STDs
လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေကို ဆေးပညာမှာ Sexually
Transmitted Diseases (STDs)လို့
အခု ခေါ်ပါတယ်။ အရင်ကတော့ Venereal Diseases (VD)လို့ ခေါ်ခဲ့တယ်။ ကျွန်တော်တို့ ဆီမှာလဲ အရင်က “ကာလသားရောဂါ” လို့ ခေါ်ခဲ့ပြီး၊ ရောဂါတိုက်ဖျက်ရေး ဌာနတောင် ဒီနာမယ်နဲ့
လုပ်ခဲ့ပါသေးတာ။
“ကာလသား” ဆိုတာ လူပျိုပေါက်ထက် ကြီးပြီး၊ များသောအားဖြင့်
အိမ်ထောင်လဲ မကျသေးတဲ့ ယောက်ျားသား လူရွယ်တွေကို ခေါ်တာပါ။ တောရွာတွေမှာ“ကာလသားခေါင်း” ဆိုတာ ရပ်ရေးရွာရေး၊ လူမှုရေးကိစ္စတွေမှာ စေတနာနဲ့
(ဗော်လန်တီယာ) လုပ်နေသူတွေရဲ့ ခေါင်းဆောင်ကို ခေါ်တယ်။
အမိန့်နာခံသူကိုရွေးတာ၊ အထက်လူကြီးကို လာဘ်ထိုးနိုင်လို့ ခန့်တာမျိုး မဟုတ်ဘူး။
ရွာသားတွေက နှစ်လိုသဘောကျသူကိုသာ ရွေးတာ။ အင်မတန်
ချစ်ဘို့ကောင်းတဲ့ယဉ်ကျေးမှုပေါ့။
ကာလသားတွေသာ မဟုတ်ဘူး၊ STDs တွေက အရွယ်မရွေး ဖြစ်နိုင်တယ်။
မွေးစကလေးတွေတောင် ကူးတာ။ အမျိုးသား တွေရော
အမျိုးသမီးများတွေမှာပါဖြစ်တယ်။ ဖြစ်မှာပေါ့ လိင်ဆက်ဆံကြရာမှာ မဆင်ခြင်ကြလို့
တယောက်ကနေ နောက်တယောက်ကို ကူးတာကိုး။ ဒါ့ကြောင့် STIs လို့ ပြောတာက ပိုမှန်တယ်။ “I” ဆိုတာ Infection “ကူးစက်ရောဂါ” လို့ ကွက်ကွက် ကွင်းကွင်း ခေါ်လိုက်တာပါဘဲ။
Venereal
လို့ ခေါ်တာကလဲ Venus ဗီးနပ်စ် ကနေလာတာပါ။ ကျောင်းသားတွေက
သောကြာဂြိုဟ်လို့ သင်ကြရမယ်။ စာဖတ်သူများကတော့ ဗီးနပ်စ် ကို
အချစ် နဲ့ အလှကို ကိုယ်စားပြုတဲ့ ရောမနတ်သမီးလို့ သိကြမယ်။ ရောမ သာမကပါ၊ ဂရိနတ်သမီး
(အဖရိုဒိုက်) နဲ့ပါ ဆက်စပ်မှု ရှိသေးတယ်။ လှလွန်းတယ်လို့
နာမည်ကြီးတဲ့ လက်နှစ်ဖက်ပြတ် ကျောက်ဆစ် ရုပ်ထု Aphrodite of Milos ကို Venus de Miloလို့ ပိုသိကြတယ် မဟုတ်လား။ “လှတာမက်တော့ ညစာခက်” ဆိုသလို ရောဂါက အတော်ကိုကြောက်ဘို့ ကောင်းတယ်။
ဆေးတွေမပေါ်ခင်ကဆို ကုရာနတ္ထိရောဂါတွေလို့ ထင်မှတ်ခဲ့ရသေးတယ်။
ဒီလိုရောဂါတွေကုဘို့ ပဌမဆုံးဆေးရုံကို ၁၇၄၆ ကျမှ လန်ဒန်မှာ
စဖွင့်တယ်။ စပိန်ပြည်တွင်းစစ် (၁၈၂ဝ-၂၃) ခေတ်ကတောင် “ရန်သူ့ကျည်ဆံလို ကြောက်ဘို့ကောင်းတယ်”
လို့ ပိုစတာတွေ ကပ်ခဲ့ကြသေးတယ်။
လိင်ဆက်ဆံရာ နေရာမှန်သမျှမှာ ရောဂါရတယ်။ လိင်အင်္ဂါ၊ ပါးစပ်၊
စအို၊နောက်ပြီး မအေကနေ ကလေး။ မူးယစ်ဆေး
သွေးပြန်ကြော ထိုးနည်းတွေကနေလဲ ကူးနိုင်တယ်။ လိင်အင်္ဂါတွေမှာသာ မဟုတ်ဘဲ တခြားတခြား
နေရာတွေမှာပါ ရောဂါရတတ်တယ်။ အဲလိုဖြစ်တာတွေက ပိုဆိုးတယ်။ Systemic
STDs လို့ခေါ်တာတွေက HIV,
Hepatitis B, Hepatitis C နဲ့
Human
Herpes Virus တွေ ဖြစ်တယ်။
ရောဂါပိုးတွေကလဲ အမျိုးမျိုး။ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊
ဖန်းဂတ်စ်၊ ပရိုဇိုးဝါး နဲ့ ပါရာဆိုက်၊ အကောင်စုံပါဘဲ။ ဆစ်ဖလစ် ကို VD ခေါ်ကတည်းက ရောဂါ ရှိ-မရှိစမ်းတာကို Venereal Disease
Research Laboratory (VDRL) tests လို့
ခေါ်တာ ခုအထိဘဲ။ ဒီစမ်းသပ်နည်းက ရာနှုန်းပြည့်
ဒီရောဂါရှိတယ်လို့ ပြောနိုင်တာတော့ မဟုတ်ပါ။
Chlamydia
trachomatis ပိုးတွေကြောင့်က
အဖြစ်အများဆုံးလို့ ပြောနိုင်တယ်။ ကျား-မ လိင်အင်္ဂါတွေမှာ အနာဖြစ်တာပါ။ အနာ ဆိုပေမဲ့ မနာဘူး။
ပေါင်ခြံမှာ တက်စေ့တွေ ရောင်လာမယ်။ တက်စေ့ကနေ အနာလဲ ဖြစ်လာတတ်တယ်။ အမျိုးသမီးများ
သားအိမ်အဝမှာ အဖြစ်များတယ်။ အဖြူဆင်းတယ်။ ဆင်းတာက
ပြည်လိုနေတယ်။ နဲနဲဝါမယ်။ မီးခိုးရောင်၊ ခပ်စိမ်းစိမ်းအရောင်လဲ ဖြစ်နိုင်တယ်။
အမြှုတ်လိုလဲ ရှိတတ်တယ်။ အနံ့ဆိုးတယ်။ ယားမယ်။ သွေးနဲနဲလဲ
စွန်းနိုင်တယ်။ ဆီးခဏခဏ သွားချင်ပြီး ဆီးအောင့်တယ်။ အတွင်းအင်္ဂါတွေအထိ ရောက်နိုင်တယ်။
ဒီအချိန်မှာ လိင်ဆက်ဆံရင် နာမယ်။ စအိုလိင်ဆက်ဆံသူများဆိုရင်
အစာဟောင်းအိမ်ကို ရောဂါရလို့ ဝမ်းသွားရင် နာမယ်။
ဒုတိယအများဆုံးဖြစ်တာက Gonorrhea ဂနိုရီးယား။ လွန်ခဲ့တဲ့ နှစ် ၅ဝဝဝ က
တရုပ်မှာ ဖြစ်ခဲ့တယ်လို့ သမိုင်းဆရာတွေက ပြောတယ်။
ပိုးရှိပေမဲ့ ဘာမှမဖြစ်သလိုလဲ နေတတ်တယ်။ ပိုးရှိနေသူနဲ့ ဆက်ဆံပြီး၊ ၄-၅ ရက်မှာ စတယ်။
ယောက်ျားတွေမှာ ဆီးအောင့်တာ၊ ဆီးလမ်းကနေ အဖြူရည် အဝါရည်
ကျတာ။ ဆက်ဖြစ်ရင် အကြောနာ၊ အစေ့နာတာ ဖြစ်မယ်။ ဗမာတွေက “ဆီးပူး-ညောင်းကျ”လို့ အရပ်ထဲမှာ ပြောတာပေါ့။ ပုဆိုးကို မ-ပင့်ပြီး လမ်းသွားရတယ်။ (ဂေး)
တွေမှာ စအို ရောင်နိုင်မယ်။ လမ်းလျောက်ပုံ တမျိုးပေါ့။ အမျိုးသမီးဆိုရင် အဖြူဆင်းမယ်။
ဆီးက ပန်းထွက်သလို သွားတယ်။ ကြားရက် သွေးဆင်းတာ
ဖြစ်တတ်သေးတယ်။ ဆက်ဆံရင်လဲ နာမယ်။ အထဲကို ရောဂါပြန့်ရင် သားအိမ်ဘေးက အင်္ဂါမှန်သမျှ
ရောင်နိုင်တယ်။ သေသေခြာခြာ ဆေးမကုရင် ယောက်ျားရော မိန်းမပါ
ကလေးမရတာ ဖြစ်သွားတတ်တယ်။
Chancroid
(ရှန်ကာ) ဆိုတာဖြစ်ရင်
လိင်အင်္ဂါမှာ အနာ၊ အကြိတ် ပေါ်လာမယ်။ ပေါင်ခြံက အကြိတ်တွေ ရောင်လာတယ်။ ရေယုံဆိုတာ ကိုယ်ခန္ဓာမှာ
ဖြစ်တာတမျိုး၊ ပါးစပ်တဝှိုက် ဖြစ်တာတမျိုး။ လိင်လမ်းမှာလဲ ဖြစ်သေးတယ်။ Genital
Herpes ခေါ်တယ်။ (HSV-2)
ဗိုင်းရပ်စ် ကနေဖြစ်တာ။ အရည်ကြည်ဖုတွေ ဖြစ်တယ်၊ နာတယ်၊
ယားတယ်။ မွေးလာမယ့် ကလေးကို ကူးနိုင်တယ်။
Human
Papillomavirus (HPV) လိင်လမ်းကြောင်း
ကြွက်နို့ကလဲ ဒီအုပ်စုဝင်ရောဂါဖြစ်တယ်။ Lymphogranuloma
Venereum (LGV) ဆိုတာက
တက်စေ့တွေ ရောင်တာပါ။ လိင်အင်္ဂါမယ် မနာတဲ့အနာဖြစ်လို့ ဆစ်ဖလစ်နဲ့
မှားတတ်တယ်။
ဆစ်ဖလစ် ရောဂါသမိုင်းက ၁၅ ရာစုကတည်းကတဲ့။ ကွန်မြူနစ်ကမ္ဘာရဲ့
ဆရာကြီး နှစ်ဆူဖြစ်ကြတဲ့ လီနင်နဲ့ တော်လ်စထွိုင် တို့လဲ ဒီရောဂါနဲ့ မကင်းဘူးတဲ့။
အာဏာရှင်ကမ္ဘာကဆိုရင် ဂျာမနီက ဟစ်တလာ၊ အီတလီက မူဆိုလီနီ၊
ရုရှားက လူဆိုးဘုရင် အိုင်ဗင် စသူတွေ ပါတယ်။ “နာမယ်ဆိုးရှိသူများ သတိထားကြပါ။”
ဆေးစာတွေကို ဗမာလိုပြန်ရင် အတော့်ကို အဆီအငေါ်မတည့်တာ
ဒီရောဂါဘဲ။ ဗမာတွေက Chickenpox ကို ရေကျောက် ခေါ်ပြီး၊ ခုခေတ်မှာ မျိုးတုံးသွားပြီဖြစ်တဲ့
Smallpox
ကို “ကျောက်ကြီး” လို့ ခေါ်ကြတယ်။ အင်္ဂလိပ်လို The Great Pox ဆိုတာကို တိတိကျကျဘာသာပြန်ရင် “မဟာကျောက်ရောဂါ” ပေါ့။ အဲဒါ Syphilis “ဆစ်ဖလစ်” ကို ခေါ်တာပါ။
အာလူးအချောင်းကြော်ကို French fries လို့ခေါ်မှ ခေတ်မီတယ်။ French kiss ဆိုတာလဲ လုပ်တတ်ကြတယ်။ French disease ဆိုတာကိုပါ သိဘို့လိုတယ်။
ဆစ်ဖလစ်ကို အီတာလျန် နဲ့ ဂျာမန်တွေက အဲလို ခေါ်တာ။ ဒတ်ခ်ျ
တွေကတော့ စပိန်ကိုလွှဲချတယ်၊ ရုရှားတွေက ပိုလန်ကို လက်ညှိုးထိုးပြီး၊ တူရကီတွေက
နဲနဲပိုဆိုးတယ်။ "Christian disease"
တဲ့။ အမှန်က သူတို့ဆီကို
ဒီလူတွေဆီကနေ ကူးလာတာလို့ ပြောချင်ကြတာပါ။
ဆစ်ဖလစ် ကို အဆင့်တွေခွဲ လေ့လာရတယ်။ ၁၊ ၂၊ ၃၊ ၄။ Treponema
pallidum ဗက်တီးရီးယား
ပိုးဝင်ပြီး၊ ၂၁ ရက် အကြာ၊ လိင်ဆက်ဆံရာနေရာ မှန်သမျှမယ်
မနာတဲ့ အနာလေးတွေ စဖြစ်တယ်။ ၁ လ ၁ လခွဲနေရင် ပျောက်သွားမယ်။
နောက်အဆင့် ဖြစ်လာရင် မယားတဲ့ အနီပြင်တွေ ခြေသလုံး၊ လက်၊ ကျောတို့မှာ ပေါ်မယ်။
ဒီအဆင့်က ပိုပြီး ကူးစက်စေနိုင်တယ်။ ကိုယ်ပူတာ၊
လည်ချောင်းနာ၊ အစားပျက်၊ အလေးချိန်လျော့၊ တက်စေ့ရောင်တာတွေ ဖြစ်မယ်။ နောက်ပြီး
ဘယ်အင်္ဂါ အစိတ်အပိုင်းမဆို ရောဂါပြန့်မယ်။ အဆစ်၊ အသဲ၊
ကျောက်ကပ်။
မပျောက်သေးတဲ့ သူတွေ ၂% လောက်က တတိယ အဆင့် ရောက်သွားမယ်။
သွေးကြောကြီးတွေ ဖေါင်းမယ်၊ Gummas တက်စေ့တွေ ရောင်မယ်၊ Neuro-syphilis ဦးနှောက်ဆစ်ဖလစ်ဖြစ်မယ်၊ မျက်စိ၊ နားကို ကူးစက်တော့မယ်။ ၂
နှစ် ကြာရင် တတိယအဆင့်ဆိုတာ ဖြစ်လာတယ်။
နောက်ဆုံးဆင့်ဆိုတာ ရောဂါကူးချိန်ကနေ ၁ နှစ်ကနေ ၁ဝ
နှစ်အတွင်းဖြစ်တယ်။ ဒီထက်လဲ ကြာနိုင်သေးတယ်။ အရိုး၊ အဆစ် နဲ့ အာရုံကြောတွေမှာ Gummas
(ဂါမာ)
ဆိုတာတွေ ဖြစ်လာမယ်။ အာရုံကြော ဆစ်ဖလစ်ဖြစ်ရင် ရောဂါလက္ခဏာ
မပေါ်တဲ့အဆင့်ကနေ စိတ်မကောင်းသူလို ဖြစ်သွားတဲ့အဆင့်ထိ
ဖြစ်နိုင်တယ်။ နှလုံးကနေထွက်တဲ့ အကြီးဆုံး သွေးလွှတ်ကြောကြီးမှာ ရောဂါရလာတတ်တယ်။
သိပ်တော့ အစိုးရိမ်မကြီးပါနဲ့ ပဋိဇီဝဆေးတွေ မပေါ်ခင်ကသာ
၂၅-၃၅% ဖြစ်တာပါ။ ခုခေတ်မှာတော့ Neurosyphilis ဟာ HIV ရှိသူတွေမှာသာ များနေပါတယ်။
ဒီလို လက္ခဏာတွေရှိတိုင်း နာခေါင်းမရှုံ့ပါနဲ့။
အမျိုးသမီးများမှာဖြစ်တဲ့ Vaginal
Infections
မွေးလမ်းကြောင်းရောင်တာက သန့်ရှင်းရေး နည်းလို့လည်း
ဖြစ်တတ်တယ်။ Trichomoniasis ပိုးက လိင်နဲ့မဆိုင်တဲ့ အဝတ်စိုလိုမျိုးမှာ ၁
နာရီ လောက် ရှင်နေနိုင်လို့ အတူသုံးမိရင် ကူးနိုင်တယ်။
ဒါ့အပြင်
ဖိုဆိုရင် ယင်ဖိုတောင် မသန်းဘူးတဲ့
အမျိုးသမီးများမှာတောင်မှ ဗက်တီးရီးယား အရေအတွက် အပြောင်းအလဲကြောင့် ဖြစ်ရတတ်တယ်။
သန့်ရှင်းရေး လုပ်တဲ့အခါ ရှေ့ကနေ နောက်ဖက်ဆီ လုပ်ရတာကို မှတ်ပါ၊ လုပ်ပါ။
ပဋိဇီဝဆေးတွေကြောင့်လည်း ဖန်းဂတ်စ် (ရိစ်) ပိုးဝင်နိုင်တယ်။
ဒီရောဂါတွေကို ကာကွယ်ဘို့ တချို့က လိင်ကိစ္စမှန်သမျှ ဝေရမဏိ
လုပ်ခိုင်းတယ်။ သီလမစောင့်နှိုင်ရင်တော့ “ကွန်ဒွန်” က အလွန်မတန် အသုံးဝင်ပါတယ်။ ကိုယ်ခန္ဓာ ရင်းနှီးရသူတွေကို ပညာပေးတာ
ထိရောက်အောင်လုပ်ဘို့ အလွန့်အလွန်ကို အရေးကြီးပါတယ်။
ကိုယ့်အိမ်ထောင်ဘက်၊
ကိုယ့်အဖေါ်ကို လူစိတ်ထားပြီး ဆက်ဆံသင့်တယ်။ ဖြစ်လာရင် HIV
နဲ့ B, C ပိုးတွေကလွဲရင် ဆေးတွေက အတော်ကို နိုင်ပါတယ်။ တချို့ဆို
တခါသောက်နဲ့ ပျောက်တယ်။ ဆေးပါတ် လည်အောင်တော့ ကုဘို့လိုတယ်။ အတူနေဖေါ် နှစ်ယောက်လုံး
တပြိုင်တည်း ဆေးကုရပါမယ်။
ဆစ်ဖလစ်ဟာ အမေရိကားကို ကိုလန်ဘတ်စ် မတွေ့ခင်ကတည်းက
ရှိတယ်လို့ နောက်မှ ရောက်တဲ့ ဥရောပသားတွေက ပြောတယ်။ ဒီနောက် ရောက်လာကြမဲ့
ဗမာတွေအပါအဝင် အာဖရိက နဲ့ အာရှက လူမှန်သမျှကို မလာခင် ဆေးစစ်တဲ့အခါ ဒီရောဂါကိုပါ
စစ်တယ်။ ပိုးတွေ့ရင်လဲ ၁ ပါတ် ၁လုံး၊ ၃ ပါတ်
ဆေးထိုးခိုင်းပြီး၊ ဆေးအောင်လုပ်ပေးလိုက်ပါမယ်။ ဒါပေမဲ့ သူတို့ဆီမယ် ၁ နှစ်မှာ
လူ ၁၇သန်းလောက် ဒီရောဂါသည် အသစ်တွေရှိနေတယ်။ ဆေးစစ်အောင်လို့ ရောက်သွားကြမဲ့
ဒုက္ခသည်များ၊ ဟိုရောက်ရင် ဒုက္ခသစ်မရှာကြဘို့
သတိပေးပါတယ်ခင်ဗျား။
ဒေါက်တာတင့်ဆွေ





Human Papillomavirus (HPV) ကဘယ်လိုဆိုးကျိုးတွေဖြစ်စေနိုင်ပါသလဲခဗျာ
ကျွန်တော့် ရဲ့ အဂါင်္မှာ ကြွက်နို့ လေးတစ်ခုထွက်လာပါတယ်
ဆရာဝန်သွားပြတော့ အက်ဆစ်ပါပုံရတဲ့ လိမ်းဆေးပေးပါတယ် တနေ့နှစ်ကြိမ်တို့ခိုင်းပါတယ် ကျွန်တော်စသုံးတော့နဲနဲစပ်ပါတယ်
ဆက်မသုံးရဲဘူးခဗျား ။ကျွန်တော်သိချင်တာကဒီဆေးနဲ့လုံလောက်မလား ။ဆက်ရောသုံးသင့်ပါလား