ကမ္ဘာကျော်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်၏ ဇနီးသည် ဗစ်တိုးရီးယားဘက်ခမ်သည် အာဖရိကတိုက်ရှိ HIV ရောဂါ ဝေဒနာရှင် သားသည်မိခင်များကို ကူညီစောင့်ရှောက်နိုင်ရန်အတွက် အ၀တ်အစားများနှင့် လက်ဝတ်လက်စားများကို လေလံ တင်ရောင်းချခဲ့သည်။
ဗစ်တိုးရီးယားဘက်ခမ်သည် ညနေခင်း ပွဲတက်ဝတ်စုံများ အပါအ၀င် အ၀တ်အစားပေါင်း ၆၀၀ ကို ရောင်းချခဲ့ခြင်းဖြစ်သည်။ ရောင်းချခဲ့သည့် ၀တ်စုံများထဲတွင် ၂၀၀၃ ခုနှစ် အမ်တီဗွီဗီဒီယိုမြူးဇစ် ဆုပေးပွဲအခမ်းအနားတွင် ၎င်းတို့ ဇနီးမောင်နှံဝတ်ဆင် ခဲ့ကြသော အဖြူဝမ်းဆက်ဝတ်စုံများလည်း ပါဝင်သည်။ စပိုက်ဂဲလ်အဖွဲ့နှင့် အတူဝတ်ဆင်ခဲ့သည့် ၀တ်စုံများ၊ ဖက်ရှင်ရှိုးပွဲများ၊ ပါတီများတွင် ၀တ်ဆင်ခဲ့သည့် ၀တ်စုံများအပြင် ဒေးဗစ်ဘက်ခမ်၏ အ၀တ်အစား၊ ဦးထုပ်၊ ရှုးဖိနပ်၊ အိတ်၊ လက်ဝတ်ရတနာများ လည်းပါဝင်ခဲ့သည်။ ရရှိလာသည့် ငွေကြေးများကို mothers2mothers(m2m) လူမှုရေးအဖွဲ့အစည်းသို့ လှူဒါန်းမည် ဖြစ်သည်။
m2m အဖွဲ့အစည်းသည် တောင်အာဖရိက၊ ကင်ညာနှင့်ဆွာဇီလန် နိုင်ငံများတွင် အခြေစိုက်ထားပြီး အာဖရိကရှိ HIV ရောဂါဝေဒနာရှင် ကိုယ်ဝန်ဆောင် မိခင်များကို ပြုစုစောင့်ရှောက်ပေးနေသည့် လူမှုရေး အဖွဲ့အစည်းဖြစ်သည်။ ဗစ်တိုးရီးယားဘက်ခမ်၏ အလှူသည် m2m အဖွဲ့အစည်းကို ပြောင်းလဲစေလိမ့်မည်ဟု တည်ထောင်သူ မစ်ဘက်ဆာက ပြောသည်။
မစ်ဘက်ဆာသည် m2m အဖွဲ့အစည်းကို ဦးဆောင်ပြီး အာဖရိကတွင် ဆရာဝန်များ၊ သူနာပြုများနှင့်အတူ ရောဂါသည်များကို ကူညီစောင့်ရှောက်နေသူဖြစ်သည်။ သူမက “ကျွန်မတို့ စတင်လုပ်ကိုင်တုန်းက ရောဂါသည် ကိုယ်ဝန်ဆောင်ပေါင်း ၁.၂ သန်း လောက်ရှိပါတယ်။
နောက်ပိုင်းမှာ ပိုပြီးရောက်ရှိလာကြပါတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ အင်အားအများကြီးလိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးငယ်တွေကို ပိုပြီးဂရုစိုက်ဖို့ လိုအပ်သလို ရောဂါတွေထပ်မကူးအောင် ကာကွယ်ကုသမှုတွေ ပြုလုပ်ဖို့လည်း လိုအပ်ပါတယ်” ဟု ပြောသည်။
ဗစ်တိုးရီးယားဘက်ခမ်သည် တောင်အာဖရိကရှိ m2m အဖွဲ့အစည်းသို့ သွားရောက်လည်ပတ်ခဲ့ပြီး သားသည်မိခင်များအပေါ် HIV ရောဂါပိုး၏ ရိုက်ခတ်မှုကို မြင်တွေ့ခဲ့ရပြီးနောက် ယခုကဲ့သို့ လှူဒါန်းရန် အွန်လိုင်းမှတစ်ဆင့် အ၀တ်အစားများကို ရောင်းချခဲ့ခြင်း ဖြစ်သည်။
အမေရိကန် သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ် တည်ထောင်ခဲ့သည့် အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်ရေး အရေးပေါ်စီမံချက် အဖွဲ့အစည်း PEPFAR ကလည်း m2m အဖွဲ့အစည်းသို့ သုံးကြိမ်တိုင် လှူဒါန်းခဲ့ပြီးဖြစ်သည်။ m2m အဖွဲ့အစည်း၏ တစ်နှစ် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာသန်း ၂၀ ရှိသည်။
အာဖရိကဒေသသည် ယခုအချိန်အထိ HIV ရောဂါပိုး ပြင်းပြင်းထန်ထန် ရိုက်ခတ်ခံရဆဲဖြစ်သည်။ ၂၀၁၃ ခုနှစ် ထုတ်ပြန်ကြေ ညာချက်အရ အာဖရိကတိုက် တစ်တိုက်လုံးတွင် ၂၄. ၇ သန်းခန့် HIV ရောဂါပိုး ကူးစက်ခံထားရသည်။ အမျိုးသမီးထု၏ ၅၈ ရာခိုင်နှုန်းမှာ ရောဂါပိုးရှိနေပြီး ထိုအထဲတွင် ၈၅ ရာခိုင်နှုန်းမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးများဖြစ်သည်ဟု UNADS က ကြေညာသည်။
တစ်ကမ္ဘာလုံးတွင် ၂၀၀၁ ခုနှစ်က HIV ရောဂါပိုးကူးစက်ခံထားရသည့် ကလေးငယ်ပေါင်း ၅၈၀,၀၀၀ ရှိရာမှ ၂၀၁၃ ခုနှစ်တွင် ၂၄၀,၀၀၀ သို့ လျှော့ချနိုင်ခဲ့သည်။ အာဖရိကတွင်မှု HIV ရောဂါပိုးကို တိုက်ဖျက်ရန်အတွက် ငွေကြေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများစွာ လိုအပ်နေဆဲဖြစ်ပြီး အခြားပြဿနာများစွာလည်း ရှိကြောင်း ဘက်ဆာက ပြောကြားခဲ့သည်။
Ref: yahoo
အောင်ငြိမ်းသွေး (အင်္ဂလန်၊ သြဂုတ် ၆)




