10
Jun

အလုပ်ဗန်းပြပြီး ပြည့်တန်ဆာအဖြစ် သွတ်သွင်းမှုများရှိ




သီရိမင်္ဂလာဈေး၊
သိမ်ကြီးဈေး၊ ယုဇန ပလာဇာ စသည့် ဈေးတို့တွင် ဆိုင်အကူ အလုပ်ပေးမည်ဟု လိမ်လည်ခေါ်ယူကာ
ပြည့်တန်ဆာလုပ်ငန်း၌ သွတ်သွင်းမှုများ ရှိနေကြောင်း ကာယကံရှင်များထံမှ စုံစမ်းသိရသည်။

မကြာသေးခင်ကမှ ရန်ကုန် သိမ်ကြီးဈေး ဒီရုံ အပေါ်ထပ် အင်ပါယာ နိုက်ကလပ်တွင် ပြည့်တန်ဆာအဖြစ်
သွတ်သွင်း လုပ်ကိုင်ခံရသူ အသက် (၂၀) ကျော်အရွယ် မိန်းကလေးတဦးက “ကျမက အိမ်ထောင်ပျက်ထားတဲ့
ကလေးတယောက် အမေပါ။ မြောက်ဥက္ကလာမှာ နေပါတယ်။ အရင်က အထည်ချုပ် စက်ရုံတခုမှာ လုပ်ဖူးပေမယ့်
နောက်ပိုင်း အလုပ်က အဖြုတ်ခံရတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ပွဲစားတယောက်ကတဆင့် အိမ်ကို
အမျိုးသမီးကြီး တယောက်လာတယ်။ သီရိမင်္ဂလာဈေးမှာ အလုပ်ရမယ်၊ ဆိုင်အကူ၊ ညအိပ်ညနေ သူ့အိမ်မှာ
လိုက်နေရမယ်၊ အိမ်ကို ကြိုတင်ငွေလည်း ပေးခဲ့မယ် ဆိုတာနဲ့ လုပ်ဖို့ လက်ခံလိုက်တာ။ အိမ်ကို
သူက ကြိုတင်ငွေ (၂) သောင်းပေးခဲ့တယ်။ နောက် စမ်းချောင်းက သူငှားထားတဲ့ တိုက်ခန်းရောက်မှ
ကျမလို မိန်းကလေးတွေ ပြည့်တန်ဆာ လုပ်နေကြတာ တွေ့ရတယ်။ သူတို့ အဓိက အလုပ်ဆင်းတာ သိမ်ကြီးဈေး
ဒီရုံ အပေါ်ထပ်က အင်ပါယာ နိုက်ကလပ်မှာ၊ ပြည့်တန်ဆာထိန်း အဲဒီ အမျိုးသမီးကတော့ ပြောပါတယ်။
မလုပ်ချင်ရင် ပြန်သွားလို့ရတယ်တဲ့။ ဒါပေမယ့် သူပေးခဲ့တဲ့ ငွေ (၂) သောင်း၊ လူရှာပေးတဲ့
ပွဲစား (၂) ယောက်ကို ပေးခဲ့တဲ့ ငွေ (၃) သောင်း စုစုပေါင်း (၅) သောင်းတော့ ပြန်ဆပ်ပေးရမယ်လို့
ပြောတယ်။ ဒါနဲ့ ကျမလည်း ငွေပြန်ဆပ်ရ ခက်ခဲတာနဲ့ သူပြောသလိုပဲ လုပ်လိုက်တော့တယ်” ဟု
ပြောသည်။

အဆိုပါ
နိုက်ကလပ်တွင် အလုပ်လုပ်နေသူ ပြည့်တန်ဆာ အများစုသည် ဈေးရောင်း၊ ဆိုင်အကူ အလုပ်ရမည်ဆိုပြီး
သိမ်းသွင်းခံခဲ့ရသူများဖြစ်ပြီး ဆင်းရဲလွန်းသဖြင့် မငြင်းသာတော့ဘဲ ပြည့်တန်ဆာများ ဖြစ်သွားကြကြောင်း၊
မလုပ်နိုင်သဖြင့် ပြန်သွားသူမှာ အလွန်နည်းကြောင်း အဆိုပါ မိန်းကလေးက ပြောသည်။

အဆိုပါ
နိုက်ကလပ်မှ ပြည့်တန်ဆာ မိန်းကလေး အများစုသည် အသက် (၂၀) အောက်နှင့် (၂၀) အထက် ဆင်းရဲသည့်
မိန်းကလေးများ ဖြစ်ကြပြီး ၎င်းတို့အနေဖြင့် အဖော်များနှင့် လိုက်ပါရန် အုပ်ထိန်းသူ အမျိုးသမီးကြီးနှင့်
နိုက်ကလပ် ဝန်ထမ်းများက ဆောင်ရွက်ပေးကြသည်။

မိန်းကလေးတဦးလျှင် တည ခေါ်သွားခ ကျပ် (၁၀,၀၀၀) မှ (၃၀,၀၀၀) အထိ ဈေးအမျိုးမျိုးရှိပြီး
ငွေကို အဆိုပါ အမျိုးသမီးကြီးက တခါတည်း လက်ခံရယူကြောင်း၊ ပြည့်တန်ဆာ မိန်းကလေးတဦးသည်
ဖောက်သည်တဦးထံမှ ငွေကျပ် (၁၀,၀၀၀) ရရှိပါက (၅,၀၀၀) ကို အထိန်း အမျိုးသမီးကြီးက ယူပြီး
နိုက်ကလပ် ဝန်ထမ်းကို ကျပ် (၁,၀၀၀) ခန့် ပေးရကြောင်း သိရသည်။

အဆိုပါ
နိုက်ကလပ်နည်းတူ သိမ်ကြီးဈေး စီရုံအပေါ်ထပ်မှ နိုက်ကလပ်၊ မင်္ဂလာဈေးဝင်း မင်္ဂလာမွန်ဈေး
အပေါ်ထပ်မှ ဂျေဂျေနှင့် နိုက်ကလပ်များ၊ ကာရာအိုကေ ခန်းများ၊ တာမွေ မှ ဒီဂျေ ကလပ်များသည်လည်း
ပြည့်တန်ဆာများဖြင့် စည်ကားရာ ဈေးတန်းသဖွယ် ဖြစ်နေသည့်အပြင် အနော်ရထာလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်၊
အနော်ရထာလမ်းပေါ်မှ လသာ ကုန်ဈေးတန်းလမ်းထိပ် ညလုံးပေါက်ဖွင့် လက်ဖက်ရည်ဆိုင်တို့သည်လည်း
ပြည့်တန်ဆာ ဈေးကွက်များ ဖြစ်ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်
အောက်ခြေ လူတန်းစား ပြည်သူများ ဆင်းရဲတွင်း ပိုနက်လာခြင်း၊ ရဲနှင့် အာဏာပိုင် အဖွဲ့အစည်းများ
အကျင့်ပျက် လာဘ်စားခြင်း၊ စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးသမားများ အာဏာပိုင်တို့၏
အကာအကွယ်ယူပြီး နိုက်ကလပ်နှင့် ကာရာအိုကေ ဘားများကို စီးပွားဖြစ် ပိုမို ဖွင့်လှစ်
လာကြခြင်းတို့သည် ပြည့်တန်ဆာ ပေါများလာစေခြင်း၏ အကြောင်းရင်း ဖြစ်ကြောင်း ရန်ကုန်မြို့ခံများက
ပြောသည်။





မျိုးဝင်းဇော်



ခေတ်ပြိုင် - အလုပ်ဗန်းပြပြီး
ပြည့်တန်ဆာအဖြစ် သွတ်သွင်းမှုများရှိ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top