ပြောင်းရွေ့အလုပ်သမားများ
အလုပ်လုပ်သည့် ထိုင်းနိုင်ငံ ကန်ချနပူရီ ခရိုင်ရှိ VITA FOOD ဗီတာသစ်သီးစုံ စက်ရုံတွင်
ရောဂါရှာဖွေ စစ်ဆေးမှုအရ HIV/AIDS ဖြစ်ပွားမှုမှာ ၃ ရာခိုင်နှုန်း ရှိသည်ဟု ပတ်ထနာရပ်
ဖောင်ဒေရှင်း (Pattanarak Foundation) က ပြောသည်။
ပတ်ထနာရပ်
ဖောင်ဒေရှင်းအဖွဲ့သည် ဇူလိုင်လ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကန်ချနပူရီခရိုင် ထားမကာမြို့
(Tahmaka District) ရှိ VITA FOOD ဗီတာစက်ရုံမှာ အလုပ်လုပ်နေသော ရွေ့ပြောင်း အလုပ်သမားများကို
ဆေးစစ်ခဲ့ရာ HIV ရောဂါဖြစ်ပွားမှု များနေသည်ဟု ပတ္ထနာရပ်မှ ကွင်းဆင်း စစ်ဆေးမှု အဖွဲ့တွင်
ပါဝင်ခဲ့သူ စောအဘွယ်က ပြောသည်။
ရောဂါ
ကူးစက်ပြန့်နှံ့ များရခြင်းမှာ ရွေ့ပြောင်းအလုပ်သမား တွေကြား HIV/AIDS နှင့် ပတ်သက်သည့်
ဗဟုသုတနည်းပါးခြင်း၊ ပညာပေးမှု နည်းပါးခြင်း၊ လိင်အကြမ်းဖက်မှုများခြင်း၊ လိင်ဆက်ဆံမှုတွင်
ကွန်ဒုံး အသုံးပြုခြင်း မရှိသည့်အတွက် ရောဂါကူးစက်ပြန့်နှံ့မှု များသည်ဟု ပတ်ထနာရပ်မှ
ရောဂါစစ်ဆေးသူက ပြောသည်။
“VITA
FOOD စက်ရုံများမှာ မြန်မာအလုပ်သမား ၁၅၀၀၀ လောက် ရှိတယ်။ အလုပ်သမား (၈၁၀၀) က အလုပ်လုပ်ခွင့်
လက်မှတ်ရှိတယ်။ အခုလောလောဆယ် လူ ၃၀၀ ကို ဆေးစစ်ကြည့်တာ ရောဂါရှိသူ (ပေါ့စတစ်) က ၉ ယောက်တွေ့ရတော့
(၃) ရာခိုင်နှုန်း ဖြစ်နေတယ်၊ ရောဂါဖြစ်ပွားမှု မြင့်နေတယ်” ဟု စောအဘွယ်က ပြောသည်။
ဆေးစစ်ခံသည့်
အလုပ်သမား သုံးရာထဲတွင် HIV ပိုး ကူးစက်ခံအဆင့် (နက်ကတစ်) ၁၀ ယောက်ကျော် ရှိနေကြောင်း
ဆေးစစ်ရန် ကျန်ရှိသည့် အလုပ်သမားများကို ဆက်လက် ဆေးစစ်သွားဦးမည်ဟု စောအဘွယ်က ပြောပါသည်။
ယခုရောဂါ ဖြစ်နေသူ ၉ ဦး ထဲတွင် အမျိုးသမီး ၅ ဦး ပါဝင်နေသည်။
“အလုပ်သမားများကို
ဆေးစစ်ရဖို့ စက်ရုံက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီးမှ ဆေးစစ်နိုင်တယ်၊ တချို့အလုပ်သမားတွေ
ဆေးစစ်ရမှာ ကြောက်ပြီး ဆေးစစ် မခံတာလည်း ရှိတယ်၊ ဒါပေမယ့် ဆေးမစစ်ရင် အလုပ်ထုတ်မယ်လို့
စက်ရုံ တာဝန်ရှိသူက ပြောမှ စစ်ကြတယ်” ဟု ပတ်ထနာရပ် ဖောင်ဒေရှင်းနှင့် အတူ လိုက်ပါဆောင်ရွက်နေသော
Phamit 2 ပရိုဂရမ် (ရွေ့ပြောင်း အလုပ်သမားများ အကြား HIV/AIDS တားဆီး ကာကွယ်ရေး) အဖွဲ့ဝင်
နော်ထူးက ပြောသည်။
ရောဂါ
ကူးစက်ခံရသူတွေကို ဆေးကုသမှု ခံယူနိုင်ရန် ARV ဆေး စားသုံးနိုင်ရန်အတွက် ပတ္ထနာရပ် အနေဖြင့်
ထိုင်းနိုင်ငံ ကန်ချနပူရီ ကျန်းမာရေးအဖွဲ့ကိုလည်း ဆက်လက်တင်ပြ ပေးသွားမည်ဟု စောအဘွယ်က
ပြောသည်။
“ဒါ့အပြင်
ပတ္ထနာရပ်အဖွဲ့က HIV ရောဂါရှာဖွေ ကာကွယ်ရေး လုပ်ငန်းတွေကို ပထမဦးစားပေး အဖြစ် ဆောင်ရွက်
နေသလိုပဲ ကာလသားရောဂါ ရှာဖွေ ကာကွယ်ရေးကိုလည်း ဒုတိယ ဦးစားပေးအဖြစ် ရှာဖွေ ဆေးစစ်မှုတွေ
လုပ်ဆောင်ပေးနေတယ်” ဟု Phamit 2 ပရိုဂရမ် တာဝန်ခံက ပြောသည်။
ကန်ချနပူရီခရိုင်၊
အူပွန်ရပ်ဌာနီ ခရိုင် (Ubon Ratchantani) နှင့် ကာလာစီခရိုင် (Kalasin) တို့မှ ရွေ့ပြောင်း
အလုပ်သမားများကို ဆေးစစ်မှုများ ပြုလုပ်ခဲ့ရာမှာ ကာလသားရောဂါ (ဆစ်ပလစ်ရောဂါ) ဖြစ်ပွားနေသူပေါင်း
(၁၁၀၀၀) ကျော် ရှိနေသည်ဟုလည်း စောအဘွယ်က ပြောသည်။
ပတ္ထနာရပ်သည်
နယ်စပ်ဒေသရှိ ရွေ့ပြောင်းအလုပ်သမားများကို HIV/AIDS နှင့် ကာလသားရောဂါ ခံစားနေရသူများကို
ကူညီ စောင့်ရှောက် ပေးနေသည့်အပြင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ရိုးရာဓလေ့များကို
ကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်ရန်အတွက်
Phamit 2 ပရိုဂရမ်နှင့် အခြားသော အစိုးရမဟုတ်သည့် အဖွဲ့ဝင်များနှင့် ပူးပေါင်း လုပ်ဆောင်သော
အဖွဲ့ဖြစ်သည်။
မင်းတော်လဝီ
July 29th, 2010
လွတ်လပ်သော
မွန်သတင်းအေဂျင်စီ - အလုပ်သမားများကြား HIV/AIDS ကူးစက်နှုန်း ၃ ရာခိုင်နှုန်းရှိဟု
Pattanarak ပြော




