တစ်ကမ္ဘာလုံး
အနေနဲ့ ခြုံကြည့်ရင် AIDS ရောဂါနဲ့ သေပြီးသူ သန်းပေါင်း ၁၅ သန်း ကျော်သွားပါပြီ။ ဒါက
ရောဂါစတွေ့ကတည်းက အနှစ် ၂၀ အတွင်းမှာမို့ တစ်နှစ်ပျမ်းမျှနှုန်း အနေနဲ့ကြည့်ရင် သိပ်မများဘူးလို့
ထင်ရပါတယ်။ ဒါပေမယ့် ၁၉၉၉ နှစ် တစ်နှစ်အတွင်းမှာပဲ ဒီရောဂါနဲ့ သေသူပေါင်းက ၃ သန်းကျော်
ရှိခဲ့တာမို့ ရှိရှိသမျှ တီဘီတို့၊ ဌက်ဖျားတို့ထက် သာသွားပြီး ထိပ်ဆုံးက ပြေးနေပါတယ်။
လူသတ်တဲ့ နေရာမှာပါ။ ဒီရောဂါကို ကျွန်တော်တို့ လူသားတွေ အားလုံး အရှုံးပေး နေရပြီဆိုတာ
ပြနေပါတယ်။ ဒါတင်မကသေးပါဘူး။ AIDS ရောဂါအဆင့်ထိ ရောက်မလာသေးဘဲ HIV ပိုး သယ်ဆောင်ထားတဲ့သူ
သန်း ၄၀ ရှိမယ်လို့ ခန့်မှန်းထားတာမို့ နောင်ရေးအတွက် ရင်လေးစရာပါ။ အဲဒီသန်း ၄၀ အနက်
၂၅ သန်းက ခုကျွန်တော်ရောက်နေတဲ့ ဒီအာဖရိက တိုက်မှာ ရှိနေပါတယ်။ (ကံဆိုးသူ မောင်ရှင်ပေါ့)။
AIDS
ရောဂါက ကမ္ဘာနာ ဖြစ်နေပါပြီ။ ဘယ်နိုင်ငံမှ မလွတ်တော့ပါ။ နိုင်ငံအသီးသီးက ဒီရောဂါကို
မိမိနည်း မိမိဟန်နဲ့ ကြိုးစားပြီး တိုက်ဖျက်နေကြပါတယ်။ အချို့က အကြမ်းနည်းအချို့က အနုနည်း။
အဲဒီထဲမှာ ကျူဘားနိုင်ငံက ဒီရောဂါကို ကိုယ်တွယ်ပုံကတော့ ခပ်ကြမ်းကြမ်းပါပဲ။ သူတို့ခေါင်းဆောင်ကြီး
ကတ်(စ်) ထရိုက ရှိသမျှ လူအားလုံးကို သွေးမစ်မနေရ စစ်ခိုင်းပြီး ပိုးတွေ့တဲ့ လူတွေကို
သီးသန့်ရွာ တည်ထားပေးပါတယ်။ အဲဒီရွာတွေမှာ စားဝတ်နေရေး အတွက်ပါ မကျန်၊ နိုင်ငံတော်က
ထောက်ပံ့ပေးထားတယ် ဆိုပါတယ်။ လိုအပ်တဲ့ ဆေးလည်းကုသပေးပါတယ်။ အဲဒီမှာ ရှိသမျှ လူအားလုံးက
HIV ပိုးရှိတဲ့ လူတွေဖြစ်ပြီး ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်ထားပါတယ်။
သတ်မှတ်ထားတဲ့
ခွင့်ရက်ကလွဲရင် အပြင်ထွက်ခွင့် မရှိပါဘူး။ ထွက်ရရင်လည်း အစောင့်အကြပ်နဲ့ပါ။ ဒီလိုကိုင်လိုက်တဲ့
အတွက် သူ့နိုင်ငံမှာ ဒီရောဂါအဖြစ်နှုန်း သိသိသာသာ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။ လူ့အခွင့်အရေး
သမားတွေကတော့ ဒီကိစ္စကို လုံးဝသဘောမကျကြပါဘူး။ ဒီနမီးဘီးယား နိုင်ငံမှာ သူ့အစိုးရက လွှတ်ထားတဲ့
ကျူးဘားပညာရှင်တွေ တစ်ပုံကြီးပါ။ ကျွန်တော်တို့ ဆေးရုံမှာလည်း သူတို့အုပ်စု တောင့်ပါတယ်။
သူတို့လူမျိုးကလည်း အပျော်အပါးမှာ ဝါသနာကြီးတာမို့ ဒီရောက်လာပြီးရင် သူတို့အချင်းချင်းထဲမှာပဲ
အတွဲရှာပြီး အတူနေ (အတူအိပ်) ကြပါတယ်။ (အိမ်မှာကျန်ရစ်တဲ့ အတွဲကိုတော့ ခဏခေါက်ထား ကြတာနေမှာပေါ့)၊
အပြင်လူတွေနဲ့ သွေးမနှောပါဘူး။ သွေးမသန့်မှာ ကြေက်လို့ပါ။ ကျွန်တော်ထင်ပါတယ်။ ဒီရောဂါပိုးကို
အကြောက်ဆုံး လူမျိုးတွေထဲမှာ ကျူးဘားတွေ ထိပ်ဆုံးက ဖြစ်ပါလိမ့်မယ်။ ဒါမှသာ အိမ်ပြန်ရင်
ဟိုလိုရွာမျိုးကို မရောက်မှာကိုး။
ဒီနမီးဘီးယားမှာ
ကိုင်တွယ်ပုံကတော့ အနောက်တိုင်း ဒီမိုကရေစီ နိုင်ငံမို့ ကျူးဘားနဲ့ တခြားစီပါ။ ဟိုအခွင့်ရေးတို့
ဒီအခွင့်ရေးတို့ တစ်ချိန်လုံး အော်နေကြတာမို့ HIV/AIDS တို့နဲ့ ပတ်သက်လာရင် ခပ်ဝေးဝေး
လက်ရှောင်နေတာက ပိုဘေးကင်းပါတယ်။ လက်ရှိ ဥပဒေအရ ဆရာဝန်က လူနာတစ်ယောက်ကိုဒီပိုးအတွက်
သွေးစစ်ချင်ရင် ကြိုတင်ခွင့်တောင်းရပါတယ်။ လူနာက ခွင့်မပြုရင် အတင်းအကြပ် စစ်လို့ မရပါဘူး။
အကယ်၍ ခွင့်ပြုလို့၊ စစ်ကြည့်လို့ ပိုးတွေ့တောင် ဒါကို လျှို့ဝှက်ထားရပါတယ်။ ဆေးသမား
တစ်ယောက်ဟာ ဆေးကုသရာမှာ တွေ့ရှိရတဲ့ မိမိလူနာရဲ့ အတွင်းရေးမှန်သမျှကို လျှို့ဝှက်ထားရမယ်။
လူနာရဲ့ အကျိုးအတွက်မှ တပါး အခြားမည်သူတစ်ဦး တစ်ယောက်ကိုမျှ ထုတ်ဖော်မပြောရဘူးဆိုတာ
ဆရာဝန်တွေရဲ့ ကျင့်ဝတ်မှာ ရှိပြီးသားပါ။ ဒါပေမယ့် HIV/AIDS နဲ့ ပတ်သက်လာရင် ဒါက ထိပ်တန်းလျှို့ဝှက်ချက်ပါ။
သူ့ဆေးမှတ်တမ်းမှာ ဒီရောဂါ တွေ့ထားပါတယ် ဆိုပြီး အခြားရောဂါအမည်တွေလို ချရေးခွင့်ပင်
မရှိပါ (သွယ်ဝိုက်ပြီးလည်း မရေးရပါ)၊ သွေးစစ်ကတည်းက ပုံစံမှာ လူနာ နာမည်မရေးရပါ။ လျှို့ဝှက်အမှတ်
code နံပါတ်ပဲ ရေးရတာပါ။ ဒီလူနာတွေကို ခွဲခြားခွဲခြား ဆက်ဆံမှာ စိုးလို့လို့ ဆိုပါတယ်။
ဤနည်းအတိုင်းပါပဲ။
သူတို့ရဲ့ အလုပ်သမား ဥပမား ဥပဒေမှာလည်း အလုပ်ရှင်က အလုပ်သမားသစ်တွေ ခေါ်တဲ့ နေရာမှာ
ကျန်းမာရေးတွက် ဆေးစစ်ခိုင်းနိုင်ပါတယ်။ ဒါပေမယ့် HIV ပိုးအတွက်တော့ သွေးစစ်ဖို့ မတောင်းဆိုနိုင်ပါဘူး။
အကယ်၍ ဒီရောဂါရှိမှန်း သိသည့်တိုင်အောင် ဒီရောဂါကြောင့် အလုပ်မခန့်နိုင်ဘူးလို့ မငြင်းပယ်နိုင်ပါ။
ဝန်ထမ်းရဲ့ မှတ်တမ်းမှာ ဒီရောဂါနဲ့ ပတ်သက်လို့ ဘာမှ ရေးခွင့်မရှိ။ ဒီရောဂါကြောင့် အလုပ်
ထုတ်မပစ်နိုင်။ ရာထူးတိုးမပေးဟု မငြင်းနိုင်။ အကယ်၍ အလုပ်လုပ်ရင်း ဝန်ထမ်းမှာ ရောဂါပေါ်လာလို့
တရှောင်ရှောင်ဖြစ်လာပါကလည်း အခြားရောဂါသည်တွေ နည်းတူ ဆေးခွင့် ပေးရမယ်။ ဖြစ်နိုင်ရင်
လျှော့ပေါ့တဲ့ တာဝန်မှာ ခိုင်းရမယ်။ သူတို့ကို အခြားရောဂါသည်တွေလိုပဲ ဆက်ဆံရမယ်။ ဒီရောဂါအမည်ကို
လျှို့ဝှက်ထားရမယ်လို့ ဥပဒေမှာ အလေးအနက်ဆို ထားပါတယ်။
ဥပဒေဆိုတာ
စာအုပ်ထဲမှာ နေတာပါကွာ၊ ငါက အလုပ်ရှင်ပဲ၊ ငါခန့်ချင်တဲ့လူ ခန့်မှာပဲဆိုပြီး ထင်ရာစိုင်းလို့
မရပါ။ ဥပဒေနဲ့ ပတ်သက်လာရင် ဒီမှာ ဘယ် ‘ဘက်ဂရောင်း’ ကမှ မကယ်နိုင်ပါ။ လောလောဆယ် ဖြစ်နေတဲ့
နိုင်ငံကျော်အမှုတစ်ခု ရှိပါတယ်။ ‘စမတ်’ ဆိုတဲ့ လူမည်းတစ်ယောက်က စစ်တပ်ထဲဝင်ဖို့ လျှောက်ခဲ့ပါတယ်။
သူ့ကို ဆေးစစ်တော့ HIV ပိုးတွေ့လို့ ဆိုပြီး အပယ်ခံရတဲ့ အမှုပါ။ ဒါကို သူကမကျေနပ်လို့
ဆိုပြီး ကာကွယ်ရေးဌာနကို တရားစွဲတာပါ။ တရာရုံးမှာ စစ်ဘက် ကိုယ်စားလှယ်က ဒီရောဂါနဲ့
စစ်တပ်နဲ့က ဘယ်လိုမှ မအပ်စပ်တာမို့ သူ့ကို ပယ်ရတဲ့အကြောင်း ထုချေပါတယ်။ ဒါပေမယ့် သူ
မကျေနပ်တာက အလုပ်မရလို့ မဟုတ်ပါဘူး။ ဥပဒေအရ သူ့ခွင့်ပြုချက်မရဘဲ သွေးစစ်တာရယ်၊ ဒီရောဂါအကြောင်းပြချက်နဲ့
ပယ်တာရယ်ကိုပါ။ ဒီအမှုခုထိမပြတ်သေးပါဘူး။ သမ္မတလည်း ဝင်မစွက်နိုင်ပါဘူး။ တရားရေးက တရားရေးသက်သက်ပါ။
သူက သူ့သိက္ခာ ထိခိုက်မှု အတွက် သူတို့ဒေါ်လာရှစ်သောင်း နစ်နာကြေးပေးဖို့ တောင်းပါတယ်။
အဲဒါကျပ်ငွေနဲ့ဆို သိန်း ၅၀ နီးပါးပါ။ မနည်းပါ။ သူသာ လိမ်လိမ် မာမာနဲ့ ထိုင်စားမယ်ဆိုရင်
ဒီငွေက တစ်သက်စာမို့ အလုပ်မရလည်း အကြောင်းမဟုတ်တော့ပါ။
ဆေးပညာ
ဗဟုသုတ အနေနဲ့ ကျွန်တော် တစ်ခုပြောချင်တာကတော့ ဒီရောဂါနဲ့ ပတ်သက်လာရင် လူအတော်များများမှာ
အသိမှားအတွက် မှားနေတာတစ်ခု ရှိပါတယ်။ ဘာလည်းဆိုတော့ အများအမြင်မှာ AIDS ဆိုရင် မျက်လုံး
ဟောက်ပက်နဲ့ အရိုးပေါ် အရေတင်ပုံစံပဲလို့ ထင်နေကြပါတယ်။ အမှန်တော့ ဒီရောဂါရဲ့ ဖြစ်စဉ်က
အတော်ယဉ်ပါတယ်။ HIV ဆိုတာ ဒီ AIDS ရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်(စ်) ပိုးပါ။ ဒီပိုး
စအဝင်ခံရသူဟာ စစချင်း ဘာမှကြီးကြီးကျယ်ကျယ် မဖြစ်ပါ။ မခံစားရပါ။ သာမန် နှားစေးချောင်းဆိုးလောက်ပဲ
ဖြစ်ပြီး ၄၊ ၅ ရက်လောက်နေ ပျောက်သွားတာမို့ သာမန် အအေးမိတာလောက်ပဲ ဖြစ်တယ် ထင်ရတာပါ။
ဒီနောက်တော့ ဒီလူဟာ ပုံမှန်လူကောင်းပကတိ ပြန်ဖြစ်သွားတာမို့ လူကောင်းတွေနဲ့ ဘာမှမခြားပါ။
ဒါပေမယ့် ခြားတာက အဲဒီအချိန်က စပြီး ဒီလူရဲ့ ခန္ဓာကိုယ်ထဲမှာ ဒီရောဂါပိုးတွေ တဖြည်းဖြည်း
တိုးပွားနေတာပါ။ ဒီပိုးတွေက သူ့သွေးထဲမှာ ရှိတဲ့ သဘာဝ ခုခံအားတွေကို တဖြည်းဖြည်းဝါး
မျိုးပစ်နေတာပါ။ သွေးစစ်ကြည့်မယ် ဆိုရင်တော့ ပိုးဝင်ပြီး တစ်ပတ်၊ ၁၀ ရက် အကြာမှာ (HIV
Positive) ပိုး ရှိနေပြီ ဆိုတာ သိနိုင်ပါတယ်။ အမှန်တော့ AIDS ဆိုတာက ရောဂါလို့သာ ပြောပြောနေကြပေမယ့်
သူကိုယ်တိုင်က တိုက်ရိုက်ရောဂါ မဟုတ်ပါ။
သူ့ကြောင့် လူဟာ ခုခံစွမ်းအားတွေ ကျဆုံးကုန်ပြီး
သူ့နောက်မှာ ဝင်လာသမျှ ကြီးကြီးသေးသေး ရောဂါတွေကို ဖိတ်ခေါ်နေတာပါ။ သူ့ကြောင့် လူဟာဝင်လာသမျှ
ရောဂါတွေကို အသေးအမွှား ဝမ်းပျက်တာလေးက အစ မခုခံနိုင်တော့တာပါ။ ဒါကြောင့် အစောဆုံး ၆
လ ကနေ အလွန်ဆုံး ၈ နှစ် ၁၀ နှစ်ကြာတဲ့ အခါမှာ ရောဂါလက္ခဏာတွေ ပေါ်လာပြီး လူကို ဗုန်းဗုန်း
လဲသွားစေတာပါ။ ဒီကာလ အတွင်းမှာတော့ ဒီလူဟာ လူကောင်းဆိုပေမယ့် အလွန်အန္တရာယ်များတဲ့ လူကောင်းပါ။
သူ့ရဲ့သွေးရယ်၊ သူ့ခန္ဓာကိုယ်က ထွက်သမျှ အရည် (ချွဲ သလိပ်တို့၊ သုတ်ရည်တို့) တွေက တွေ့ထိသမျှ
လူတွေကို ရောဂါ ကူးစက်စေတာမို့ပါ။ ကနေ့ ကမ္ဘာမှာ အများဆုံး ပြန့်ပွားနေတာကလည်း လိင်ဆက်ဆံမှုကပါ။
ဒီ HIV ပိုးရှိတဲ့ လူတွေကို အပေါ်ယံ ကြည်ရုံမပြောနဲ့။ ဆရာဝန်က သာမန်သွေးစစ်ကြည့်ရုံနဲ့တောင်
မသိနိုင်တာ ‘တို့က သန့်သန့်လေးမှ ရွေးကိုင်တာမို့ ပူစရာမလိုပါဘူးကွာ’ ဆိုတဲ့ အပြောသမားတွေ
ဒီနေရာမှာ ကြပ်ကြပ် သတိထားစေချင်လို့ ပြောပြရတာပါ။
HIV/AIDS
ဆိုတဲ့ ရောဂါရယ်လို့ စပေါ်လာပြီး ကတည်းက ဆေးပညာမှာ ဆရာဝန်နဲ့ လူနာဆက်ဆံရေးက အစ၊ ကုသရေးအဆုံးအားလုံး
ကမောက်ကမ ဖြစ်ကုန်တယ်လို့ဆိုရင် လွန်အံ့မထင်ပါ။ နေ့စဉ် လူနာရဲ့ သွေးတွေ၊ ချွဲလိပ်တွေနဲ့
တွေ့ထိနေရတဲ့ ခွဲစိတ်ဆရာဝန်တွေ၊ မေ့ဆေးဆရာဝန်တွေ အဖို့ လူဦးရေရဲ့ ၁၀ ပုံတစ်ပုံမှာ
ဒီရောဂါရှိနေတယ်လို့ သိနေတဲ့ ဒီလိုနေရာမျိုးမှာ၊ နောက်ပြီး ဘယ်သူ့မှာ ဒီရောဂါရှိတယ်ဆိုတာ
မသိနိုင်အောင် မိမိရဲ့ ရောဂါကို လျှို့ဝှက်ထားတဲ့ ဒီလိုနေရာမျိုးမှာ ကျွန်တော်တို့
ဘယ်သူ့ကိုမှ ယုံလို့ မရပါ။ တစ်ချက်စာမှားသွားရုံနဲ့ တစ်သက်စာ ပြာသွားနိုင်တာမို့ ကိုယ်နဲ့တွေ့ထိနေရတဲ့
လူနာအားလုံးကို ဒီရောဂါ ရှိနေပြီလို့ သဘောထားပြီး ကိုင်တွယ်နေရတာပါ။ ဒါကြောင့် ခွဲစိတ်ဆရာဝန်နဲ့
အကူဆရာမတွေဆို လက်အိတ်ကို အထပ်ထပ်စွပ်၊ ခွဲစိတ်ဝတ်စုံဆိုလည်း တစ်ထပ်နဲ့ မလောက်သေး။
သွေးစွန်းလာရင် အတွင်းကို စိမ့်ဝင်လာနိုင်တာမို့ အောက်က ပလတ်စတစ် ရင်ဖုံး Apron တစ်ထပ်ခံ
ဝတ်ရ၊ မျက်လုံးထဲလည်း သွေးမစင်ရအောင် ပလတ်စတစ်မျက်မှန် တပ်ရနဲ့၊ ခြေထောက်မှာလည်း ရော်ဘာဖိနပ်ရှည်
စီးရနဲ့ အကာအကွယ် အပြည့်အဝ ယူရပါတယ်။ လူနာကို ကိုယ်တွယ်တဲ့အခါ၊ အတင်အချ ပြုတဲ့အခါ ဘယ်သူမှ
လက်အိတ်မပါဘဲ မပြုလုပ်ရဲပါ။ ချွဲစုပ်ပိုက်တွေ အခင်းတွေ၊ အပ်တွေ အားလုံးက တစ်ခါသုံး၊ စက္ကူနဲ့ ပလတ်စတစ် တွေချည်းပါပဲ။
ဆရာဝန် ဆရာမတွေအနေနဲ့ လုပ်ငန်းခွင် မတော်တဆမှုကြောင့် ဒီရောဂါရလာလို့ကတော့ လျော်ကြေးတောင်းပိုင်ခွင့်
မရှိပါ။ ကိုယ်ဖြစ်ကိုယ်ခံပဲ။ ခွဲစိတ်ရင်း၊ ဆေးထိုးရင်း မတော်တဆ ထိမိရှမိဖြစ်ခဲ့ရင်တော့
ဘာလုပ်ရမယ်၊ ဘာအရေးပေါ် ဆေး (AIDS ကုသဆေးပါ) သုံးရမယ်ဆိုတာကိုတော့ ညွှန်ကြားချက်တွေနဲ့
အတူ ဆေးကို ၂၄ နာရီ ထားပေးပါတယ်။ (ဒီဆေးတွေက အားလုံးသိပြီးတဲ့ အတိုင်းပဲ အလွန်ဈေးကြီးတာမို့
မီလျံနာတွေမှသာ တတ်နိုင်တာပါ။
နမီးဘီးယားမှာ အခမဲ့ ဆေးကုသရေး ရှိပေမယ့် ခုလို ကိစ္စမျိုးကလွဲရင်
အခမဲ့ ထဲမှာ ဒီဆေးတွေ မပါပါ) တစ်ခါက ကျူးဘားက အိုဂျီဆရာဝန်တစ်ယောက် ခွဲစိတ်ရင်း လက်ကို
မတော်တဆ ဓားရှမိသွားတာ စိတ်ဓာတ်တွေကျပြီး အိပ်ရာထဲ တစ်လလောက် လဲသွားဖူးပါတယ်။ ကျွန်တော်
ကိုယ်ချင်းစာမိပါတယ်။ ပိုဆိုးသွားတာက သူခွဲနေတဲ့လူနာကို သွေးဖောက်စစ်လိုက်တော့ HIV
Positive ဖြစ်နေတာ (ပိုးရှိနေတာ) တွေ့လိုက်ရလို့ပါ။ ခုတော့လည်း နေကောင်းသွားပါပြီ။
ဒါကြောင့်မို့ လမ်းသွားရင်း သွေးသံရဲရဲနဲ့ တွေ့တဲ့လူတစ်ယောက်ကို သွားကူဖို့ဆိုတာ အတော်စဉ်းစားစရာပါ။
ဆေးကုသရေးဘက်မှာ
ကြည့်ရင်လည်း တစ်ချိန်က ကျွန်တော်တို့ အနိုင်ရခဲ့တဲ့ ရောဂါတွေ၊ ပပျောက်လုနီးနီးဖြစ်နေတဲ့
ရောဂါတွေ အတော်များများဟာ ခုအချိန်မှာ HIV ပိုးရဲ့ ကျေးဇူးနဲ့ ပြန်ခေါင်းထောင်လို့
လာပါတယ်။ ‘အားလုံး ကျန်းမာ သက္ကရာဇ် ၂၀၀၀ မှာ’ ဆိုခဲ့တာက ဟာသလို ဖြစ်နေပါပြီ။ အဆိုးဆုံးက
တီဘီနဲ့ ဌက်ဖျားပါပဲ။ ယနေ့ တီဘီနဲ့ ဆုံးသူတွေမှာ တစ်ဝက်လောက်ဟာ AIDS ရောဂါအခံနဲ့ပါ။
အစွမ်းထက်တဲ့ ဆေးတွေလည်း မတိုးနိုင်တော့ပါ။ ဒါကြောင့် နိုင်ငံ အတော်များများမှာ လူ့သက်တမ်း
၆၁ နှစ်က နေ ၄၅ နှစ်ထိ ကျသွားပါပြီ။ ခွဲစိတ် ကုသတဲ့ဘက်မှာ လူ့သက်တမ်းတွေ ကျဆင်းလာနေပါတယ်။
နမီးဘီးယားဆိုရင် ပျမ်းမျှသက်တမ်း ၆၁ နှစ်ကနေ ၄၅ နှစ်ထိ ကျသွားပါပြီ။ ခွဲစိတ်ကုသတဲ့ဘက်မှာ
ကြည့်ပြန်ရင်လည်း ဒီနည်းတိုင်းပါပဲ။ သာမန်အားဖြင့် မေ့ဆေးပေး ခွဲစိတ်လိုက်တဲ့ လူနာဟာ
အချိန်တန်ရင် နာလန်ပြန်ထလာဖို့ပါပဲ။ ဒါပေမယ့် AIDS အခံနဲ့ လူနာတွေ ကတော့ ဘဝပြန်မလာတော့ပါဘူး။
ဒါကြောင့် ကျွန်တော်တို့က ဒီရောဂါရှိမှန်၊ မရှိမှန်မသိဘဲ ပင်ပန်းတကြီးခွဲစိတ် လိုက်တဲ့
လူနာတွေဟာ ခွဲပြီးတော့မှ၊ အခြေအနေ ပိုဆိုးလာတော့မှ ဦးနှောက်စားရတတ်ပါတယ်။ နောက်ဆုံး
ဘယ်လိုမှ အကြောင်းရှာမရရင် သူ့သွေးဖောက်စစ်ကြည့် HIV Positive ပြဖို့ သေချာသလောက်ပါပဲ။
တစ်ခါက ခွဲစိတ်ပရော်ဖက်ဆာက သူ့လူနာတစ်ယောက်ကို အကြီးစားခွဲစိတ်မှုတစ်ခု လုပ်လိုကြောင်း
ပြောလာပါတယ်။ ဒါနဲ့ ကျွန်တော်က လူနာအခြေအနေဘယ်လို ရှိလည်းလို့ ပြန်မေးတော့ ဒေါင်ဒေါင်မြည်ပဲ၊
ကျွန်တော်ထက်တောင် သန်ပါသေးတယ်လို့ ဆိုပါတယ်။ ဒီလူနာကို သွားစစ်ကြည့်တော့လည်း ဘာမှ
ငြင်းစရာ မမြင်ပါဘူး။ ဒါနဲ့ကျွန်တော်တို့ ခွဲစိတ်လိုက်ကြပါတယ်။ တစ်နေကုန် ၆ နာရီလောက်
ကြာတဲ့ အော်ပရေးရှင်းကြီးပါ။ ဒါပေမယ့် ခွဲစိတ်ပြီးနောက်နေ့တိုင် လူနာက သတိကောင်းကောင်း
မလည်လာတော့ ဒီတော့မှ ကျွန်တော်တို့ မျက်လုံးတွေ ပြူးကုန်ကြရပါတယ်။ ဘာများမှားသွားလဲ။
မေ့ဆေးများ မှားသွားလား။ ဆေးများ မတည့်လို့လား။ နောက်ဆုံး ဘာမှရှာမတွေ့လို့လား။
နောက်ဆုံး
ဘာမှရှာမတွေ့တော့မှ သူ့သွေးဖောက် စစ်လိုက်တော့ ထင်တဲ့အတိုင်းပါပဲ။ ငပွကြီး AIDS ရှိနေမှန်
သိလိုက်ရပါတယ်။ မကြာပါဘူး လူနာဆုံးသွားပါတယ်။ အစက ဒီလိုမှန်းသိ မခွဲပါဘူး။ ခုလို အတွေ့အကြုံမျိုးတွေ
များလာတော့ ဖြစ်ချင်ရာ ဖြစ် မခွဲခင် ခိုးပြီး သွေးစစ်ကြည့်ချင် စိတ်တွေ ပေါက်ပေါက်လာပါတယ်။
ဥပဒေကြီးက ကန့်လန့်ခံနေလို့သာပေါ့။ ဒါကြောင့် လက်ရှောင်နေတာ ကောင်းပါတယ်လို့ ကျွန်တော်ဆိုခဲ့တာပါ။
သိန်း ၅၀ ဖိုးလည်း လျော်ဖို့ မတတ်နိုင်ပါဘူး။
စိုးမြင့်
(မေ့ဆေး)
ခေတ္တ၊
အိုရှာခါတီ၊ နမီးဘီးယား
မဟေသီ
- အမှတ် ၁၉၀၊ အောက်တိုဘာ၊ ၂၀၀၀ ပြည့်နှစ် (စာမျက်နှာ ၁၄၁၊ ၁၄၇)




