11
Jul

အာဖရိကရောက် မြန်မာတစ်ယောက်



ဆရာဝန်ရဲ့ ကျင့်ဝတ်မှာ ဆရာဝန်ဟာ မာမကျန်းဖြစ်နေတဲ့
လူတွေကို အစွမ်းကုန် ကုသရမယ်လို

ဆိုထားတယ်ဆိုတာတော့ အထူးပြောပြစရာ လိုမယ်မထင်ပါဘူး။ သနားလွန်းလို့ ဆိုပြီး နောက်ဆုံး
အခြေအနေရောက်နေတဲ့ လူနာကိုသော်မှ သေဆေးပေးလို့ မရပါဘူး။ ဒါပေမယ့် ဗိုက်ခွဲပြီး
AIDS ရောဂါနဲ့ ဖုတ်လိုက် ဖုတ်လိုက် မသေမရှင် မွေးလာတဲ့ ကလေးတွေနဲ့ ပက်သက်လာရင်တော့
အတော် စိတ်ပျက်စရာပါ။ အစွမ်းကုန် ပြုစုပေးလိုက်လို့ သူတို့ နေရလည်း တစ်နှစ်၊ နှစ်နှစ်အလွန်ဆုံး
၎၊ ၅ နှစ်ပါ။ ဒါကလည်း ရောဂါမျိုးစုံနဲ့ သက်ဆိုးရှည်ရတာပါ။ လုံးဝမတန်ပါဘူး။ ဒီတော့ ကျွန်တော်တို့တော့
စိတ်မကောင်းစွာနဲ့ပဲ ဒါကို အားလုံးလည်း နားလည်ကြပါတယ်။ ကျွန်တော်တို့ မမှားဘူးထင်ပါတယ်။

ဒီမှာ
လူတစ်ယောက် AIDS ရောဂါနဲ့ ဆုံးရင် အသက်အာမခံက လျော်ကြေး မပေးဘူးဆိုပါတယ်။ လူတစ်ယောက်
အသက်အာမခံ လုပ်ထားပြီး မိမိကိုယ်မိမိ သတ်သေလို့ လျောကြေးမပေးဘူး ဆိုတာတော့ နားလည်းနိုင်ပါတယ်။
ခုဟာက ဘာဆိုင်လို့လဲ ဒီရောဂါနဲ့ အသေအပျောက် များလာလို့ အသက်အာမခံ ကုမ္ပဏီတွေက သက်သက်
ပညာပြတာ ဖြစ်ပါလိမ့်မယ်။ မပေးနိုင်ရင်လည်း အစကတည်းက ပြောထားသင့်ပါတယ်။ ခုလိုမပေးနိုင်ဘူးလို့
သူတို့ရဲ့ စည်းမျဉ်းထဲမှာလည်း မပါပါ။ ပါတောင် ဘယ်သူကများ ငါ့တော့ ဘာရောဂါနဲ့ဖြင့် မသေနိုင်ဘူးလို့
ကြိုတင်သိနိုင်မှာမို့လဲ။ အတော်လည်းရယ်စရာ ကောင်းနေပါတယ်။ ဒါပေမယ့် မရယ်နိုင်တာက ဆရာဝန်တွေပါ။
လူသေမှ ထောက်ခံချက်မှာ ဒီရောဂါ နာမည်တပ်လိုက်တာနဲ့ သူ့ဆွေမျိုးတွေနဲ့ ထိပ်တိုက် တွေ့ပြီးသာ
မှတ်ပေတော့။ အာမခံ ကုမ္ပဏီတွေကလည်း AIDS နဲ့ သေတာ ဟုတ်မဟုတ် ဆရာဝန်ဆီပဲ ထောက်ခံစာ လာယူတာမို့
ကျွန်တော်တို့ ကြားညှပ်ခံနေရပါတယ်။ AIDS ဆိုတာက ရောဂါ သပ်သပ်မှ မဟုတ်တာ။ လူနာ ဘာကြောင့်ဆုံးတယ်ဆိုတာ
ပြစရာ ရောဂါနာမည်တွေ တစ်ပုံကြီးပါ။ ဥပမာ ဌက်ဖျားကြောင့်၊ တီဘီကြောင့် စသဖြင့် ပေါ့။
ဒါပေမယ့် အထက်က ညွှန်ကြားထားတာက AIDS လို့ပဲ ရေးရမယ်လို့ ဆိုပါတယ်။ တစ်မျိုးကြီးပါပဲ။
ရှင်စဉ်တုန်းက တစ်မျိုး၊ သေတော့တစ်မျိုး။ နောက်ဆုံးတော့ လူတွေကို ဒီရောဂါကို လျှို့ဝှက်ထားအောင်
အားပေးနေတာပါပဲ။ ဒါကြောင့်မို့လည်း ဒီရောဂါသည်မှန် သိသိကြီးနဲ့ သွေးအစစ်မခံတဲ့ သူတွေက
တစ်ပုံကြီးပါ။ ထူးတာတစ်ခုက ဘယ်သူကမှ အာမခံကုမ္ပဏီကို လျော်ကြေးမရလို့ တရားစွဲတာ မကြားဖူးသေးတာပါ။

ဒီရောဂါအကြောင်းပြောရင်
သွေးကိစ္စကလည်း ကျွန်တော်တို့အဖို့ ဧရာမ ပြဿနာကြီး တစ်ခုပါ။ အားလုံးသိပြီးတဲ့ အတိုင်းပဲ
မသန့်တဲ့ သွေးသွားသွင်းမိရင် ရောဂါရဖို့က တစ်ရာနှုန်း ပြည့်ပါ။ ဒါကြောင့် သွေးပုလင်း
အားလုံးကို သန့်မသန့် ဓာတ်ခွဲခန်းမှာ အရင်စစ်ဆေးပြီး မှသာ လူနာကို ပေးရမယ်လို့ ဥပဒေ
ရှိပါတယ်။ ဒီနိုင်ငံမှာက သွေးကို သွေးလှူရှင်တွေ ဆီကသာ ရနိုင်တာပါ။ လူငယ်တွေဆီက အဓိက
ယူရတာပါ။ တက်ကြွတဲ့ လူငယ်လူရွယ် လေးယောက်မှာ တစ်ယောက်နှုန်း HIV Positive ပြနေတဲ့ ဒီလို
နေရာမျိုးမှာ သွေးသန့်သန့် လေးရဖို့ ဆိုတာလည်း ကန္တာရထဲ ရေတစ်ခွက် ရှာရတာနဲ့ တူနေပါတယ်။
ဒါကြောင့်မို့ သွေးလှူဘဏ်က အလှူခံရထားတဲ့ သွေးပုလင်းအားလုံးရဲ့ တစ်ဝက်လောက်ကို မသန့်လို့
လွှင့်ပစ်နေရတာ မအံ့သြလောက်ပါဘူး။ တစ်ပူပေါ် နောက်တစ်ပူထပ် ဆင့်တက သွေးလှူလိုက်ရင် မိမိမှာ
ဒီရောဂါရှိတာ သိသွားမှာစိုးလို့ သွေးလှူရှင်တွေ ရှားပါးသွားတာပါပဲ။ ကျွန်တော်တို့ အိုရှာခါတီ
ဆေးရုံးကြီးမှာ နဂိုက သွေးလှူဘဏ်နဲ့ သွေးစစ်ဌာန ရှိဖူးပါတယ်။ ခုတော့ သွေးလှူသူရှားပါးသွားတော့
ပိတ်လိုက်ရတာ မို့ ဒီဆေးရုံက လိုသမျှ သွေးအားလုံးဟာ မိုင် ၅၀၀ ခန့်ဝေးတဲ့ မြို့တော်ဝင်
ဟုတ်က လာရတာပါ။ ဆေးရုံကလည်းသေးသေးမဟုတ်၊ ခုတင် (၈၀၀) ဆေးရုံကြီး။

နိုင်ငံမြောက်ပိုင်းမှာ
အကြီးဆုံးဆိုတော့ သွေးကိစ္စ မလွယ်ပါ။ ခွဲခန်းမှာ အရေးပေါ် သွေးမရလို့ လျှေကုန်တဲ့ လူနာတွေက
ကိုယ့်မျက်စိရှေ့တင် ခဏခဏ။ ဆေးကုသခန်းမှာဆိုလည်း အထူးသဖြင့် ဌက်ဖျားရာသီမှာ သွေးအားအလွန်နည်းနေတဲ့
ကလေးလူနာတွေ အသက်မီသေးရင် မိုင် ၅၀၀ လောက်ဝေးတဲ့ မြို့တော်ဆေးရုံကြီးကို လူနာတင်ကားနဲ့၊
သွေးသွင်းဖို့ သက်သက် ထွက်ပို့ပေးတယ် ဆိုပါတယ်။ ဒါကြောင့် သွေးတစ်ခုတည်းအတွက် ကုန်ရတဲ့
ဘတ်ဂျက်က ကြောက်မခန်း လိလိပါ။ ဟိုတုန်းကဆိုရင် ဘာအရေးလဲ။ အနားမှာရှိတဲ့ သူ့အမျိုးတွေ၊
အသိတွေ တစ်ယောက်တွေ၊ တစ်ယောက်ယောက်ဆီက သွေးဖောက်ယူလိုက်ရုံပေါ့။ ခုတော့ AIDS ကျေးဇူးနဲ့
ဘယ်သူ့ကိုမှ ယုံလို့ မရတဲ့ ခေတ်ကြီးဖြစ်နေပါပြီ။

တစ်ခါက
ဆရာဝန်အစည်းအဝေး တစ်ခုမှာ ကျွန်တော်တို့ မေးဖူးပါတယ်။ သေရေးရှင်ရေး ဖြစ်လာရင် မိဘနဲ့
သားသမီး အကြား၊ ခင်ပွန်းနဲ့ ဇနီးအကြား၊ အရေးပေါ် သေးပေးတာကို (မစစ်ဘဲနဲ့) လက်ခံနိုင်မလားလို့ဆို
တော့ ဘယ်သူကမှ တာဝန်ခံပြီး မဖြေဝံ့ပါဘူး။ သူ့ဥပဒေ အရကတော့ သွေးရတောင် ဒီသွေးကို မြို့တော်ကိုပို့၊
သန့်မသန့်စစ်ရမှာပါ။ ဒါကြောင့် ခုကိစ္စမှာလည်း ခပ်ဝေးဝေးနေတာ ဘေးကင်းပါတယ်။ တော်ကြာ
ခွဲခန်းမှာ သွေးသွင်းပြီးမှ ဒီရောဂါရလာပါတယ် ဆိုပြီး ပြဿနာ ရှာလာမှဖြင့်။

ဒီနိုင်ငံမှာ
မိမိကိုယ်မိမိ သတ်သေတဲ့ နှုန်းကလည်း တော်တော်မြင့်တယ်လို့ ဆိုပါတယ်။ ဒီမှာလည်းပဲ နောက်ကွယ်မှာ
AIDS ပယောဂနဲ့ မကင်းသေးပါဘူး။ ဘာလို့လည်းဆိုတော့ သတ်သေသူ အတော်များများဟာ ဒီရောဂါရှင်တွေ
မို့ပါ။ ဝင်းဟုတ် ဗဟိုဆေးရုံကြီးက ကိုးထပ်ရှိတာမို့ မြို့တော်မှာ အမြင့်ဆုံးပါ။ အဲဒီပေါ်က
လူနာအချို့ခုန်ချပြီး သတ်သေသွားကြတဲ့အခါ  အပြစ်တင်ခံရတာလည်း
ဆရာဝန်တွေပါပဲ။ ဆရာဝန်တွေတာ လူနာမှာ AIDS ရောဂါရှိတယ်ဆိုတာကို ဖွင့်ပြောတဲ့အခါ ညှာညှာတာတာနဲ့
ပြောတာမဟုတ်လို့ လူနာတွေ စိတ်မထိန်းနိုင်ဖြစ်ပြီး ခုလို ဖြစ်ရတာလို့ ဆိုပါတယ်။ (အမှန်တော့
ဆရာဝန်က လူနာကို ဒီရောဂါရှိတယ် လို့ ပြောလိုက်တာဟာ တရားသူကြီးက တရားခံကို သေဒဏ်အမိန့်ချလိုက်တာနဲ့
မထူးပါဘူး။ ချော့ချော့မော့မော့ ပြောလည်း သေရမှာပါပဲ) နောက်ပြီး လူတွေ ခုန်မချနိုင်အောင်
ဆေးရုံကြီးမှာ သံဆန်ခါတွေ တပ်မထားလို့ ဆိုပြီး ဆေးရုံအုပ်လည်း အပြစ်တင် မလွတ်ပါ။ ဘယ်ဘက်ကမှ
မလွတ်ပါ။

ဒီနိုင်ငံမှာ
HIV/AIDS အတွက် ဖြေရှင်းတဲ့နည်းကတော့ ဒီရောဂါသည်တွေကို တစ်ဖက်က ဥပဒေနဲ့အကာအကွယ် ပေးထားရင်း
တစ်ဖက်က ပညာပေးတဲ့နည်းပါ။ ဒီပညာပေးတွေကတော့ သတင်းမီဒီယာမျိုးစုံကနေ နေ့စဉ် မကြားချင်၊
မမြင်ချင်မှ အဆုံးပါ။ သမ္မတလည်း မနေရ၊ ဝန်ကြီးတွေလည်း ကိုယ်တိုင်ကွင်းဆင်းရနဲ့ မအားကြရရှာပါ။
အစည်းအဝေး တိုင်းမှာလည်း ဒီအကြောင်းပါပဲ။

အဲဒီအထဲမှာ
တီဗွီကလည်း ပညာပေးတွေကတော့ ထူးခြားပါတယ်။ ပြီးစလွယ် စာတန်းလေးထိုးရုံ၊ အရုပ်လေးပြရုံ
မဟုတ်ဘဲ ဇာတ်လမ်းတိုလေးတွေ အဖုံဖုံနဲ့ နေ့စဉ်မရိုးရအောင် ပြနေတာပါ။ တစ်နေ့တစ်နေ့ အနည်းဆုံး
သုံးလေး ပုဒ်လောက် ရှိပါလိမ့်မယ်။ ကျွန်တော် ပြောချင်တာက အဲဒီဇာတ်လမ်းတွေပါ။ ကျွန်တော်ပဲ
ခေတ်နောက်ကျန်နေတာလား၊ ဉာဏ်ပဲ မမီတာလား၊ ဒါမှမဟုတ် သူတို့ဓလေ့ထုံးစံနဲ့ အညီ ပြနေတာလား
မပြောတတ်တော့။ ကျွန်တော် နားမလည်နိုင်တော့ပါ။ ဘာလို့လည်းဆိုတော့ ပြသမျှ ဇာတ်လမ်းအားလုံးလိုလိုဟာ
safe sex လို့ သူတို့ပြောပြောနေတဲ့ condom (ကွန်ဒွန်) လို့ခေါ်တဲ့ လိင်တံစွပ်သုံးဖို့
ပညာပေးနေတာ ချည်းမို့ပါ။ တချို့ကို ကျွန်တော်နမူနာ ပြပါမယ်။ ဘော်ဒါဆောင်ပြန်ဖို့ ပစ္စည်းတွေ
သိမ်းနေတဲ့ သမီးပျိုကို အမေလုပ်သူက ဒီပစ္စည်းလေး မေ့မသွားနဲ့နော် ဆိုပြီး ထိုးပေးနေတာက
ကွန်ဒွန်အထုပ်လေးပါ။ ချစ်သူနဲ့ ချိန်းထားတာကို သွားတွေ့မယ့် ကောင်လေးကို သူ့သူငယ်ချင်းက
သတိပေးနေတာကလည်း ကွန်ဒွန်ကို မမေ့ဖို့။ ချစ်သူနဲ့ အိပ်မောကျနေရာက ရုတ်တရက် လန့်နိုးလာပြီး
ထရှာတာကလည်း ကွန်ဒွန်ပါပဲ။ တစ်ပုဒ်မှာဆိုရင် ဆူဆူညံညံ ပျော်ပွာစားရုံ တစ်ခုက စားပွဲတစ်လုံးမှာ
သူငယ်ချင်း နှစ်ယောက် ထိုင်စကားပြောနေရာက တစ်ယောက်က ငါဘယ်တော့မှ ကွန်ဒွန် မသုံးဖူးဘူးကွလို့
ပြေချလိုက်တော့ တစ်ခန်းလုံးမှာရှိတဲ့ လူတွေဟာ မီးကို ရေနဲ့ သတ်လိုက်သလို တိတ်ဆိတ်သွားပြီး
အားလုံးသူတို့စားပွဲဆီ စုပြုံရောက်လာပါတယ်။ တစ်ခါမှ မမြင်ဖူးတဲ့ အထူးအဆန်းသတ္တဝါလေး
တစ်ကောင် လိုဝိုင်းအုံကြည့်ကြတာပါ။

ခေတ်မီသူတိုင်း
ကွန်ဒွန် သုံးကြသည်ပေါ့။ ကျွန်တော်ဆိုလိုတာက ဒီကွန်ဒွန်ကိုသာ ဆောင်ထား။ လုပ်ချင်ရာ
လုပ်လို့ရတယ်။ ဘာမှ မဖြစ်ဘူးဆိုပြီး လူငယ်တွေကို တွန်းအားပေးနေတာနဲ့ တူမနေဘူးလားလို့ပါ။
မှန်ပါတယ်။ ကွန်ဒွန်က HIV ပိုးအတွက် အကောင်းဆုံး အကာအကွယ်ပါ။ ဒါက ရုပ်ပိုင်းဆိုင်ရာပါ။
ဒီနေရာမှာ စာရိတ္တပိုင်းက ပိုအရေးမကြီးဘူးလားလို့ မေးချင်ပါတယ်။ ဥပမာ အိမ်ထောင်မကျမီ
လိင်ကိစ္စ စောင့်ထိန်းဖို့ အိမ်ထောင်ကျပြီးနောက် မိမိရဲ့ ခင်ပွန်း၊ သားမယားပေါ် သစ္စာရှိဖို့၊
တစ်လင်တစ်မယားစနစ် ကျင့်သုံးဖို့၊ မိန်းကလေးတွေ အပျိုစင်ဘဝ ထိန်းသိမ်းဖို့ စတာတွေပါ။
ဒါပေမယ့် ဒီလိုဇာတ်လမ်းမျိုးတော့ လုံးဝမတွေ့ဖူးသေးပါ။ (ခေတ်နဲ့မညီလို့ပဲလား)

ကွန်ဒွန်ကို
ကြောငြာရုံသာ သက်သက်မဟုတ်ဘူး။ လက်တွေ့မှာလည်း နေရာအနှံ့ အခမဲ့ ဖြန့်ချိပေးနေတာ နိုင်ငံအနှံ့ပါ။
ဆေးရုံတွေ ဆေးပေးခန်း တွေမှာတင်မက စားသောက်ဆိုင်တွေ၊ စတိုးဆိုင်တွေ စတာတွေမှာ ကောင်တာတွေပေါ်မှာ
ဘူးလိုက်ချထားပေးတာပါ။ နမီးဘီးယားမှာ အခမဲ့ ရနိုင်တဲ့ တစ်ခုတည်းသော ပစ္စည်း ဖြစ်ပါလိမ့်မယ်။
လူတွေ မယူဝံ့မှာ စိုးလို့ အချို့နေရာတွေမှာ ‘သင့်မိတ်ဆွေအတွက်ပါ ပိုယူသွားပါ’ လို့တောင်
ရေးထားပါသေးတယ်။ ဒီနိုင်ငံက လူတွေကတော့ နေရာတကာမှာ အစိုးရကိုချည်း အားကိုနေကျမို့ ဒီပစ္စည်းလေး
ဘယ်လိုသုံးရမယ် ဆိုတာကိုပါ ကျောင်းတွေမှာ (မိန်းကလေး ကျောင်းတွေ ပါမကျန်) လိင်ပညာပေးအနေနဲ့
လက်တွေ့ပြပေးပါတယ်။ လက်တွေ့ဆိုတာက ဌက်ပျောသီး ပုံသဏ္ဌာန် ပလတ်စတစ် အရုပ်ပေါ်မှာ စွပ်ပြတာပါ။
ဆင့်ပွားပညာပေးအတွက် ဆရာဝန်တွေကိုပါ ဒီသင်တန်းတွေ ပေးပါတယ်။ (တောင်အာဖရိက နိုင်ငံမှာတော့
စီးပွားရေး အကွက်မြင်သူ တစ်ယောက်က ဒီပညာပေးအတွက် သစ်သားပွတ်လုံးနဲ့ လိင်တံပုံတူရုပ်တုတွေ
လုပ်ရောင်းလိုက်တာ အတော်အလုပ်ဖြစ်သွားတယ်လို့ ဖတ်လိုက်ရပါတယ်။)

ဒီလောက်တောင်
နိုင်ငံနဲ့အဝှမ်း ပညာတွေပေး၊ ကွန်ဒွန်တွေဝေ၊ လက်တွေ့တွေ ပြပေးနေတာမို့ ယူတတ်မယ်ဆိုရင်
ဒီရောဂါက ကင်းဝေးသွားရုံမက ပညာရှိလေးတွေပါ ဖြစ်ကုန်လောက်ပါတယ်။ ဒါပေမယ့် တကယ့် လက်တွေ့မှာတော့
HIV Positive ဦးရေဟာ တန့်မသွားတဲ့ပြင် လွန်ခဲ့တဲ့ နှစ်နှစ်လောက်က တစ်သိန်းသာသာလောက်ကနေ
ခုတော့ နှစ်သိန်းနီးနီးထိ တိုးတက်လာနေပါတယ်။ လူဦးရေကတော့ နှစ်သန်း မပြည့်သေးပါ။ ဒါကြောင့်
ပညာပေးတွေ ထိရောက်မှု မရှိဘူးလို့ အဝေဖန်ခံနေရာလည်း ကျန်းမာရေး ဌာနပါပဲ။

နဲ့နဲ့
ပတ်သက်လို့ ဟာသဇာတ် လမ်းလေး တစ်ခု သွားသတိရမိပါတယ်။ လူတစ်ယောက်က ပျော်ပွဲစားရုံတစ်ခုမှာ
ရှိတဲ့လူတွေကို အနုကြမ်းစီးဖို့ ကြံပါတယ်တဲ့။ သူက အများတကာလို ဘာလက်နက်မှ မသုံးဘဲ လူ့လက်ထဲမှာ
ဘလိပ်ဓားလေး တစ်ချောင်းပဲ ရှိပါတယ်တဲ့။ သူကတံခါးဝမှာ ပိတ်ရပ်၊ သူ့လက်မောင်းကို သူ့ဓားလေးနဲ့
သွေးတွေ ပန်းထွက်လာအောင် ခွဲချလိုက်ပြီး လူတွေကို လှမ်းပြောတာက သူ့မှာ AIDS ရောဂါ ရှိတဲ့
အကြောင်း၊ ဒါကြောင့်မို့ ခုသူ့သွေးနဲ့ တွေ့ထိသမျှ လူအားလုံးဟာ ဒီရောဂါရသွားနိုင်တာမို့
ရောဂါမရချင်ရင် မိမိရဲ့ လက်ဝတ် လက်စားတွေကို သူ့ရှေ့မှာ လာချပြီး အခန်းထဲက အေးအေးဆေးဆေး
ထွက်သွားဖို့ အကြောင်းပါ။ AIDS ဆိုတဲ့ အသံနဲ့ အတူ သွေးတွေပါ မြင်လိုက်ရတော့ ရှိသမျှ
လူအားလုံးဟာ အရမ်း ကြောက်သွား ကြတယ်။ ဘာလုပ်ရမှန် မသိအောင်ဖြစ်ကုန်ကြတယ်။ သူ့နာလည်းဘယ်သူမှ
မကပ်ရဲကြ။ အဲဒီအချိန်မှာ လူငယ်တစ်ယောက်က ရုတ်တရက်ပြေးထွက်လာပြီး အဲဒီလူဆိုးကို ဝင်လုံးသတ်ပါတယ်တဲ့။
နောက်ဆုံးမတော့ သူ့ကိုယ်မှာလည်း သွေးသံရဲရဲနဲ့ လူဆိုးကို ဖမ်းချုပ်ပြီး ရဲလက်အပ်လိုက်ပါတယ်တဲ့။
ဒီတော့ ရှိသမျှ လူအားလုံးဟာ အဲဒီသူငယ်ကို အံ့သြခြင်းများစွာနဲ့ ဝိုင်းမေးကြတယ်တဲ့။
ဟ သူ့မှာ AIDS ရောဂါရှိမှန် သိသိကြီးနဲ့၊ မင်းသေမှာ မကြောက်ဘူးလားပေါ့။ ဒီတော့ သူငယ်က
အေးအေးလေးပဲ ပြန်ပြောလိုက်တာက ခင်ဗျားတို့ပဲ တစ်ချိန်လုံး ကွန်ဒွန်၊ ကွန်ဒွန်နဲ့ ပြောပြောနေကြတာ။
ကွန်ဒွန်သာဆောင်ထား၊ ဘယ်တော့မှ ဒီရောဂါမရစေရဘူးဆို။ ကျုပ်ဘာလို့ ကြောက်ရမှာလဲ။ ကျုပ်သွားလေရာ
ကွန်ဒွန်ကို အိတ်ထဲ အမြဲ ဆောင်ထား ပါတယ်တဲ့။ ပုံပြင် လေးကတော့ ဒါပါပဲ။ သူလိုလူစားမျိုး
ဒီမှာ ဘယ်လောက်များများ ရှိနေလည်းမှ မသိ။

စာကြွင်း။
စမတ်နဲ့ ကာကွယ်ရေး ဌာနတို့ဖြစ်တဲ့ အမှုအပြီးသတ်မှာ သူအနိုင်ရသွားပါတယ်။ အနောက်တိုင်း
ပုံပြင်ထဲကလို လူစွမ်းကောင်း ဒေးဗစ်က ဘီလူးကြီး ဂိုလိယက်ကို အနိုင်ရလိုက်တာပဲလို့ သတင်းစာတွေက
တင်စားရေးကြပါတယ်။ သူစစ်ထဲ ဝင်ခွင့်ရသွားပါတယ်။ ဒါပေမယ့် သူက စစ်ထဲ မဝင်လို့တော့ ပါတဲ့။
သူလိုဘဝတူ HIV Positive သမားတွေရဲ့ အခွင့်အရေးတွေ အတွက် ရှေ့တန်းက ဆက်လက်တိုက်ပွဲဝင်သွားမယ်တဲ့။
ဗုဒ္ဓေါ။ သူတို့ကို ဒီထက်အခွင့်အရေး ပိုပေးရရင်တော့။

စိုးမြင့်
(မေ့ဆေး)

ခေတ္တ၊
အိုရှာခါတီ၊ နမီးဘီးယား

မဟေသီ
- အမှတ် ၁၉၀၊ အောက်တိုဘာ၊ ၂၀၀၀ ပြည့်နှစ် (စာမျက်နှာ ၁၄၁၊ ၁၄၇)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top