HIV/AIDS ဖြင့်နေထိုင်သူ ကလေးငယ်များအတွက်
လှူဒါန်းရန် “အလင်းပျိုးမယ့်လက်များ” အမည်ရှိ ကဗျာ ရွတ်ဆိုပွဲကို ရန်ကုန်မြို့ အင်းလျားကန်စောင်းရှိ
စိမ်းလမ်းစိုပြေ ဥယျာဉ်တွင် ဒီဇင်ဘာလ ၂၀ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
HIV ဖြင့် နေထိုင်သူ ကလေးများတွက် ကဗျာဆရာ
မောင်ဖုန်းမြင့် ရေးစပ်သော “အနာဂတ်ရှိ/ဖြစ်တယ်” ဟု အမည်ရသည့် ကဗျာအား ကျွန်တော်တို့မိတ်ဆွေမှ ပေးပို့ခဲ့သဖြင့် ဖေါ်ပြပေးလိုက်ပါတယ်။
အနာဂတ် (ရှိ/ ဖြစ်) တယ်
ပေးသမျှယူဆိုလို့
တစ်လောကလုံးစာ ယူလိုက်ရတယ် (ဒုက္ခသက်သက်)
နုပျိုခြင်းတူညီဝတ်စုံတွေဝတ်လို့
သူတို့ ပျော်ရွှင်နေကြ …
သူတို့မှာ အဖေရှိချင်မှရှိမယ်
သူတို့မှာ အမေရှိချင်မှရှိမယ်
သူတို့မှာ ရီမုကွန်ထရိုးနဲ့မောင်းလို့ရတဲ့ ကား ရှိချင်မှရှိမယ်
သူတို့မှာ ငါးကျပ်တန် ချိုချဉ်ရှိချင်မှရှိမယ်
သူတို့မှာ ညအိပ်ယာဝင်ပုံပြင်ရှိချင်မှရှိမယ်
သူတို့မှာ ဗလာစာအုပ်ကောင်းကောင်း ရှိချင်မှရှိမယ်
သူတို့မှာ မနက်ခင်းနို့တစ်ခွက်ရှိချင်မှရှိမယ်
သူတို့လက်ထဲမှာ အနာဂတ်ရှိတယ်
နာကျင်ခြင်းဟာသူတို့ရဲ့လက်ဝဲလက်ယာ လက္ခဏာဖြစ်နေ
မှောင်မိုက်ခြင်းဟာသူတို့ရဲ့ နက္ခတ်ဇာတာဖြစ်နေ သလား
ဘယ်လိုပဲဖြစ်ဖြစ်
ယူလိုက်ကြ
ဒီမှာ ဂီတရှိတယ်
ကဗျာရှိတယ်
ဘာသာရှိတယ်
သာသနာရှိတယ်
ပြင်မပြီး ပြုမပြီးအဖာတစ်ရာ ကမ္ဘာရှိတယ်
ယူလိုက်ကြတော့
မင်းတို့ဟာ ဒုက္ခကိုပြောင်းပြန်လှန်
ကမ္ဘာကိုတစ်ဖန် ပြန်ကယ်ကြပေါ့
အနာဂတ်ဟာ မင်းတို့။
မောင်ဖုန်းမြင့်
ကဗျာ ပို့ပေးတဲ့ ကျွန်တော်တို့ မိတ်ဆွေကို
အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ပါတယ်။
စာကြွင်း - HIV ဖြင့် နေထိုင်သူ ကလေးများအတွက်
ရေးစပ်ထားသော အခြားကဗျာများကို ဖတ်ရှူ့လိုပါက အောက်ပါ အင်တာနက် စာမျက်နှာများသို့ သွားရောက်
ဖတ်ရှူ့နိုင်ပါတယ်။
သုခကြယ် | ဆူလွယ်နှပ်လွယ်သားကောင်
| မှောင်နေတဲ့အလင်း




