ကျွန်တော့်
အကြောင်းတွေကို ဖွင့်ပြောရတဲ့ ရည်ရွယ်ချက် ကတော့ AIDS ရောဂါ မရသေးတဲ့ သူများနဲ့
AIDS ရောဂါ မရှိတဲ့ကိုယ် ဖြစ်ရပါလို၏ ဆိုသူများ အတွက်ပါ။
ကျွန်တော်က
“နာကွန်ဆာဝမ်” မြို့ကလေးကပါ။ ကျွန်တော့် မိဘတွေက တရုတ်ကုန်သည် တွေပါ။ ကျွန်တော် မူလတန်းမှာ
တက်နေတုန်း လန်းပန်းကို မိဘတွေ လုပ်ငန်းနဲ့ ပြောင်းတော့ အတူပါခဲ့ပြီး လန်းပန်း
အလယ်တန်းမှာ ပညာဆက်သင် ခဲ့ပါတယ်။ အလယ်တန်း ဂရိတ် (၃) ရောက်ရင်ပဲ ကျွန်တော်ဟာ
အပေါင်းအသင်း များလာပါရော။ ညပိုင်း ထွက်မယ်။ လျှောက်လည် မယ်ပေါ့။ ဒီတော့ ဆေးလိပ်
သောက်မယ်၊ အရက်၊ ဘီယာ သောက်မယ်၊ လောင်းကစား လုပ်မယ်ပေါ့။ ဒီလိုနဲ့ အလယ်တန်း
နောက်ဆုံး နှစ်မှာပဲ အဖေဟာ ကျွန်တော့်ရဲ့ အကျင့်တွေနဲ့ လောင်းကစား မှုတွေကို
သိသွားပါရော။ ဘယ်နေမလဲဗျာ။ ဆူဟယ်၊ ပူဟယ်တင် မကတော့ဘူး။ ရိုက်ဟယ်၊ နှက်ဟယ်၊
ထိုးဟယ်၊ ကြိတ်ဟယ် ဖြစ်တော့တာပါပဲ။ အဲဒီအချိန်က ကျွန်တော့် အဖေကို
မော်တော်ဆိုင်ကယ် ပူဆာနေတဲ့ ကာလလေ။ ကျွန်တော် ထင်နေတာက အဖေဟာ ကျွန်တော့်ကို
မချစ်ဘူး။
ကျွန်တော့်
အစ်ကိုကို ချစ်တယ်၊ သူကျတော့ မော်တော်ဆိုင်ကယ် ဝယ်ပေးတယ် ပေါ့လေ။
ဒါနဲ့
ကျွန်တော်လည်း နောက်ဆုံးနှစ် စာမေးပွဲ ဖြေအပြီး ကျောင်းမပြီး သေးခင်မှာ အိမ်က
ထွက်ပြေး တော့တာပဲ။ ဘန်ကောက် ကိုပါ။ အိတ်ထဲမှာတော့ ဘတ် (၄၄၀) ပဲပါရဲ့။ ကျွန်တော်ရရာ
အလုပ် ဝင်လုပ်ပါတယ်။ “ဆူမတ်ပရာကန်” က စက်ရုံမှာ လုံခြုံရေး အစောင့်ပေါ့။
ဘယ်ခံနိုင်မလဲ။ အလုပ်က သိပ်ပင်ပန်းတာ။ လဝက်ပဲ အလုပ်ဆင်းပြီး ကျွန်တော် အလုပ်က
ထွက်လိုက် ပါတော့တယ်။ ရသမျှ ငွေလေးနဲ့ “လန်ပန်း” ကို ပြန်ပြေး တာပေါ့လေ။
အဲဒီတုန်းက ကျွန်တော့် အသက် (၁၈) နှစ်ရှိပြီ။
လန်းပန်းက
“ရာဂျက်ဟတ်” သိပ္ပံမှာ ဆက်ပြီး ပညာသင်ခဲ့ ရပြန်ရော။ ကျောင်းသား ပြန်ဖြစ်တော့ ဘာလုပ်
သတဲ့တုန်း။ ရသမျှ မုန့်ဖိုးနဲ့ မထူးလမ်း ပြန်လျှောက် တော့တာပေါ့။ သောက်ဟယ်၊
စားဟယ်၊ ကစားမယ် ပေါ့ဗျာ။ ဒီမှာတင် နောက်ထပ် တစ်မျိုး ချစ်ပြန်တာက “ဆေး” ပါပဲ။
ဟုတ်ပါ့။ စိတ်ကြွဆေး၊ မူးယစ်ဆေး။ ကြာကြာ မခံပါဘူး။ ကျောင်းက ဆရာတွေ မိသွားလို့
ကျွန်တော့် မိဘဆီ တိုင်စာ ပို့ရာမှာ ကျွန်တော့်ကို အဖေတို့ အမေတို့က
ကျောင်းထုတ်ပစ် လိုက်တော့ တာပေါ့။ မိဘနဲ့ အကြီးအကျယ် ရန်ဖြစ် ရတာပေါ့လေ။
ပြီးတော့“ဘန်ကောက်” ကို ပြန်ပြေး တော့တာပါပဲ။
ဘန်ကောက်
ရောက်တော့ “စီလွန်” လမ်းက ဟိုတယ်တစ်ခုမှာ လက်ထောက် စားဖိုမှူး ဝင်လုပ်ပါတယ်။
ဆေးလား... ဆက်သုံး တာပေါ့ဗျာ။ ဒါပေမဲ့ အဲဒီမှာလည်း လေးလပဲ ခံတယ်။ နောက် အလုပ်တစ်ခု
ပြောင်းပြန်ရော။ “ပတ်ပေါင်” လမ်းမှာရှိတဲ့ “ကေ” အရက်ဆိုင်မှာ ကောင်တာ ထိုင်တဲ့ အလုပ်
ရတာကိုး။ အဲဒီဘားမှာ ကောင်တာ ထိုင်ရင်းနဲ့ ဘားရဲ့ လူပြပွဲတွေနဲ့ နီးစပ် ပြန်ပါတယ်။
ဒါနဲ့ ကျွန်တော် “ကေ” ဘားက ထွက်ပြီး တခြား ဘားတစ်ခုပြောင်း ကိုယ်တိုင် လူပြပွဲ လုပ်တော့တာ။
ပါဖော့မင့် ဆိုပါတော့ဗျာ။
တစ်နေ့တော့
“ပါဖောမင့်” တစ်ပွဲကို ဘတ် (၁၅၀) နဲ့ ဘားနှစ်ခု၊ ဘားတစ်ခုစီမှာ တစ်နေ့ သုံးပွဲ ပြရတဲ့
အလုပ်နဲ့ တိုးပါရော။ ဟန်ကျ တာပေါ့ဗျာ။ တစ်နေ့ ဘတ် (၁၅၀၀) ဆိုတဲ့ ဝင်ငွေ
နည်းတာမှတ်လို့။
ဒီမှာတင်
ကျွန်တော် ပထမ မိန်းမနဲ့ ညားတော့တာပဲ။ သူကလည်း လူပြပွဲ လုပ်နေတာကိုး။
နှစ်ယောက်ပေါင်း ဝင်ငွေက မနည်းဘူးပေါ့။ နှစ်ယောက်ပေါင်း သောင်းကျော်ဆို ရမလို ပေါ့လေ။
စိတ်ကူးသစ်တွေ ရလိုက် ကြပါရော။
အဲဒီပြပွဲက
တစ်ပွဲကို နှစ်ယောက်ပေါင်း ဘတ် (၅၀၀) ရတယ်။ ဒီတော့ တစ်နေ့ ခြောက်ပွဲ ဆိုရင်ပဲ
တစ်နေ့ ဘတ် (၃၀၀၀) ဗျ။ ဒီလိုနဲ့ပဲ ကျွန်တော့်မိန်းမ ကိုယ်ဝန် ရှိလာပါရော။
ကျွန်တော်ကလည်း ဆေးမပြတ် နိုင်ဘူးလေ။ နောက်ဆုံးတော့ ဆေးနဲ့ ပတ်သက်တာတွေ ဖြတ်တောက်
လိုက်ပါတယ်။
ဒါပေမဲ့
နှစ်လလောက်လည်း ပြတ်ရော ကျွန်တော့် မိန်းမလည်း အက်စီးဒင့် တစ်ခုနဲ့ သေတာပါပဲ။
ကျွန်တော့်မှာလည်း ကိုယ်ဝန် လေးလနဲ့ ဆုံးပါးရှာတဲ့ ဇနီးအတွက် အတော်ကြီးခံစား လိုက်ရပါတယ်။
ဘာမှ လုပ်ချင် ကိုင်ချင် စိတ်လည်း မရှိတော့ဘူး။
ကျွန်တော့်မိန်းမ
ဆုံးပြီးနောက် ကျွန်တော့်ဘဝလည်း ဟာလာ ဟင်းလင်းကြီး ဖြစ်သွားပါတယ်။ နှလုံးသားဆိုတာ
အလုပ်မလုပ်တော့ သလိုပဲ။ ဒီတော့ ဘာပြန်ဖြစ် လာသလဲ။ ဟုတ်ပါ့။ အရင်ကိစ္စ တွေပဲပေါ့။
ဆေးပြန်သုံးတယ်။ ဆေးခြောက်တောင် ရောင်းလိုက် ပါသေးတယ်။ ဒီတော့ မအူမလည် ကောင်ကို ပုလိပ်
ဖမ်းမိတော့ တာပေါ့။ ဒီတော့လည်း ကျွန်တော့်ကို အချုပ်ခန်းကနေ အာမခံနဲ့ ပြန်ထုတ် ပေးတာက
“အမေ” ဖြစ်နေပြန်ရော။ ဒီလိုနဲ့ မိသားစုနဲ့အတူ လန်းပန်းမှာ နှစ်လ သုံးလ ပြန်နေရင်း
“စုကီယာကီ” စားသောက်ဆိုင်မှာ မန်နေဂျာ အလုပ် ရပြန်တယ်။ ဒါပေမဲ့ ဆုံလည်နွားလို
ပါပဲလေ။ ဆေးပြန်ရောင်းတယ်။ ပုလိပ်က ပြန်ဖမ်းတယ်။ အမေက အာမခံနဲ့ ပြန်ထုတ်တယ်။
ထူးခြားတာက
အဲဒီအတောအတွင်း ကျွန်တော့် အတွေးအခေါ် ပြောင်းလဲ လာတာပါပဲ။ “လောကမှာ မိဘလောက်
ချစ်တဲ့သူ မရှိဘူး” လို့။ ဒီအခါ သားသမီးကောင်း ဖြစ်ဖို့ ကျွန်တော် ကြိုးစား ပါတော့တယ်။
ဒီလိုနဲ့ နောက်မိန်းမ ထပ်ရပြီး မိသားစု အရေးကို လေးစား တတ်လာတယ်။ အစပိုင်းတော့
ပျော်ရွှင်တဲ့ မိသားစုနဲ့ ဘဝ သာယာစိုပြည် နေတာပေါ့လေ။ သားတစ်ယောက်တောင် ရခဲ့ပေါ့။
ဒါပေမဲ့ ကျွန်တော့်မှာ HIV ပိုးက ဘယ်နှယ်က စွဲလာတယ်ဆိုတာ မသိပါဘူး။ ကူးမယ် ဆိုရင်တော့
နည်းလမ်း ပေါင်းစုံကပါပဲ။ ကျွန်တော်ကလည်း စုံတကာ စေ့ခဲ့တဲ့သူ မဟုတ်လား။
ဘာပဲဖြစ်ဖြစ် ဝမ်းနည်းကြေကွဲ နောင်တ ရနေရုံနဲ့က မပြီးသေးဘူးလေ။ ဆယ်နှစ်အရွယ်
ရောက်နေပြီ ဖြစ်တဲ့ သားလေးရဲ့ နောင်ရေးကလည်း ရှိသေးတယ် မဟုတ်လား။
သူ့နောင်ရေး
အတွက် ပိုက်ဆံတွေလည်း စုရဦးမယ်လေဗျာ .....။
သုမောင်
- ကျေးဇူးပဲ
AIDS




