2
Nov

အရွယ်မရောက်သူ မိန်းကလေးများကို ပြည့်တန်ဆာအဖြစ် သိမ်းသွင်းရန် ခေါ်ဆောင်မှုများရှိ



အရွယ်မရောက်သေးသူ မိန်းကလေးများကို ကာမလိမ်လည်
ရယူသည့်အပြင် ပြည့်တန်ဆာ အဖြစ် သိမ်းသွင်းရန် လိမ်လည်ခေါ်ဆောင်မှုလည်း ရှိနေကြောင်း
ဖြစ်စဉ်များအရ သိရသည်။

 

အရွယ်မရောက်သေးသူ မိန်းကလေးများ၏ ကာမကို
လိမ်လည်ရယူခြင်း ခံရသည် ဆိုရာတွင် အချို့မှာ လက်ထပ်ပါမည်ဟုပြော၍ အသက် ၁၆နှစ်
မပြည့်သေးသူ မိန်းကလေးအား ကာမကို ရယူခြင်းနှင့် အချို့မိန်းကလေးငယ်များအား လိမ်လည်ခေါ်ယူကာ
ပြည့်တန်ဆာအဖြစ် သိမ်းသွင်းရန် ဖျားယောင်းခံရခြင်းအချို့ ပါဝင်ခဲ့ကြောင်း သိရသည်။

 

အရွယ်ရောက်ပြီး မိန်းကလေးအချို့ ကာမကို
လိမ်လည်ရယူခြင်း ဆိုရာတွင် ခင်မင်ရင်းနှီးသူ အမျိုးသားများနှင့် အရက်အတူ
ထိုင်သောက်မိရာမှ အရက်မူးနေချိန်တွင် တည်းခိုခန်းသို့ ခေါ်သွားကာ ကာမကို ရယူရန်
ကြံစည်ခြင်းနှင့် ကာမစိတ်ကြွဆေးများ ထည့်ထားသော အစား အသောက်များကို စားသုံးမိရာမှ
ကာမကို ရယူခြင်း ခံရသည့် ဖြစ်စဉ်အချို့လည်း ရှိခဲ့ကြောင်း သိရသည်။

 

၁၃နှစ်ကျော်သာရှိသေးသည့် မိန်းကလေးငယ်တစ်ဦး
ကာမကိုလိမ်လည်ရယူရန် ကြံစည်ခြင်း ခံရမှုတစ်ခု အောက်တိုဘာလအတွင်းက
တောင်ဒဂုံမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ဖြစ်စဉ်နှင့် နီးစပ်ရာ အသိုင်းအဝိုင်းမှ
သိရသည်။

 

ဖြစ်စဉ်တွင် ကာမကို လိမ်လည် ရယူခြင်းခံရသည့်
မိန်းကလေးမှာ အသက် ၁၃နှစ် ၄လ သာရှိသေးပြီး ဒဂုံတောင်မြို့နယ်၊ ----- ၊ ရပ်ကွက်တွင်
နေထိုင်သူဖြစ်ကာ တစ်ရပ်ကွက်တည်း နေသူ အသက် ၁၈နှစ်ရှိ အမျိုးသား တစ်ဦးက
လက်ထပ်ယူပါမည်ဟု ပြောကာ ခေါ်ဆောင်သွားပြီး သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း
သက်ဆိုင်ရာက ကျူးလွန် သူကို အရေးယူခဲ့ရကြောင်း သိရသည်။

 

“မိန်းကလေးဆိုရင် ငယ်ငယ်ကြီးကြီး အုပ်ထိန်းသူက
သတိထား စောင့်ကြည့်နေသင့်တယ်။ ဘယ်ကိုသွားမယ်၊ ဘယ်ကိုလာမယ်ဆိုတာကအစ မိန်းကလေး
အဖေါ်နဲ့ဖြစ်ဖြစ် ဆွေမျိုး သားချင်း ယောက်ျားလေး အဖေါ်နဲ့ဖြစ်ဖြစ် လွှတ်သင့်တယ်။
လိင်ပိုင်းဆိုင်ရာ ပညာပေးမှုတွေ ကိုလည်း နားလည်အောင် ရှင်းပြသွန်သင်
ဆုံးမထားသင့်တယ်။ အရွယ်ရောက်ပြီး မိမိကိုယ်ကို မိမိ ထိန်းသိမ်းနိုင်တဲ့
မိန်းကလေးတွေအထက်စာရင် အရွယ်မရောက်သေးတဲ့ အပျိုဖေါ် ဝင်ကာစ ၁၃နှစ်၊ ၁၄နှစ်၊ ၁၅နှစ်
အဲဒီအရွယ်တွေကို ပိုပြီး သတိထား စောင့်ရှောက်သင့်တယ်” ဟု အငြိမ်းစား အထက်တန်း
ကျောင်းဆရာမ တစ်ဦးက ဆိုပါသည်။

 

ကာမကို လိမ်လည်၍ ပြည့်တန်ဆာအဖြစ် သိမ်းသွင်းရန်
သွေးဆောင်ခြင်း ခံရသည့်ဖြစ်စဉ် တစ်ခုမှာ ယခုနှစ်အတွင်း၌ပင် တာမွေမြို့နယ်
အတွင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်ပွားပုံမှာ မေလ ၁၄ရက် နံနက် ၈နာရီအချိန်တွင်
အသက် ၁၅နှစ်အရွယ် မိန်းကလေးသည် ယင်းနေထိုင်ရာ ဒဂုံတောင်မြို့နယ်၊ ----- ၊
ရပ်ကွက်မှ အဒေါ်ဖြစ်သူထံသွားရန်း နေအိမ်မှ ထွက်ခဲ့ကြောင်း သိရသည်။

 

ဒဂုံမြို့သစ်တောင်ပိုင်း ပြည်ထောင်စုလမ်းမရှိ
သစ်ဆိုင်ကွေ့ ကားမှတ်တိုင်တွင် ကားစောင့် နေစဉ် အသက် ၄၂နှစ်အရွယ်နှင့်
၂၄နှစ်အရွယ်ရှိ ယင်းနှင့် တစ်လမ်းတည်းနေ အမျိုးသမီး တစ်ဦးနှင့် တွေ့ဆုံခဲ့ကြောင်း
ယင်းတို့ နှစ်ဦးလုံးက မြို့ထဲသို့ သွားမည်ဖြစ်၍ လမ်းကြုံကြောင်း ပြောကာ အငှားကားဖြင့်
တာမွေမြို့နယ်၊ ----- လမ်းရှိ နေအိမ်တစ်ခုသို့ ခေါ်ဆောင် သွားခဲ့ကြောင်း  ယင်းနေအိမ်ရှိ အမျိုးသမီး တစ်ဦးထံ
အပ်နှံထားခဲ့ပြီး မိန်းကလေးငယ်အား ခေါ်ဆောင်လာသူ အိမ်နီးချင်း အမျိုးသမီး နှစ်ဦးက
----- လမ်းနေအိမ် အမျိုးသမီးထံမှ ငွေကြေးရယူပြီး ပြန်သွားခဲ့ကြောင်း၊ ----- လမ်းနေအိမ်မှ
အမျိုးသမီးက မိန်းကလေးငယ်အား ယောက်ျားများနှင့် ကာမစပ်ယှက်ရန် သွေးဆောင်
စည်းရုံးခဲ့ကြောင်း သိရသည်။

 

ယင်းက မလုပ်လိုကြောင်း ပြောရာ ပြန်ချင်ပြီဆိုပါက
နားကပ်တစ်ရန် ပေးရမည်ဟု ပြောခဲ့ကြောင်း၊ ထို့ကြောင့် သွေးဆောင်ခံရသည့် မိန်းကလေးက နားကပ်တစ်ရန်
ချွတ်ပေး ခဲ့ရပြီး အိမ်သို့ ပြန်ရောက်စဉ် ဖခင်ဖြစ်သူကိုပြောကာ သက်ဆိုင်ရာတွင်
အမှုဖွင့်ခဲ့ကြောင်း သိရသည်။

 

“ခုဟာက မိန်းမကောင်း ကလေးတွေကိုပါ စည်းရုံးပြီး
ဘဝပျက်အောင် ကြံစည်လာကြတယ်။ ပြည့်တန်ဆာလုပ်ဖို့ လူရောင်းတဲ့ပုံစံပါ လုပ်လာကြတယ်။
အဲဒီနေရာမှာ စိတ်ဓာတ် ခိုင်မာတဲ့ မိန်းကလေးတွေက အချိန်မှီ ထိန်းသိမ်းနိုင်ပေမဲ့
ဘဝအခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့ မိန်းကလေးတွေ အတွက်တော့ ပန်းကောင်း အဘညွှန့်ကျိုး
ဘဝရောက်ဖို့ ပိုလွယ်ကူပါတယ်။”

 

“အခု သက်ဆိုင်ရာကလည်း အဲဒီလို အဖြစ်တွေကို
သိလျင်သိချင်း ထိထိရောက်ရောက် အရေးယူနေပါပြီ။ အုပ်ထိန်းသူတွေ ဘက်ကလည်း မိမိတို့ရဲ့
ကလေးငယ်တွေကို အဲဒီလိုအဖြစ် မျိုးနဲ့ မကြုံရဖို့ ပညာပေးမှုတွေ၊ ဂရုစိုက်
စောင့်ရှောက်မှုတွေ ပြုလုပ်သင့်ပါတယ်” ဟု ဖြစ်စဉ်များအပေါ် မိခင်တစ်ဦးက
သုံးသပ်ပါသည်။

 

အရွယ်ရောက်ပြီး မိန်းကလေးတစ်ဦး ခင်မင်သူ
မိန်းကလေး တစ်ဦးနှင့် ဘီယာအတူ သောက်မိ ရာမှ ကာမကို ကြံစည်ခြင်း ခံရသည့် ဖြစ်ရပ်
အောက်တိုဘာလ ၈ရက်နေ့က သုဝဏ္ဏမြို့နယ်၌ ဖြစ်ပွားခဲ့သည်။

 

ကာမကို ကြံစည်ခြင်းခံရသူ အမျိုးသမီးမှာ
သာကေတမြို့နယ်တွင် နေထိုင်သူ တစ်ဦးဖြစ်ပြီး ယခင် ယင်းနှင့် ခင်မင်ခဲ့ဖူးသူ အသက်
၄၉နှစ်အရွယ် အမျိုးသားနှင့် သုဝဏ္ဏလမ်းဆုံတွင် တွေ့ရှိခဲ့ပြီး အနီးရှိ ဘီယာဆိုင်သို့သွားကာ
ဘီယာ အတူသောက်ခဲ့ကြောင်း သိရသည်။ ဘီယာ မူးလာ၍ မိန်းကလေးက အိမ်သို့ပို့ပေးရန်
ပြောသော်လည်း အမျိုးသားက တစ်နေရာသို့ ခေါ်ဆောင်သွားပြီး ကာမကို ရယူရန်
ကြံစည်ခဲ့သဖြင့် အမျိုးသမီးက ထွက်ပြေးခဲ့ရကြောင်းနှင့် သက်ဆိုင်ရာက အမှုဖွင့်
အရေးယူခဲ့ရကြောင်းသိရသည်။

 

ယခုကဲ့သို့ ဖြစ်စဉ်များအပေါ် ဥပဒေပညာရှင် တစ်ဦးက “အသက်
၁၄နှစ် မပြည့်သေးတဲ့ မိန်းကလေး တစ်ဦးကို ကာမရယူတယ်ဆိုရင် မိန်းကလေးက အလိုတူတယ်
ဆိုရင်တောင် မုဒိမ်းမှု မြောက်ပါတယ်။ အနိုင်အထက်ပြုခြင်းနဲ့ ကာမကို သွေးဆောင်
အကျင့် ပျက်စီးအောင် ဖြစ်စေ အသက် ၁၈နှစ်အောက် မိန်းကလေးတစ်ယောက်ကို အခြားသူ
တစ်ဦးတစ်ယောက်နဲ့ မတရားသဖြင့် ကာမစပ်ယှက်ဖို့ တစ်နေရာသို့ ထွက်သွားစေရန်
သွေးဆောင် ခေါ်ယူရင် အဲဒီသူကို ၁၀အထိ ထောင်ဒါဏ် ချမှတ်နိုင်သလို ငွေဒဏ်လည်း
ချမှတ်နိုင်ပါတယ်။”

 

“အဲဒီလို လုပ်တာကို ကာမပွဲစားအဖြစ်
အရွယ်မရောက်သေးတဲ့ မိန်းကလေးကို ရှာပေးတာလို့ အဓိပ္ပါယ် ဖွင့်လို့ရပါတယ်။ နောက်ပြီး
ပြစ်မှုပုဒ်မ ၃၆၃မှာ လူခိုးမှုကို ကျူးလွန်ရင် ထောင်ဒါဏ် ၇နှစ်အပြင် ငွေဒဏ်လည်း
ချမှတ်လို့ ရတယ်လို့ ဆိုထားပါတယ်။ ဒီလို မိန်းကလေးငယ်တွေကို ကာမနဲ့ ပတ်သက်ပြီး
လိမ်လည် ရယူတာဖြစ်စေ ပြည့်တန်ဆာအဖြစ် သိမ်းသွင်းဖို့ ကြံစည်တာ ဖြစ်စေ
ပြုလုပ်ခဲ့တာတွေနဲ့ မကြုံရဖို့ အုပ်ထိန်းသူတွေက ကြိုတင် ကာကွယ်သင့်တယ်။
ဖြစ်ပေါ်လာရင်လည်း ရှက်ကြောက်မနေဘဲ သက်ဆိုင်ရာကို အကြောင်းကြားပြီး ထိထိ ရောက်ရောက်
အရေးယူသင့်တယ်။ ဒါမှဒီလို ဖြစ်ရပ်မျိုးတွေ လျော့နည်းသွားမှာပါ” ဟုအကြံပြု
ပြောကြားခဲ့သည်။

 

Bi Weekly Eleven ( No-31, Vol-12, Friday October
23 2009)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top