5
Apr

အသက် ၉ နှစ်အရွယ်မှစ၍ သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးထိုးသင့်

သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်မှုအား ပိုမိုထိရောက်မှုရှိရန် လိင်ဆက်ဆံမှုမရှိသေးသည့် အသက် ၉ နှစ် အရွယ်ကတည်းက အမျိုးသမီးတိုင်း ထိုးနှံထားသင့်ကြောင်း သားဖွားနှင့်မီးယပ် အထူးကု ဆရာဝန်ကြီး ဒေါက်တာမင်းကျော်က ပြောသည်။

သားအိမ်ခေါင်းကင်ဆာသည် ကမ္ဘာပေါ်ရှိ အမျိုးသမီးတိုင်းတွင် ဒုတိယအဖြစ် အများဆုံးရောဂါတစ်ခု ဖြစ်ပြီး၊ နှစ်စဉ်လူပေါင်း နှစ်သိန်း သုံးသောင်း သည် အဆိုပါရောဂါ ကြောင့် သေဆုံးနေကြရကြောင်း WHO ၏ ထုတ်ပြန်ချက်များအရ သိရသည်။

”ဒီရောဂါ ကာကွယ်ဆေးကို အသက် ၉ နှစ်နောက်ပိုင်း ထိုးတာ အကောင်းဆုံးဖြစ်တယ်။ အကျိုး သက်ရောက်မှုလည်း အများဆုံးဖြစ် စေတယ်။ တချို့က ဒီအရွယ်ဟာ ငယ်သေးတယ်၊ လိင်ဆက်ဆံမှု မရှိဘူး၊ ထိုးစရာမလိုဘူးလို့ ထင်တယ်။ တကယ်က ခုခံစွမ်းအား အကောင်းဆုံးဖြစ်တဲ့ အချိန်မှာ ထိုးတာကောင်းတယ်၊ ကာကွယ်မှုနှုန်းကလည်း ပိုများတယ်”ဟု အထက်ပါဆရာဝန်က ပြောသသည်။ အဆိုပါ သားအိမ်ခေါင်း ကင်ဆာ ရောဂါကာကွယ်ဆေးကို အမျိုးသမီးများသာမက၊ အမျိုးသားများလည်း ထိုးနိုင်ကြောင်း ၄င်းက ပြောသည်။

”အမျိုးသားတွေ အနေနဲ့လည်း သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးထားရင် လိင်အင်္ဂါမှာ ကြွက်နို့ဖြစ်တာကိုလည်း ကာကွယ်နိုင် တယ်”ဟု အထက်ပါ ဆရာဝန်က ဆက်လက် ပြောသည်။
သားအိမ်ခေါင်း ကင်ဆာရောဂါ ၏ ၈ဝ ရာခိုင်နှုန်းသည် HPV ဟု ခေါ်သော ဗိုင်းရပ်(စ်)ပိုးတစ်မျိုး ကြောင့် ဖြစ်ပြီး၊ မဖြစ်မီ ကြိုတင် စစ်ဆေးမှုပြုခြင်း၊ ကာကွယ်ဆေးထိုး ခြင်းသည် ထိုရောဂါဖြစ်ပွားမှုကို ၁ဝဝ ရာခိုင်နှုန်း ဟန့်တားစေနိုင်မည်ဟု ဆိုသည်။

”ပိုးရှိ၊ မရှိကိုသားအိမ်ရဲ့ အသား စတစ်ခုကိုယူပြီး သားအိမ်ခေါင်းနဲ့ သက်ဆိုင်တဲ့ ဆဲလ်လေးတွေယူပြီး ဓာတ်ခွဲပညာရှင်က စမ်းသပ်မှုပြုလုပ် မယ်ဆိုရင် ပိုပြီး တိကျတဲ့အဖြေရ နိုင်တယ်။ ဒီနည်းလမ်းတွေကို သုံး တာ ကောင်းတယ်။ နောက်တစ်ခု က ကာကွယ်ဆေးကြိုထိုးထားလို့ ရတယ်”ဟု ၄င်းက ထပ်မံပြောသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ယင်းကဲ့သို့ သားအိမ်ခေါင်းအသားစယူပြီး စစ်ဆေးစမ်းသပ်ကြည့်ကာ စောစောကုသနိုင်သည့် အတွက် သားအိမ်ခေါင်း ကင်ဆာကြောင့် သေဆုံး မှုကို သိသိသာသာလျော့ကျသွားခဲ့ကြောင်း သုတေသီများ၏ လေ့လာချက်များအရ သိရသည်။

”သားအိမ်ထဲမှာ ကင်ဆာမဟုတ်ဘဲ တခြားအသားလုံးတွေကလည်း ကင်ဆာအဖြစ်ကို မပြောင်းနိုင်ပါဘူး၊ ပြောင်းနိုင်တဲ့ အဆင့်ကလည်း အရမ်း နည်းပါတယ်၊ ဝ ဒသမ ၃ ရာခိုင်နှုန်းပဲ ရှိပါတယ်”ဟု အထက်ပါ ဆရာဝန်က ပြောသည်။

အဆိုပါ သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေးထိုးရန် အကောင်းဆုံးအရွယ်မှာ အသက် ၉ နှစ်မှ ၂၆ နှစ်အထိ ဖြစ်ပြီး၊ အသက် ၅ဝ အရွယ်ထိ ထိုးနှံနိုင်ကြောင်း ၄င်းက ဆိုသည်။

ချစ်ဆုဆွေ

Popularmyanmar - အသက် ၉ နှစ်အရွယ်မှစ၍ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးသင့် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top