှနှစ်အာမ ခံပေးတယ်လို့ ပြောလိုက်တယ်။ သူ တို့ပြောတဲ့
အာမခံ သက်တမ်းအတွင်း တစ်စုံတစ်ရာထိခိုက်မှု မရှိ ဘူးဆိုရင် ၁ဝဝ ရာခိုင်နှုန်းမှန်တယ်။
မမှန်ရင် သူတို့ကို တရားစွဲလို့ ရတယ်” ဟု ဆိုသည်။
ဓာတ်ခွဲခန်းပစ္စည်းများမှာ ယင်းသို့ ပြန်ပို့၍ စစ်ဆေးခြင်းကြောင့်
ကုန်ကျသောစရိတ်ကို မပေးလို၍ သက်တမ်းကုန်သော်လည်း ထပ်မံ မစစ်ဆေးခြင်း ဖြစ်ကြောင်း ဓာတ်ခွဲ
ခန်းဝန်ထမ်းတစ်ဦးက ပြောသည်။
ဓာတ်ခွဲခန်းအဖြေမှားယွင်းပါက တရားစွဲဆိုခြင်း၊ သက်ဆိုင်ရာဌာနမှ ဓာတ်ခွဲခန်းအပြစ်ဟုတ် မဟုတ် စစ်ဆေးပြီး ဓာတ်ခွဲခန်းဘက်မှ မှားယွင်းပါက ထိရောက်စွာအရေး
ယူခြင်းနှင့်မီဒီယာများမှ ရေးသားခြင်းတို့ကို ပြုလုပ်မည် ဆိုပါက ပေါ့တန်သော ဓာတ်ခွဲခန်းများ
ပပျောက်သွားနိုင်သည်ဟု စာရေးဆရာ တစ်ဦးက ပြောသည်။
”တချို့ ဆေးစစ်ဌာနတွေက ဒီနေ့အဖြေက ဒီနေ့အတွက်ပဲဆိုတဲ့ ဆောင်ပုဒ်ကို
လူနာကို ရှင်းပြရမယ်။ ဆိုလိုတာက တချို့အဖြေက အခုမရှိပေမယ့် နောက်နှစ်လနေမှ အဖြေထွက်လာတဲ့ရောဂါမျိုး
ဥပမာ HIVလိုရောဂါမျိုး” ဟု အထက်ပါ ဆရာဝန်ကြီးက ပြောသည်။
ချစ်ဆုဆွေ




