13
Jul

အာဖရိကရောက် မြန်မာတစ်ယောက် - ၂၆



၂၀၀၀
ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်၊ နမီးဘီးယားမှာ ပထမဦးဆုံးအကြိမ် အဖြစ်အရေးပေါ် လူနာဌာနမှာ
တာဝန်ကျဆရာဝန်အနေနဲ့ ကျွန်တော်ထိုင်ဖြစ်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင် ကျွန်တော် ဒီနိုင်ငံရောက်တာ
၆ နှစ်ကျော်လို့ ၇ နှစ်အတွင်း ရောက်နေပါပြီ။ ဒါပေမယ့် မေ့ဆေးဆရာဝန် တစ်ယောက်အနေနဲ့မို့
ကျွန်တော့်အဓိက တာဝန်က ခွဲစိတ်ခန်းထဲမှာပါ။ ခွဲခန်းပြီးရင် ကျွန်တော့်အလုပ်က လူနာခန်းထဲမှာ၊
လူနာမခွဲစိတ်မီ မေ့ဆေးဒဏ် ခံနိုင်မခံနိုင် စစ်ပေးရတာပါ။ ရံဖန်ရံခါတော့လည်း လိုအပ်ရင်ခွဲ
စိတ်ပြီး လူနာများကို ကြည့်ပေးရတာပဲ ရှိပါတယ်။ တစ်ခါတစ်ရံ အရေးပေါ် အနေနဲ့ ခေါ်မှသာ အရေးပေါ်ဌာနမှာ
အသက်ကယ် လုပ်ငန်းကို ခဏဝင် လုပ်ပေးရတက်တာပဲ ရှိပါတယ်။ ပုံမှန်အနေနဲ့ တာဝန် မယူရပါ။
ဒါနဲ့ပဲ မေ့ဆေးဘွဲ့လွန် ရပြီးကတည်းက ပြင်ပ လူနာတွေနဲ့ တွေ့ထိမှု မရှိတော့သလောက် ဖြစ်နေတာ၊
ဘာလိုလိုနဲ့ အနှစ် ၂၀ ကျော်လောက်ပင် ရှိသွားပါပြီ။

အဲဒီနေ့က
အရေးပေါ် ပြင်ပလူနာမှာ ထိုင်ဖြစ်ခဲ့ရခြင်း အကြောင်းရင်းကို ပြေရရင်တော့ ဘယ်သူကမှ အတင်းခိုင်းလို့
မဟုတ်ပါ။ ဒီဇင်ဘာ ခရစ္စမတ်ရာသီမှာ ပြင်ပလူနာမှာ ထိုင်ဖို့ ဆရာဝန် မလုံလောက်လောက်အောင်
ခွင့်တွေ သွားကုန်ကြတာမို့ ကူညီတဲ့အနေနဲ့ပါ။ ကျွန်တော့် အနေနဲ့လည်း အပြင်လူနာတွေနဲ့
တွေ့ထိတဲ့ ဗဟုသုတ ရချင်လို့ပါ။ တစ်ခုပိုစိတ်ဝင်စားဖို့ ကောင်းတာကလည်း မကြာသေးမီကမှ
အသစ်ဖွင့်လိုက်တဲ့ ဆေးရုံသစ်ကြီးမှာ သွားလုပ်ရမှာပါ။ ကျွန်တော်တို့ လက်ရှိလုပ်နေတဲ့
ဆေးရုံက အနှစ် ၃၀ ကျော် သက်တမ်းရှိနေပြီ၊ ဟောင်းနေပြီမို့ ခေတ်မီအောင် ပြုပြင်ဖို့
လိုအပ်နေပါပြီ။ ဒီမှာက ထုံးစံအတိုင်း အဟောင်းကိုပြင်တာထက် အသစ်ထပ်ဆောက်တာက ပိုသက်သာတာမို့
ထင်တယ်။ ဘေးမှာရှိတဲ့ နေရာလုပ်ကြီးမှာ အသစ်ထပ် ဆောက်တာပါ။ ဆေးရုံက ခုတင် ၈၀၀၊ ရန်ကုန်ဆေးရုံဝင်းကြီးလို
ကျယ်တာမို့ ဧရာမ စီမံကိန်းကြီးပါ။ အဆင့်သုံးဆင့်နဲ့ အဟောင်းကို ဖျက်ပြီး အသစ်ကို ရွှေ့ရတာပါ။
လောလောဆယ်မှာတော့ အရေးပေါ်ဌာန၊ ပြင်ပ လူနာဌာန၊ ဓာတ်မှန်၊ ဆေးဝါးဌာနတို့ နေရာသစ်ကို ရောက်ကုန်ပါပြီ။
အားလုံး ပြီးစီးသွားရင်တော့ လူနာ ဆောင်တွေအားလုံးနဲ့ အတူ ကျွန်တော်တို့ အိမ်တွေပါ ရွှေ့ရမှာပါ။

ဒီမှာ
ကျွန်တော်တို့ ဂျူတီချိန်က တစ်ချိန်ကို ၂၄ နာရီ၊ ကနေ့နံနက် ၈ နာရီကနေ နောက်နေ့နံနက်
၈ နာရီမို့ မသက်သာလှပါ။ အဲဒီနေ့က နံနက် ၈ နာရီမှာ ကျွန်တော်ရောက်သွားတော့ စောင့်နေတဲ့
လူနာတွေက အခန်းပြည့်လုလုပါ။ အရေးပေါ် လူနာကြည့်ခန်းဆိုတာလည်း ခန်းမကြီး တစ်ခုစာမက ကျယ်တာပါ။
တစ်ဖက်တစ်ချက်မှာ စမ်းသပ်ခုတင် ၄ လုံးစီမို့၊ ပေါင်း ခုတင် ၈ လုံး၊ အသေးစား ခွဲစိတ်ခန်း
၃ ခန်း အပါအဝင်၊ ဆရာမတွေ ထိုင်တဲ့ ကောင်တာ စားပွဲရှည်ကြီး၊ တယ်လီဖုန်းစက် ခလုတ်ခုံ
စတာတွေနဲ့မို့ ပြည့်ပြည့်စုံစုံ ရှိပါတယ်။ အပြင်လူနာတွေ လက်ခံတဲ့နေရာ၊ စောင့်တဲ့ နေရာကလည်း
နောက်ထပ်ခန်းမတစ်ခုစာ ကျယ်ပါသေးတယ်။ (ဆေးရုံဟောင်းထက် ၄၊ ၅ ဆလောက် ပိုကျယ်ပါတယ်) ဒါကြောင့်မို့
ဆေးရုံသစ်ကြီးကို အပြင်ကနေ ကြည့်မယ်ဆိုရင် အမိုးခုံးအမြင့်ကြီးတွေနဲ့မို့ ဆေးရုံထက်
ရထားဘူတာကြီးနဲ့ ပိုတူနေပါတယ်။ ဒီမြို့မှာတော့ အကြီးဆုံး အဆောက်အအုံပါ။ အဲဒီမှာ တာဝန်ကျ
ဆရာဝန်အနေနဲ့ ကျွန်တော်တစ်ယောက်တည်းပါ။ အကူအနေနဲ့တော့ အလုပ်သင် ဆရာဝန် တစ်ယောက် ရှိပါတယ်။

ဗဟုသုတ
အနေနဲ့ ရေးရရင်တော့ ကျွန်တော်တစ်ခါက ရေးဖူးသလို ဒီနိုင်ငံမှာ နိုင်ငံသားတိုင်း အခမဲ့
ဆေးကုသခွင့် ရှိပါတယ်။ ဆေးရုံ၊ ဆေးပေးခန်းတွေမှာလည်း ဆေးဝါးတော်တော်လေး ပြည့်ပြည့်စုံစုံ
ရှိပါတယ်။ (ဆေးရုံမှာ မရှိလို့ အပြင်ဆေးဆိုင်မှာ ဝယ်ရတာမျိုး မကြားဖူးသလောက်ပါ။ လူနာတစ်ယောက်အဖို့
ပြင်ပလူနာမှာ ဆရာဝန်နဲ့ လာပြချင်ရင်၊ မှတ်ပုံတင်ကြေး သူတို့ငွေ ၉ ဒေါ်လာနှုန်းနဲ့ ရုံးချိန်ပြင်ပဆိုရင်
၁၄ ဒေါ်လာနှုန်းသာ ပေးရပြီး နောက်ပိုင်း ဆေးဝါးအတွက် ကုန်ကျသမျှ အစားအသောက် အဝတ်အစားအပါအဝင်၊
စကားကုန်ပြောရရင် လိုအပ်လို့ မြို့တော်က ဆေးရုံကြီးမှာ ပြောင်းရွှေ့ကုသရလည်း အစိုးရကပဲ
အားလုံး တာဝန်ယူပါတယ်။ (ဒီအတွက် အရေးပေါ် လူနာတင်ကားတွေအပြင် အပတ်စဉ် ပုံမှန်ပို့ပေးနေတဲ့
ဘတ်(စ်) ကားကြီး တစ်စီးရှိပါတယ်။ ထိုနည်းအတိုင်းပဲ ဒီမြောက်ပိုင်း တိုင်း တစ်ခုလုံးမှာ
ရှိတဲ့ ဆေးရုံလေးတွေ ဆီကနေ ဒီဆေးရုံကြီးဆီ လူနာတွေ ပို့ပေးနေတဲ့ ပုံမှန်ဘတ်စ် တွေလည်း
သူ့ရက်နဲ့သူ ရှိပါတယ်။) အားလုံးက အခမဲ့ချည်းပါ။ သူတို့ သိပ်ကို ကံကောင်းပါတယ်။ နိုင်ငံတော်
ဘတ်ဂျက်ရဲ့ ၁၅ ရာခိုင်နှုန်းကို ကျန်းမာရေး အတွက် သုံးတာမို့ ကျန်းမာရေးတွက် အသုံးစရိတ်မှာ
ကမ္ဘာ့ထိပ်တန်း ၁၀ စာရင်းထဲ ဝင်တယ်လို့ ကျွန်တော် ဆိုခဲ့ဖူးတာပါ။ ဒါတင်မကသေးပါဘူး။ နိုင်ငံခြား
အစိုရတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကနေ အကူအညီအဖြစ် ရတဲ့ ဆရာဝန်တွေ၊ ဆေးဝန်ထမ်းတွေလည်း
တစ်ပုံကြီးပါ။ ဒီထဲမှာ ကျူးဗားနဲ့ အနောက်နိုင်ငံတွေဆီကတင် မကပါဘူး။ အရှေ့ဘက်က တရုတ်နဲ့
အိန္ဒိယ အစိုးရတွေဆီကရတဲ့ အကူအညီတွေလည်း ရှိပါသေးတယ်။ အိုကာဟောင်း ဆိုတဲ့ ရွာသာယာလောက်ရှိတဲ့
မြို့လေးမှာ “Indira Gandhi” အင်ဒီရာဂန္ဒီ ဆိုတဲ့ အမျိုးသမီး ဆေးရုံကြီးကို ဖွင့်လိုက်တာ
မကြာသေးပါဘူး။ အိန္ဒိယ အစိုးရက လှူတာပါ။ အင်ပိုလာနယ်နားမှာ ရှိတဲ့ Engila ဆိုတဲ့ ဆေးရုံကြီးက
တောထဲမှာ နန်းတော်ကြီး လောက်ကို ခမ်းနားလှပါတယ်။ ဒါလည်း Filand အစိုးရက လှူတာပါ။ ဒါကြောင့်မို့
ကျန်းမာရေးအတွက် ငွေကို ရေလို သုံးနိုင်တာပါ။ (ကံကောင်းလို့ အသက် ၆၀ ကျော်ထိ အသက်ရှည်
နေရဦးမယ်ဆိုရင် သက်ကြီးပင်စင်၊ တစ်လ ၂၀၀ အလုပ်ရှိရှိ မရှိရှိ၊ ဝန်ထမ်းဟုတ်ဟုတ် မဟုတ်ဟုတ်
နိုင်ငံသားတိုင်း ခံစားခွင့် ရှိပါသေးတယ်) ။

ဒါပေမယ့်
အပြင် ပုဂ္ဂလိက ဆေးခန်းမှာ ကုရလို့ကတော့ နာဖို့သာပြင်ပါ။ စမ်းသပ်ခချည်းသက်သက် တစ်ကြိမ်ကို
ဒေါ်လာ ၆၀ ဆေးဖိုးတွေကလည်း ခေါင်ခိုက်နေတာမို့ ကျန်းမာရေးတွက် အာမခံလုပ်ထားသူတွေနဲ့
ချမ်းသာသူတွေ ကလည်း လွဲရင် တော်ရုံလူ မကပ်နိုင်ပါ။ ကံမကောင်း၊ အကြောင်းမလှလို့ အပြင်လူနာအနေနဲ့
အခွဲစိတ်ခံရလို့ကတော့ မွဲကိန်းပါ။ ခွဲခန်းခက တစ်မိနစ်တိုင်းကို ရှစ်ဒေါ်လာပါ။ လူနာခန်းခက
တစ်နေ့ ၁၂၀၊ ခွဲစိတ်နဲ့ မေ့ဆေး ဆရာဝန်ခတွေက အနည်းဆုံး ဒေါ်လာ တစ်သောင်းပါ။ အစိုးရဝန်ထမ်းနဲ့
မှီခိုသူတွေ အတွက်တော့ အစိုးရက Government Medical Akd လို့ ခေါ်တဲ့ အာမခံလုပ်ပေးထားလို့သာ
ကျွန်တော်တို့ ခံသာပါတယ်။ ဒါရှိထားရင် ဆေးရုံဆေးဝါး ကုန်ကျစရိတ် အားလုံးရဲ့ ၅ ရာခိုင်နှုန်းပဲ
ပေးဖို့ လိုပါတယ်။ (ပုဂ္ဂလိက ကျန်းမာရေး အာမခံ ကုမ္ပဏီတွေလည်း ရှိပါသေးတယ်။ ပုံစံအမျိုးမျိုးနဲ့ပါ။
အရမ်းကို ပေါများနေသူတွေကတော့ ဖုန်းနဲ့လှမ်းခေါ်လိုက်ရင် မြို့တော်ကနေ ဆေးဝန်ထမ်းတွေနဲ့အတူ
လေယာဉ်ငယ်လေးနဲ့ သင့်ကို လေယာဉ်ကွင်းမှာ လာကြိုပါလိမ့်မယ်)၊ အိုရှာခါတီမှာ အပြင်ဆရာဝန်
၆ ယောက်လောက်ရှိပါတယ်။ (သူတို့နိုင်ငံသားတွေနဲ့ နိုင်ငံသား ခံယူထားသူတွေသာ ပြင်ပဆေးခန်းဖွင့်တာပါ)
အနည်းဆုံးမာစီးဒီတို့) ပါဂျရိုတို့၊ Latest Model မှ စီးတဲ့ လူတွေပါ။ သူတို့ရဲ့ ဝင်ငွေက
တစ်လကို ဒေါ်လာ သိန်းနဲ့ချီ (အချို့သန်းဂဏန်းပင်) ရှိနိုင်တာပါ။

ဒီမှာတစ်ခုဆိုးတာက
ဆေးတွေကို ဝယ်ချင်တိုင်း ဝယ်လို့မရပါ။ ဆရာဝန် ဆေးစာမပါရင် ဆေးဆိုင်တွေက အိမ်သုံးဆေး
တချို့ကလွဲရင် ဘာမှ ဝယ်လို့ မရပါ။ မှောင်ခိုဈေးလည်း ရှိတာမဟုတ်လို့ မိမိဘာသာ မိမိအပြင်မှာ
သွားဝယ်စားလို့ မရပါ။ အများစုက ဆင်းရဲသူတွေမို့ ဆေးရုံကိုသာ အားထားကြရတာပါ။ ဒါကြောင့်မို့လည်း
ဆေးရုံမှာ လူနာတွေ လျှံနေတာပါ။ (အပြင်ဆရာဝန်တွေလည်း ရေလျှံနေတာ ပါ)။ ဒီလူနာတွေထဲမှာ
တစ်ဖက် (အနှစ် ၂၀ ကျော်ပြည်တွင်း စစ်ဖြစ်နေတဲ့) အင်ဂိုလာ နိုင်ငံကလာတဲ့ လူနာတွေ အရေအတွက်ကလည်း
မသေးပါ။

ကျွန်တော်ပြောခဲ့သလိုပေါ့။
၁၀၀ ကျော် ၂၀၀ ရှိတဲ့ ဒီလူနာတွေကို ကျွန်တော်တစ်ယောက်တည်း ကြည့်ဖို့ရာ မပြီးနိုင်ပါ။
လူနာကြည့်ရုံနဲ့ မပြီးသေးပါ။ အားလုံးသိတဲ့ အတိုင်းပဲ ဒီအရေးပေါ်ဌာနဆိုတာက ပြဿနာပေါင်းစုံ
လာတာပါ။ ယာဉ်မတော်တဆမှုတွေ၊ ခိုက်ရန် ဖြစ်ပွားမှုတွေ၊ ရဲမှုခင်းတွေ အစုံလာတာမို့ ဆရာမတွေကို
ပိုအားထားရပါတယ်။ ဒီနေရာမှာ တစ်ခုမှာ ချစ်ဖို့ကောင်းတာက လူနာတိုင်းကို ဆရာမတွေကပဲ အရင်ကြည့်ရပြီး
မှတ်တမ်းရေးတာတို့၊ အပူချိန်တိုင်းတာတို့၊ သွေးတိုင်းတာတို့ကို သူတို့ပဲ လုပ်သွားကြတာမို့
ကျွန်တော့် အဖို့ နည်းနည်းခံသာပါတယ်။ တော်ရုံနှာစေး၊ ချောင်းဆိုး တာလောက်ကို သူတို့ပဲ
ဆေးပေးပြီး ပြန်လွှတ်ပါတယ်။ တစ်ခုဆိုးတာကတော့ သူတို့စကား ကိုယ်နားမလည်တာပါပဲ။ ဒါကြောင့်မို့
တစ်ချိန်လုံး ဆရာမတစ်ယောက်ကို ဘာသာပြန်ဖို့ခေါ်ထားရပါတယ်။ သိတဲ့အတိုင်းပဲ။ ဒီနိုင်ငံမှာ
ဆရာဝန်အများစုက နိုင်ငံခြားသားတွေမို့ ဘာသာစကားက အတားအဆီးတစ်ခုပါ။ ဒီမှာ ကျွန်တော်က
ပိုညံ့နေပါတယ်။ ကျွန်တော် နမီးယန်းဝေါဟာရက သူများတွေနဲ့စာရင် ပိုဆင်းရဲပါတယ်။ ဆရာမတွေကလည်း
ဒါကိုပဲ ပြောပါတယ်။ ဒီအတွက် ကျွန်တော့်မှာ လုံလောက်တဲ့ဖြေရှိပါတယ်။ ကျွန်တော့်က မေ့ဆေးဆရာဝန်ပဲ။
ကျွန်တော်နဲ့ တွေ့တဲ့လူနာတိုင်းက မကြာခင် မေ့မေ့ သွားကြတာချည်းမို့ ဘယ်မှာသွားပြီး
စကားပြောစရာ အချိန်ရှိလို့လဲလို့။

နောက်တစ်ခုက
ဒီမှာ ထူးခြားတာက ကျွန်တော်တို့ လူနာတွေကို ဆေးပေးတဲ့အခါမှာ ကိုယ်ပေးချင်တိုင်း ပေးလို့မရတာပါ။
Treatment Guideline ဆေးဝါးကုသမှု ညွှန်ကြားချက် စာအုပ်မှာ ညွှန်ထားတဲ့အတိုင်း တိတိကျကျ
လိုက်နာဖို့ လိုပါတယ်။ ဆေးဝါးဌာနက လူတွေကလည်း သူတို့ မသင်္ကာရင် အဲဒီစာအုပ်တွေကိုပဲ ဖွင့်ဖတ်ပြီး
စစ်ကြည့်တတ်တာမို့ ကိုယ်ပေးတဲ့ ဆေးက ဘောင်မဝင် လို့ကတော့ ဆရာဝန်ဆီ ပြန်လွှတ်တတ်ပါတယ်။
(စာအုပ်ကြီးထဲက အတိုင်းပေါ့) ဥပမာ တက်ထရာ ဆိုင်ကလင်းကို တစ်တောင့်(သို့) နှစ်တောင့်
၆ နာရီကြား၊ တနေ့ ၄ ကြိမ်ပေးဖို့ လိုပါတယ်။ ဒါကို ၂ ကြိမ်၊ ၃ ကြိမ်ဆိုပြီး သွားညွှန်လို့
မရပါ။ ပြန်လာပါလိမ့်မယ်။ တချို့ဆေးတွေကို သီးသန့် သတ်မှတ်ထားတဲ့ ရောဂါကလွဲရင် အခြားရောဂါမှာ
သုံးခွင့်မရှိပါ။ ဥပမာ တိုက်ဖွိုက်ရောအတွက် သုံးတဲ့ ကလိုရိုဖင်နီကော ကို ဝမ်းလျှေတဲ့
လူနာကို ပေးလို့ မရပါ။ (ပျောက်မှန်တော့ သိပါတယ်) ကလေးလူနာတွေ အတွက်ဆိုလည်း ကျွန်တော်တို့
လုပ်နေကျလို ကလေးကြီးဆို ဆေးပြားတစ်ခြမ်း၊ ကလေးငယ်ဆို တစ်စိတ် ဆိုပြီး မှန်းပေးလို့
မရပါ။ ကလေးကိုပေါင်ချိန်ပြီး ကိုယ်အလေးချိန် အလိုက် ဆေးကို တွက်ချက်ပေးရတာပါ။ အများအားဖြင့်
ကလေးဆေးတွေက အရည်အနေနဲ့ လာတာမို့ သူတို့ချင်တွယ်ပြီး ပေးတတ်ပါတယ်။ ဒါကြောင့်မို့ အပြင်လူနာကြည့်တဲ့
ဆရာဝန်တွေအဖို့ ဆေးစာအုပ်ရယ်၊ ဂဏန်းတွက်စက်ရယ် ကိုယ်နဲ့မကွာ ရှိဖို့လိုပါတယ်။ တိကျတာမို့
ကောင်းပါတယ်။ ဒါပေမယ့် လူနာတစ်ယောက်ဆို ဆိုသလောက် အချိန်ယူရတာမို့ ၅ မိနစ်တစ်ယောက်နှုန်း
မပြီးနိုင်ပါ။ ဒီအထဲ ရောဂါကြီးသမားတွေ၊ ရဲမှုခင်းတွေပါ ကြည့်ပေးရတာဆိုတော့ လူနာတွေက
လျော့မသွားတဲ့အပြင် တိုးတိုးလို့သာ လာနေပါတယ်။ ကျွန်တော့်ကို ကူတဲ့ အလုပ်သင် ဆရာဝန်မလေးက
Julia လို့ ခေါ်တဲ့ သြစတြီးယန်း သူလေးပါ။ ခပ်သွက်သွက်လေးမို့ အတော်လေးတော့ အားကိုးရပါတယ်။
သူက ကလေးလူနာခန်းမှာ လက်ရှိလုပ်နေတာမို့ ကလေးလူနာတွေ အတွက် ပိုအားကိုးရပါတယ်။ သူမအပြင်
အခြားဒပ်(ခ်ျ) ဆေးကျောင်းသား နှစ်ယောက်ကလည်း လာကူလုပ်ပေးပါသေးတယ်။ သူတို့တစ်တွေ အကူအညီနဲ့
ပေမို့ပဲ ညသန်းခေါင်ကျော် တစ်ချက်တီးလောက်မှာ လူနာတွေ ပြတ်သွားပါတယ်။ အဲဒီထိ ကျွန်တော်တို့မှာ
နားချိန်ဆိုလို့ နံနက်စာနဲ့ ညစာအတွက် တစ်နာရီစီပဲ ရှိခဲ့ပါတယ်။ တကယ်တမ်းတော့ လူနာတွေ
မကုန်သေးပါ။ ကျွန်တော် ခဏပြန်အိပ်နေတုန်း မှာလဲ တဖွဲဖွဲလာနေဆဲပါ။ ဒါပေမယ့် ဆရာမတွေက
အရေးမကြီးတာတွေ ဆိုင်းထားပြီး နံနက် ၅ နာရီကျော်မှ ဖုန်းနဲ့ထပ်ခေါ်တာပါ။ ဒါကြောင့် အဲဒီနေ့က
ကျွန်တော့်အလုပ်ချိန် စုစုပေါင်း ၁၈ နာရီပါ။ အရေးပေါ်မှာ ဆရာဝန်တစ်ယောက်ရဲ့ တာဝန်က မသေးပါ။
(ဆရာမတွေက ဂျူတီချိန် ၈ နာရီ ၃ ဆိုင်း၊ အလုပ်သင်ဆရာဝန်က ၁၂ နာရီတောင်လျှောက် ဂျူတီပါ)
အချို့ညတွေမှာ လုံးဝမအိပ်ဘဲ လုပ်တာတောင် လူနာမကုန်တာတွေ ရှိတယ်ဆိုတာ အမှန်ပါ။ (ဒါတွေမြင်ရတော့
ကျွန်တော်တို့ မေ့ဆေးဆရာဝန်တွေ အလုပ်များတယ်ဆိုတာ အသေးအမွှားလေး ဖြစ်သွားပါတယ်။ တစ်ခုကွာတာကတော့
ကျွန်တော်တို့ အလုပ်က အသက်နဲ့ ပိုနီးတယ်ပြောရမလားပဲ)

လွန်ခဲ့တဲ့
အနှစ် ၂၀ ကျော်ကာလ ကိုယ့်နိုင်ငံမှာနဲ့ ခုကာလ ဒီက ပြင်လူနာ ဌာနမှာ လူနာတွေ ဘယ်လို ကွာခြားသွားလဲ။
ကျွန်တော့်အမြင်မှာတော့ မိုးနဲ့မြေကြီးပမာ ကွာသွားပါပြီ။ ဟိုအနှစ် ၂၀ ကျော်တုန်းက
HIV/AIDS ဆိုတာ ကြားဖူးဖို့ နေနေသာ နောင်ကို ပေါ်လာလိမ့်မယ်လို့ တောင် စိတ်မကူးမိခဲ့တဲ့
ရောဂါပါ။ ဒါကြောင့်မို့ အရေးပေါ် လူနာဆိုတာ (အချို့အနည်းငယ်မှ အပ) နှာစေး၊ ချောင်းဆိုး၊
ဗိုက်နာ၊ ဝမ်းလျှောတာလောက် ရှိတာပါကွာလို့ ပြောလို့ရပါတယ်။ ဆေးပေးလိုက်ရင် လွယ်လွယ်နဲ့
ပျောက်သွားမယ့် ရောဂါတွေပါလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ယခု HIV/AIDS ခေတ်မှာတော့
ဒီနှာစေး ချောင်းဆိုးတွေ လောက်ကိုပဲ ပေါ့ပေါ့တွေးလို့ မရတော့သလို ပေါ့ပေါ့ကုလို့ မရတော့ပါ။
လာပြတာတော့ ချောင်းဆိုး၊ ဝမ်းလျှောတာလောက်ပါပဲ။ ဒါပေမယ့် လနဲ့ချီပြီး ဆိုးနေ၊ လျှောနေတဲ့
လူနာတွေပါ။ ရှင်းအောင်ပြောရရင်တော့ HIV/AIDS ရောဂါသည်တွေပါ။

HIV/AIDS
ဆိုတာ ဒီအာဖရိကမှာ နံပါတ်တစ် လူသတ်တရားခံ အဓိက ပြဿနာဆိုတာ ကျွန်တော်ခုမှ ကောင်းကောင်း
သဘောပေါက်ပါပြီ။ မေ့ဆေးဆရာဝန် တစ်ယောက်အနေနဲ့ ခွဲခန်းမှာ ကျွန်တော်တို့ တွေ့နေရတဲ့
ဒီရောဂါသည်တွေ ဆိုတာက အကင်းလောက်ရှိတာပါ။ ခု ကျွန်တော်ဒီမှာ နဖူးတွေ့ ဒူးတွေ့၊ တွေ့နေရတာက
လူနာအားလုံးပေါင်းရဲ့ ထက်ဝက်ကျော်လောက် ရှိနိုင်ပါတယ်။ မျက်လုံးဟောက်ပက်နဲ့ အရိုးပေါ်
အရေတင် အခြေအနေရောက်နေတဲ့ လူနာတွေကတော့ ဒီရောဂါမှန်း သိသာပေမယ့် အများစုက သူလို ကိုယ်လိုသာမန်ပုံစံနဲ့ပါ။
ကျွန်တော် ရေးခဲ့ဖူးသလိုပေါ့။ သည်ရောဂါနာမည်ကို လျှို့ဝှက်ထားရတာမို့ လူနာ မှတ်တမ်းထဲ
ချရေးလို့ မရပါ။ ဒါပေမယ့် ကျွန်တော်တို့ ချင်းသာသိတဲ့ သင်္ကေတ စာလုံးလေးတွေနဲ့ သူတို့ကို
စစ်ခိုင်းထားတာတွေကို ကြည့်ပြီး တချို့ကိုတော့ ပြောနိုင်ပါတယ်။ သူတို့ကို ဖွင့်မေးလို့လည်းမရ၊
(တစ်ယောက်လားပဲ သူ့မှာ HIV ပိုးရှိတယ်ဆိုတာ ဖွင့်ပြောသွားပါတယ်။ ကြည့်လိုက်တော့ ရုပ်ရေသနားကမား
ကောင်မလေးပါ) ဘယ်သူ့ကိုမှလည်း ယုံလို့မရ။ ချောင်းတဟွတ်ဟွတ် ဆိုးနေတဲ့ တီဘီရောဂါသည်ရဲ့
နောက်မှာ ဒီရောဂါအခံ ရှိဖို့ များသလို ဆံပင်နီကြောင်ကြောင်နဲ့ ဖြူဖပ်ဖြူရော် အာဟာရချို့တဲ့နေတဲ့
ကလေး လေးတွေကိုလည်း မွေးရာပါ HIV/AIDS ရောဂါမရှိဘူးလို့ မပြောနိုင်ပါ။ ဒီမှာတင် လူနာနှစ်ယောက်
တွေ့ခဲ့ပါတယ်။ စိတ်ဖောက်ပြန်ပြီး အော်ဟစ်ရုန်းကန်နေလို့ ဘေးက ဝိုင်းဝန်းချုပ်ကိုင်ထားရတာပါ။
လူငယ်လေးတွေပါ။ ကျွန်တော်က စိတ်ဝေဒနာရှင်တွေလို့ ထင်မိပါတယ်။ (စိတ်ရောဂါကု ဆရာဝန်ကို
လှမ်းခေါ်မလို့ပါပဲ) ဆရာမတွေက မဟုတ်ဘူး။ အဲဒါတွေလည်း HIV ပိုး အားရုံကြောထဲရောက်သွားလို့
စိတ်ဖောက်နေတာပါတဲ့။ ကျွန်တော်အတော်ဖျားသွားမိတယ်၊ ခုမှပဲ ကျွန်တော်ကြုံဖူးတာပါ။ ဒါဆို
ကုန်ပြီပဲ။ HIV ပိုးနဲ့ ကင်းတာ ဘာကျန်တော့လို့လဲ။ ကားတိုက်ခံရတဲ့ လူနာ၊ အရိုက်ခံရတဲ့
လူနာတွေ မှာရော ဒီရောဂါပိုးမှ ကင်းရဲ့လား။



စိုးမြင့် (မေ့ဆေး)

ခေတ္တ၊
အိုရှာခါတီ၊ နမီးဘီးယား

မဟေသီ
- အမှတ် ၁၉၆၊ ဧပြီ၊ ၂၀၀၁ခုနှစ် (စာမျက်နှာ ၁၆၂၊ ၁၇၀)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top