HIV ပိုးရှိ နေတဲ့ သူတွေထဲမှာ လက်ရှိအလုပ်လုပ်နေကြတဲ့ သူတွေ အများကြီးပါပါတယ်။ HIV ပိုးကိုယ့်မှာ ရှိနေပြီလို့ သိထားပြီဆိုရင် အလုပ်ထွက်လိုက်ရမလား။ ဆက်ပြီး အလုပ်လုပ်သင့် သလား။ ကိုယ့်အလုပ်က လုပ်ဖော်ကိုင်ဖက်တွေကကော ကိုယ့်ကို ဖေးဖေးမမ ရှိမယ်လို့ထင်လား။ အထက် အရာရှိကရော နားလည်ပေးနိုင်မလား။ ကိုယ့်မှာ ဒီရောဂါပိုး ရှိနေပြီ ဆိုတာကို အလုပ်မှာ ပြောမြထားဖို့ လိုနိုင်လား။ ဒါတွေက မေးလာစရာရှိတဲ့ မေးခွန်းတွေပါပဲ။
အဖြစ်အပျက် - ၁
ဦးမင်းထွန်းသည် အသက် (၄၅) နှစ်ခန့်ရှိသော စက်ရုံ အလုပ်သမားတစ်ဦး ဖြစ်ပါသည်။ လွန်ခဲ့သော ၂ နှစ်က သူ့တွင် HIV ပိုး ရှိနေကြောင်း သိခဲ့ရပါသည်။
"ကျွန်တော့် အနေနဲ့ အလုပ်က ထွက်လိုက်ရမှာကို စိုးရိမ်တယ်။ စက်ရုံက တခြားလူတွေကိုလဲ ကျွန်တော့်ရောဂါက မကူးနိုင်ပါဘူး။ အလုပ်က အနားယူလိုက်တာနဲ့ 'လား' ပင်စင် ပေးလိုက်သလို ဖြစ်သွားမှာပါ။ ခင်များ "လား" ပင်စင်ဆိုတာ ကြားဖူးလား။ အင်္ဂလိပ်ခေတ်က စစ်တပ်တွေမှာ သူတို့အတွက်ဆက်အလုပ်လုပ် မပေးနိုင်တော့တဲ့ လားတွေဆိုရင် တခါတည်း သတ်ပစ်လိုကတာ။ ကျွန်တော်လည်း နားလိုက်တာနဲ့ လား ပင်စင် ရသလို ဖြစ်သွားမှာ။ ကျွန်တော် ဒီအလုပ်လုပ်နေတဲ့ နှစ် ၂၀ ကျော်နေပြီ။ သံယောဇဉ်လည်း ဖြစ်နေ တာပေါ့။ အလုပ်က ထွက်လိုက်ရတာနဲ့ နေမကောင်း ဖြစ်တော့မှာ။ ကျွန်တော့်ကိုယ် ကျွန်တော်သိတယ်။ အရင်ကတည်းက ၄၊ ၅ ရက်လောက် အလုပ်က နားရရင်ကို နေမကောင်း ချင်သလိုပဲ။ အလုပ်က အကောင်းဆုံး အဖော်ပါပဲဗျာ။
ဦးမင်းထွန်းလို စိတ်မျိုးရှိတဲ့ သူတွေအများကြိးကို တွေ့ရပါတယ်။ HIV ပိုးဟာ အတူတူ အလုပ်လုပ်ရင်းနဲ့ ကူးသွားနိုင်တဲ့ ရောဂါမျိုး မဟုတ်ဘူးဆိုတာ ရောဂါပိုးရှိသူနဲ့ အတူအလုပ် လုပ်နေတဲ့ သူတွေအနေနဲ့ သေချာနားလည်ထားမယ်ဆိုရင် သူတို့ ရှေ့ဆက်အလုပ် လုပ်ဖို့ သိပ်မခဲယဉ်းနိုင်ပါဘူး။ အလုပ်လုပ်နေတဲ့ သူတွေ အနေနဲ့ ကိုယ့်မှာ ရောဂါပိုး ရှိနေတယ် ဆိုရင် မေးစရာ မေးခွန်းလေးတွေ ရှိလာပါတယ်။
၁။ အလုပ်ဆက်လုပ်သင့်သလား
ကျန်းမာနေတယ်၊ အလုပ်ဆက်လုပ်နိုင်သေးတယ်ဆိုရင် အလုပ်ဆက်လုပ်ဖို့ စဉ်းစားသင့်ပါတယ်။ လူတော်တော်များများဟာ HIV/ AIDS ရောဂါရဲ့ သဘာဝကို မှားယွင်းစွာ နားလည် ထားတတ်ကြပါတယ်။ ကျန်းမာအောင် အိမ်မှာပဲ အနားယူသင့်တယ်။ အလုပ်ဆက်မလုပ်သင့်ဘူးလို့ ထင်ထားတတ်ကြပါတယ်။ ကိုယ်ခံအားနည်းတာကို အခွင့်ကောင်းယူပြီး ဝင်လာတဲ့ ကူးစက်ရောဂါတွေကြောင့် ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားနေရတယ်ဆိုရင်တော့ အလုပ်မလုပ်တော့ပဲ အိမ်မှာ အနားယူသင့်ပါတယ်။ ရောဂါပိုးရှိနေရုံ ရှိနေပြိး ကိုယ်ခံအားလည်း ရှိနေသေးတယ်။ ကျန်းမာပြီး ဘာလက္ခဏာမှ မပြတဲ့ သူတွေ အနေနဲ့တော့ အလုပ်က ထွက်လိုက်ဖို့ မလိုအပ်ဘူး။
၂။ ကိုယ့်မှာ ရောဂါရှိနေတာကို အလုပ်ခွင်က တစ်ယောက်ယောက်ကို ပြောသင့်သလား။
ကိုယ့်ရောဂါ အကြောင်းကို ပြောသင့်မပြောသင့်က ကိုယ်ပိုင်အခွင့်အရေးပါ။ ကိုယ်ပြောလိုက်ခြင်းအားဖြင့် ဘာအကျိုးရှိနိုင်သလဲ၊ အကျိုးဆက်တွေကို အရင်စဉ်းစားကြည့်ပါ။ အလုပ်က လုပ်ဖော်ကိုဖက်၊ အလုပ်ရှင်၊ အထက်အရာရှိတို့ကရော ကိုယ့်အပေါ် နားလည်းပေးမှာ သေချာရဲ့လား။ ပြောဖို့လိုမယ်လို့ရော ထင်ပါသလား။ ဖွင့်ပြောလိုက်လို့ သူတို့က ကိုယ့်အပေါ် ခွဲခြားဆက်ဆံတာ၊ နှီမ်တာမျိုးတွေ မရှိမှာရော သေချာရဲ့လား။ ခွဲခြားဆက်ဆံလာမယ်၊ ကိုယ့်အကြောင်းကို စကားတင်း ဆိုကြမယ်ဆိုရင်ကော ရင်ဆိုင်နိုင်မလား။ တကယ်တော့ အလုပ်မှာ ကိုယ့်ရောဂါ အခြေအနေကိုပြောလို့ အကျိုးမရှိဘူးဆိုရင် ပြောဖို့မလိုအပ်ဖူးလို့ ထင်ပါတယ်။
၃။ နေထိုင်မကောင်းရင် ဖြစ်လာရင်ကော။
နေမကောင်းဖြစ်ရင်တော့ ဆေးခွင့် မကြာမကြာ ယူရမှာပါ။ အလုပ်က လူတွေကလည်း ဘာဖြစ်လို့ ခဏခဏ နေမကောင်း ဖြစ်နေသလဲဆိုပြီး ကိုယ့်ကျန်းမာရေး အခြေအနေကို စိတ်ဝင်စားလာနိုင်ပါတယ်။ နေပြန်ကောင်းလာလို့ အလုပ်ပြန်ဆင်းနိုင်ရင်တော့ အလုပ်ရှင်အနေနဲ့ အဆင်ပြောသွားမှာပါ။ နေကောင်းလာရင် ပြန်အလုပ်ဆင်းပါ။ နေကောင်းနေ ချိန်မှာ သာမန်လူတွေလိုပဲ အလုပ်လုပ်နေတာ အကောင်းဆုံးပါပဲ။ အလုပ်လုပ်နေရတဲ့ အတွက် စိတ်က ဟိုဒီ လျောက်တွေးနေဖို့ အချိန်မရှိတော့ဘူး။ ပတ်ဝန်းကျင်နဲ့ ထိစပ်ခွင့် ရနေတော့ ကိုယ့်ရောဂါ အကြောင်းကို စဉ်းစားမနေဖြစ်တော့ပါဘူး။ အလုပ် လုပ်နေတော့ ဝင်ငွေလည်း ရှိနေမယ်။
၎။ စိတ်ဖိစီးမှုရှိနိုင်လား။
မကြာခဏ နာမကျန်းခွင့်ယူရပါများလာတော့ အလုပ်ရှင်ကို အားနာလာတယ်။ အလုပ်ထွက်ပစ်ချင်စိတ် ပေါက်လာတယ်။ အလုပ်ခွင်က အလုပ်ဖော် ကိုက်ဖက်တွေကလည်း ကိုယ်ခဏခဏ ခွင့်ယူနေတာကို ကြည့်ပြီး ကိုယ့်ကျန်းမာရေး အခြေအနေကို စူးစမ်းလေ့လာကြပြီ ဆိုပါတော့၊ ဒီလိုအခြေ အနေမျိုးမှာတော့ ကိုယ်ယုံကြည်ထားရတဲ့ အထက်အရာရှိ၊ အလုပ်ရှင်၊ မန်နေဂျာ တစ်ဦးဦးရှိရင် သူ့ကို ကိုယ်ဖြစ်နေတာတွေကို ရင်ဖွင့်ပြောပြဖို့ အချိန်တန်ပါပြီ။ သူ့အနေနဲ့ နဲနဲသက်သာမဲ့ အလုပ်ရှာပြီး ပြောင်းပေးတာမျိုး၊ အလုပ်ချိန် ပြောင်းပေးတာမျိုးတွေ လုပ်ပေးနိုင်မှာပါ။ သင့်အထက်က တဦးဦးက ကိုယ့်အခြေအနေကို သိထားပြီဆိုရင်တော့ အခြေအနေကို ကိုင်တွယ် ဖြေရှင်းရတာ လွယ်သွားမှာပါ။ မန်နေဂျာ တစ်ဦး၇ဲ့ တာဝန်တွေထဲမျာ ဒီလိုပြဿနာ မျိုးတွေကို ကိုင်တွယ်ဖြေရှင်းပေးဖို့ ဆိုတာလည်း ပါပါတယ်။ HIV/AIDS ရောဂါနဲ့ ပတ်သက်ပြီး ဝန်ထမ်းတွေကို ပညာပေးဖို့လည်း သူ့အနေနဲ့ စီစဉ်ပေးနိုင်ပါတယ်။
အထက်ပါ မေးခွန်းတွေကို မေးကြည့်ပြီး ကိုယ့်ဘာသာ ပြန်ဖြေကြည့်မယ်ဆိုရင်တော့ အလုပ်ဆက်လုပ်သင့်၊ မလုပ်သင့် ဆိုတဲ့ အဖြေကို စဉ်းစားတွေးတောလို့ ရလာမှာပါ။
ပင်လယ်ပြာပြာ - "အလုပ်ဆက်လုပ်သင့်သလား" မှ ပြန်လည် ရေးသားတင်ပြပေးလိုက်တာ ဖြစ်ပါတယ်.......




