13
Jul

အာဖရိကရောက် မြန်မာတစ်ယောက် - ၂၆



တစ်ချိန်မှာတော့ အရိုးပေါ် အရေတင် ရောဂါကျွမ်းသလောက်
ဖြစ်နေတဲ့ AIDS ရောဂါသည်
နှစ်ယောက်ကို စစ်ပေးရပါတယ်။ တစ်မိသားစုတည်းကနေ
လာတဲ့ ညီအစ်ကို နှစ်ယောက်လို့ ဆရာမတွေ အပြောအရ သိရပါတယ်။ အသက်ကိုကြည့်လိုက်တော့ ၂၉
နဲ့ ၃၀ စီပဲ ရှိပါသေးတယ်။ ပါလာတဲ့ အဖေ အမေတွေ ကတော့ အသက်တွေကြီးနေပါပြီ။ ဒါပေမယ့် ကျန်းကျန်းမာမာ
ကြီးတွေပါ။ ကျွန်တော်က စပ်စပ်စုစု မေးကြည့်လိုက်တော့ ချွေးမတွေလည်း ဆုံးကုန်ပါပြီတဲ့။
ရှိတဲ့မြေး ၄ ယောက်ကလည်း ကျန်းမာတယ်ရယ်လို့ မရှိလှဘူး။ တရှောင်ရှောင်ပါပဲတဲ့။ (အမျိုးသမီးနဲ့
ကလေးတွေက ဒီရောဂါဒဏ်ကို ပိုခံရတာ ထုံးစံပါ) လူနာတွေကုရင်း ကျွန်တော်စိတ် အတော် ပျက်သွားမိပါတယ်။
တကယ့် အနိဌာရုံတွေမို့ပါ။

ကျွန်တော်တို့ရဲ့
ရှေးဘိုးဘွားဘီဘင်တွေ ခေတ်တုန်းက ပလိပ်ရောဂါကပ်တို့၊ ကျောက်ရောဂါကပ် တို့ဆိုတာ ရှိခဲ့ဖူးပါတယ်။
တစ်ခါတစ်ခါ ဖြစ်လိုက်ရင် လူတွေသောက်သောက်လဲ သေကြပါတယ်။ နေ့မြင်ညပျောက်လို့ ပြောရအောင်ကို
အတော်လည်း မြန်ပါတယ်။ ဒီနောက်ပိုင်းမှာတော့ ဆေးပညာတွေ တိုးတက်လာတာနဲ့အမျှ ဒီလိုကပ်ရောဂါတွေ
ကမ္ဘာမှာပျောက်ကွယ် သွားပြီးနောက် လူ့သက်တမ်းတွေလည်း ပိုရှည်လာတာ တွေ့ရပါတယ်။ ဒါပေမယ့်
၂၀ ရာစုနောက်ပိုင်း HIV/AIDS ကမ္ဘာ့ကပ်ရောဂါပေါ်လာပြီး နောက်မှာတော့ သန်သန်မာမာ လူငယ်တွေက
အသေစောပြီး (အထက်က မိသားစုလိုပေါ့) မိမဲ့ ဖမဲ့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေပဲ ကျန်ရစ်နေပါတယ်။
ပိုဆိုးတာက ခုကိစ္စမှာက နေ့မြင်ညပျောက်မဟုတ်လို့ လူတွေ ကြောက်ရကောင်းမှန် မသိသေးတာရယ်၊
ဆေးတွေ့ဖို့ လမ်းမမြင်သေးတာရယ်ပါ။ ကျွန်တော်တို့ ဆေးပညာရှင်တွေ စစ်ရှုံးနေပါပြီး။ ဒီ
HIV ပိုးကြောင့်ပဲ တစ်ခါက ကျွန်တော်တို့ အောင်နိုင်ခဲ့ပြီးတဲ့ တီဘီလို၊ ဌက်ဖျားလို
ရောဂါမျိုးတွေ ခုအခါမှာ ပြန်ထောင်လာတော့လည်း ဘာမှမတတ်နိုင်တော့ပါဘူး။ လက်ရှိအခြေအနေမှာတော့
လူဦးရေ ၂ သန်းမရှိသေးတဲ့ ဒီနိုင်ငံမှာ HIV ပိုးရှိမယ့် ဦးရေက ၁၀ ယေက်မှာ တစ်ယောက်နှုန်းပါ။
(လူဦးရေ သန်း ၄၀ ကျော်ရှိတဲ့ တောင်အဖရိက နိုင်ငံမှာလည်း ဒီပိုးရှိတဲ့ ဦးရေကလည်း ဒီနှုန်းပါပဲ)
ရောမစစ်ဘုရင်တွေ ခေတ်တုန်းက Decimation ဆိုတဲ့(စစ်) စားရပ်တစ်ခု ရှိခဲ့ဖူးပါတယ်။ ဖမ်းမိတဲ့
သုံ့ပန်းတွေထဲက ၁၀ ယောက်မှာ ၁ ယောက်နှုန်း ဒဏ်ခတ်တဲ့ အနေနဲ့ သတ်ပစ်တာပါ။ ရက်စက်လွန်းရာ
ကျတယ်ဆိုရင် ခုပုံစံကလည်း နောင် ၅ နှစ်ကနေ ၁၀ နှစ်တွင်းမှာ တစ်နိုင်ငံလုံးရှိ လူဦးရေရဲ့
၁၀ ပုံ ၁ ပုံက AIDS နဲ့ သေဒဏ်ချခံရပြီးသား ဖြစ်နေပြီမို့ ဘယ်လို ပြောရမလဲ။ HIV ပိုးဆိုတာက
ဘာစစ်ဥပဒေတို့၊ ဘာဂျနီဗာ သဘောတူညီချက်တို့ကိုမှ နားလည်၊ သဘောတူချက် ရယူထားတာ မဟုတ်လို့
မည်းမည်းဖြူဖြူ မြင်မြင်သမျှ သူက ညှာလိမ့်မှာ မဟုတ်။ ကိုယ်ကပဲ ကြည့်ရှောင်ဖို့ပါ။
(အလယ်ခေတ်တုန်းက ဥရောပမှာ ပလိပ်ကြောင့် လူဦးရေရဲ့ ၄ ပုံ ၁ ပုံ၊ ၂၅ သန်းကျော် ပြုတ်သွားခဲ့ဖူးတာ
လောက်တော့ ခု AIDS က အပျော့ပေါ့)

ဒါကြောင့်မို့
လူနာတွေကြည့်ရင်း ကျွန်တော်စိတ်ပျက် မိတာပါ။ မနိုင်နိုင်တဲ့ စစ်ကို ကျွန်တော်တို့ တိုက်နေရတာပါ။
ဆေးရုံက အတွင်းလူနာကုဆောင်မှာ ဆိုလည်း လူနာတွေ လျှံနေလို့ ဆရာမတွေလည်း ညည်းနေကြပါပြီ၊
(လူနာခုတင်တစ်ဝက်ကျော်လောက်ကလည်း AIDS ရောဂါသည်တွေပါ။ ဒီအစိုးရရဲ့ ပေါ်လစီက ဒီရောဂါသည်တွေကို
တတ်နိုင်သလောက် နေအိမ်မှာတင် ထားပြီး ကုပေးဖို့ပါ။ ကျွန်တော်လည်း တတ်နိုင်သရွေ့ သူတို့ကို
အပြင်လူနာဌာနမှာတင်၊ ဂလူးကို့(စ်) တို့၊ ဓာတ်ဆားရည်တို့ သွင်းပေး၊ သက်သာလာရင် ပြန်လွှတ်လုပ်ရပါတယ်။
(ဒါကြောင့်မို့ စောစောက ကျွန်တော်ခန်းမကြီးလို့ ထင်ထားတဲ့ နေရာက ခဏလေးနဲ့ ပြည့်လို့သွားပါတယ်။
ဆေးရုံနဲ့မတူတော့ပဲ ဈေးနဲ့ ပိုတူနေပါတယ်။) ဒါ့အပြင် လက်တွေ့မှာတော့ အားလုံးက သူတို့လူနာကို
ဆေးရုံတင်ပေးဖို့ချည်း တောင်းဆိုနေကြတာမို့ ဒါလည်း ရှင်းလို့မရတဲ့ ပြဿနာကြီးတစ်ခုပါ။
(မသေမရှင် ခံစားနေရတဲ့ လူနာတစ်ယောက်ကို အိမ်မှာတင်ထားရတဲ့ အဖြစ်မို့ သူတို့ကိုလည်း
အပြစ်မဆိုသာပါ)

လူနာတွေကုနေရင်း
၁၉၈၀ ကျော်လောက်က ရန်ကုန်မှာ ပြသွားတဲ့ Virus (ဗိုင်းရပ်ပိုး) ဆိုတဲ့ ရုပ်ရှင်ကားကို
သွားသတိရမိပါတယ်။ ဇာတ်လမ်းက ရုရှးမှာ သိပ္ပံပညာရှင် တစ်စုက ပိုးမွှားလက်နက် အဖြစ် သုံးဖို့
အတော်အဆိပ်ပြင်တဲ့ ဗိုင်းရပ်ပိုး တစ်မျိုးကို တွေ့ရှိထားပါတယ်။ တစ်နေ့မှာ အဲဒီပိုးကို
သယ်ဆောင်လာတဲ့ လေယာဉ်က ဆိုဒ်ဘေးရီးယားမှာ ပျက်ကျသွားရာမှာ ဒီပိုးတွေလည်း မတော်တဆလေထုထဲ
ရောက်ကုန်ပါတယ်။ ဒီပိုးတွေက တုပ်ကွေးရောဂါ ဖြစ်စေတဲ့ ပိုးတွေပါ။ ဒါပေမယ့် ဓာတ်ခွဲခန်းထဲ
မွေးထားတဲ့ စပါယ်ရှယ် ပိုးတွေမို့ ဆေးမရှိသေးပါ။ ဒါနဲ့ ပထမတော့ အနီးနားဝန်းကျင်က လူတွေ
သေကြတယ်။ နောက်မကြာပါဘူး။ ပိုးတွေ တကမ္ဘာလုံး ပျံ့သွားတယ်။ ဘယ်နိုင်ငံမှ မလွတ်တော့။
ကာကွယ်ဆေးကလည်း တော်တော်နဲ့ မတွေ့နိုင်။ နယူးယေက်၊ လန်ဒန်၊ တိုကျိုစတဲ့ မြို့တော်ကြီးတွေမှာ
လူတွေက အားကိုးတကြီးနဲ့ ဆေးရုံတွေဆီ လာကြတာ ကျိတ်ကျိတ်တိုးနေတယ်။ လူတွေ အတုံးအရုံးသေကြတယ်။
နောက်ဆုံးတော့ ဆရာဝန်တွေပါ လဲကုန်တယ်။ ဇာတ်လမ်းအဆုံးမှာတော့ ဝင်ရိုးစွန်းဒေသမှာ သုသေသန
လုပ်နေကြတဲ့ သိပ္ပံပညာရှင် တစ်စုကလွဲလို့ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေ အားလုံး သေကုန်ကြပြီးနောက်
မြို့ကြီးပြကြီးတွေ အားလုံးချုံနွယ် ပိတ်ပေါင်းတွေ ဖုံးကုန်တာကို စိတ်ဓာတ်ချောက်ချားစရာ
ကောင်းလောက်အောင် ပြထားတာပါ။ တကယ့်ကို စိတ်တုန်လှုပ်စရာ ကောင်းတဲ့ ကားတစ်ကားပါ။ ဒီကားရိုက်တုန်းက
HIV ပိုးဆိုတာ မပေါ်သေးပါ။ ခု HIV ဗိုင်းရပ်ကိုလည်း သိပ္ပံပညာရှင်တွေ ထွင်လိုက်တာပါလို့
အခိုင်အမာ ဆိုနေတဲ့ လူတွေလည်း ရှိပါတယ်။ AIDS ရောဂါဟာ HIV ဗိုင်းရပ်ပိုးကြောင့် ဖြစ်တာ
မဟုတ်ပါဘူးလို့ အပြတ်ငြင်းနေတဲ့ လူတွေလည်း ရှိနေပါတယ်။ ဒီထဲမှာ လက်ရှိ တောင်အာဖရိက
သမ္မတကိုယ်တိုင် ပါနေတာကတော့ အံ့ဖွယ်သုတ တစ်ခုပါ။ (ဂယောင်ချောက်ချား ဖြစ်ကုန်ကြပုံရပါတယ်)

အမှန်တော့
နမီးဘီးယားလို လူဦးရေ နှစ်ယောက်နဲ့ တစ်ပိုင်းသာသာ ရှိတဲ့ နိုင်ငံလေးမှာ HIV ဗိုင်းရပ်ကြောင့်သာ
မဟုတ်ရင် လူနာတွေ ခုလို စုပြုံနေဖို့ မကောင်းပါ။ ခုကျွန်တော်ထိုင်နေတဲ့ ဆေးရုံသစ်ကြီးလည်း
မပြီးခင်ကတည်းက လူနာတွေ လျှံနေပါပြီ။ လူနာခုတင်အားလုံးရဲ့ ထက်ဝက်ကျော်ဟာ AIDS လူနာတွေမို့
နောက်ထပ် ဆေးရုံသစ်တွေ ဘယ်နှစ်လုံး ဆောက် လောက်နိုင်မယ်မထင်ပါ။ ဒီပုံတိုင်းသာ ဆက်သွားလို့ကတော့
၁၅ လ (၁၅ နှစ်မဟုတ်ပါ) တိုင်းမှာ အာဖရိကမှာ ဒီရောဂါ ကူးစက်နှုန်းက (ဘိုးဘိုးအောင် တန်ခိုးနဲ့)
၂ ဆ တိုးနေတာမို့ နောင်မကြာခင်၊ ဟိုရုပ်ရှင်ထဲက ပုံစံအတိုင်း ဖြစ်သွားမလားမသိ။ ကျော်ချမ်းစရာကြီးပါ။
ဖြစ်ခြင်းဖြစ်လျှင် အာဖရိကမှာ စမှာသေချာပါတယ်။ သူပြီးရင် ကျွန်တော်တို့ရဲ့ အာရှတိုက်ပါ။
ပြောရမယ်ဆိုရင်အာဖရိကရဲ့ လူဦးရေက သူတို့နိုင်ငံတွေ အားလုံးပေါင်းတောင် သန်း ၆၀၀ ပြည့်တာမဟုတ်
(တရုတ်လူဦးရေ ရဲ့ ထက်ဝက်ပင်မပြည့်) လို့ ကျွန်တော်တို့ဆီမှာ လူ ၁၀၀ မှာ တစ်ယောက်၊
နှစ်ယောက် နှုန်းလောက်ပဲ ဒီရောဂါ ရဦးတော့ (လျှော့လျှော့ပေါ့ပေါ့ ပြောတာပါ) သေလိုက်မဲ့
ဖြစ်ခြင်း။ အာရှရဲ့ လူဦးရေ သန်း ၃၂၀၀ ဆိုတာက ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော် ရှိတယ် မဟုတ်ပါလား။

စိတ်ကောင်းစရာတစ်ခု
ပြောရရင်တော့ ခုဒီစရေးနေ့စဉ်မှာကိုပဲ ကျွန်တော့်တို့ရဲ့ မဟေသီ ယခင်ဆောင်းပါးတွေထဲက
ဇာတ်ကောင်နှစ်ယောက် AIDS နဲ့ ဆေးရုံပေါ်ရောက်နေပါပြီ။ တစ်ယောက်က (ကျွန်တော်ရေးဖူးပါတယ်)
ကုလားလို ရှင်ပြုတဲ့ Circumcision ဆိုတဲ့ ခွဲစိတ်မှုကို လိင်တံအလည်ကောင်တည့်တည့် အစ
လှီးနေလို့ ကျွန်တော်မနည်း ဆွဲထားခဲ့ရဖူးတဲ့ နမီးဘီးယန်း ဆရာဝန်ပေါက်စ “လင်ဘို” ပါ။
အားရက်ရတိုင်း မြို့တော်ဝင်း ဟုတ် ဆေးရုံကြီးပေါ် ရောက်နေပါပြီ။ တာဝန်ကျ ဆရာဝန်အနေနဲ့တော့
မဟုတ်ပါ။ လူနာအနေနဲ့ပါ။ သူမကျန်းမာလို့ AIDS ဆေးတွေ တစ်ယောက်တည်း ကြိတ်စားနေရတယ်လို့
သတင်းထွက်နေတာ တစ်နှစ်လောက်ရှိပါပြီ။ နောက်တစ်ယောက်ကတော့ ကျွန်တော့်ကို “တာတေစိုးရယ်၊
နွားနို့တွေ အလကားရနေမှတော့ နွားမကြီးဘာလို့ ငွေကုန်ခံ ဝယ်ထားဖို့ လိုမှာလဲ” လို့ ပြောခဲ့ဖူးတဲ့
ခွဲခန်းက ကျွန်တော် တပည့်ကျော်ကြီးပါ။ သူ့ရည်းစားဟောင်းရဲ့ ကလေးစရိတ်ထောက်ဖို့ ပျက်ကွက်လို့
အချုပ်ထဲ တစ်ညရောက်သွားတဲ့ သူ့အကြောင်း ရေးခဲ့ဖူးပါတယ်။ သူလည်း တရှောင်ရှောင်ဖြစ်နေတာ
ကြာပါပြီ။ ခုတော့ “တာတေစိုး တစ်ယောက်ပဲ သူ့ကို မှန်မှန် လာကြည့်ဖော်ရတယ်” လို့ သနားစဖွယ်
ပြောနေပြန်ပါပြီ။ သူအာဟာရ ဖြစ်စေမယ့် အစားအသောက်လေးတွေ မကြာမကြာ ပို့ပေးရုံကလွဲလို့
ကျွန်တော်ဘာတတ်နိုင်မှာလဲ။ အားပေး စကားပင် ရှာမရပါ။

အဲဒီနေ့က
ကျွန်တော်ကံကောင်းပါတယ်။ တစ်နေကုန်အပြေးအလွှား လုပ်ပြီးနောက် သန်းခေါင် ကျော်လောက်မှာ
လူနာပြတ်သလောက် ဖြစ်သွားတာမို့ပါ။ အားလို့နားမယ်လို့ စိတ်ကူးပင် မဆုံးသေ၊ ရောက်လာတဲ့
လူတစ်စုကြောင့် ဦးနှောက်နည်းနည်း စားသွားရပါတယ်။ အဲဒီလူတစ်စုဆိုတာက အဝတ်အစား တောက်တောက်ပြောင်ပြောင်နဲ့
လူလေး၊ ငါး၊ ခြောက်ယောက်ပါ၊ အမှန်တော့ သူတို့ လူနာလာပြကြတာပါ။ လူတွေကြည့်ရတာ ကြီးကြီးမာစတာထဲက
ဖြစ်ပုံရပါတယ်။ ဆေးရုံက ဒရိုင်ဘာရဲ့ အပြောအရတော့ နိုင်ငံခြားရေးဝန်းကြီးလို့ ဆိုပါတယ်။
အဲဒီညပိုင်းမှာ ကျွန်တော်နဲ့အတူတူ လုပ်ပေးနေတဲ့ အလုပ်သင်ဆရာဝန်ကတော့ ဒူးကွေး
(Ndeukve) လို့ခေါ်တဲ့ မော်စကိုက လာတဲ့ ဆရာဝန်လေးပါ။ သူဟာ တော်တော်လည်း အားကိုးရတဲ့လူ
ဖြစ်ပါတယ်။ ဝန်ကြီးဆိုတဲ့ အသံလည်းကြားရော အခန်းခဏ ပြန်လိုက်ဦးမယ်ဆိုပြီး နောက်ပေါက်ကနေ
လစ်ဖို့ ပြင်ပါတော့တယ်။ သူဒီရောက်တာ (၄) လ လောက်ပဲရှိပါသေးတယ်။ အတွေ့အကြုံမရှိတဲ့ ပူပူနွေးနွေး
လေးမို့ ကြောက်မယ်ဆိုလည်း ကြောက်လောက်ပါတယ်။ ကျွန်တော်လည်း ရင်ခုန်သံ နည်းနည်းမြန်နေမိတာ
အမှန်ပါ။ ဒါပေမယ့် ဟန်ကိုယ့်ဖို့ပေါ့။ သူ့လက်ကိုဆွဲထားပြီး ကိုယ့်အလုပ်ကိုယ် မှန်မှန်လုပ်နေရင်
လူလူချင်း ဘယ်သူမှ ကြောက်စရာ မလိုပါဘူးလို့ အားပေးရပါတယ်။

ဝန်ကြီးလာတယ်သာ
ဆိုတယ် ဆရာမတွေ ကြည့်လိုက်တော့လည်း အားလုံးက အေးအေးဆေးဆေးပဲ။ ခရီးဦး ကြိုလည်းမပြု၊
သာမန်နှုတ်ဆက်ရုံ လောက်ပါပဲ။ ထူးထူးခြာခြားဆိုလို့ သူ့ လူနာအတွက် ခေါင်းအုံးသစ်တလုံး
ထုတ်လာပေးတာပဲ တွေ့ရပါတယ်။ တကယ်ဆို ဝန်ကြီးတစ်ယောက်လုံး လာတာပဲ။ ကြိုတင်အကြောင်းကြားထား၊
ဆေးရုံအုပ်ကြီးတွေ၊ သူနာပြုချုပ်ကြီးတွေ ကိုယ်တိုင် ဆေးရုံဂိတ်ဝထွက်ပြီး ဆီးကြိုဖို့၊
နေရာထိုင်ခင်း ပေးဖို့ ကောင်းတာပေါ့။ ခုတော့ ဗြုန်းစားကြီးမို့ ကျွန်တော်လည်း သွားမနှုတ်ဆက်အား
( အမှန်ပြောရရင် ဘယ်သူတွေမှန်းလည်း မသိတာမို့ မနှုတ်ဆက်တာပါ) သူတို့ကလည်း အလိုက်သိသိပါ။
သူ့လူနာကို စမ်းသပ်နေချိန်မှာ အနားမလာကြဘဲ သူတို့ဘာသာ အပြင်ခန်းမှာ မိုးတိုးမတ်တတ်
စောင့်နေကြပါတယ်။ ကျွန်တော်လူနာကိုစမ်းသပ်၊ လိုအပ်တာတွေ ပြုလုပ်ပေးပြီးချိန်ကျမှ အဲဒီဝန်ကြီးဆိုတဲ့
ပုဂ္ဂိုလ်က ကျွန်တော့်ဆီ တန်းလျှောက်လာပြီး သူ့ကိုယ်သူ မိတ်ဆက်ကာ သူ့ဦးလေးကို ကုသပေးတဲ့
အတွက် ကျေးဇူးတင်စကား ပြောပါတယ်။ ခုမှတွေ့ဖူးကြတာ ဖြစ်ပေမယ့် သူက ဘာမှ ဟန်ပန်မရှိ ရင်းရင်းနှီးနှီး
ပခုံးဖက်ပြီး ပြောတာမို့ ကျွန်တော့်စိတ်ထဲ စောစောက ရှိတဲ့ ပူပန်မှုတွေ လုံးဝ မရှိတော့ပါ။
သူကလည်း စကားပြောအလွန်တော်တဲ့ လူပါ။ ကျရာနေရာက ပြောနိုင်ပါတယ်။ ကျွန်တော့်ကို မြန်မာမှန်းလည်းသိရော
ဒါဆိုရင် ကျွန်တော်တို့ဟာ အိမ်နီးချင်းတွေပါတဲ့။ ကျွန်တော်တောင် ကြောင်သွားမိတယ်။ ဒီလောက်မိုင်ပေါင်းထောင်ချီဝေးတဲ့
ကြားမှာ အိန္ဒိယ သမုဒ္ဒရာကြီးလည်း ခြားနေလို့ ဘယ်လိုဖြစ်နိုင်မှာလဲ ဆိုတော့ သူက မြန်မာကို
အင်္ဂလိပ် အက္ခရာ My နဲ့ စပြီး၊ နမီးဘီးယားကျတော့ Na နဲ့ဆိုတော့ ကပ်နေတာမို့ သူတို့တက်ရလေ့ရှိတဲ့
ကုလသမဂ္ဂ အစည်းအဝေးတွေမှာဆို အက္ခရာ စဉ်အလိုက် နေရာယူရတဲ့ အခါ အိမ်နီးချင်းဖြစ်နေတာကို
သူဆိုလိုတာပါတဲ့။ ကျွန်တော့်အဖို့တော့ လူကြီးတစ်ယောက်နဲ့ စကားပြောနေရတယ်လို့တောင် မထင်မိတော့ဘဲ
နောက်ဆုံးတစ်ဦးနဲ့ တစ်ဦး လိပ်စာချင်း လဲလှယ်ကြတဲ့ အထိ ခင်မင်သွားကြပါတယ်။

ကျွန်တော့်ဆရာလေး
ကိုဒူးကွေးလည်း ခုမှပဲ ပျော်သွားနိုင်ပါတော့တယ်။ ဒါကြောင့်မို့ ပြန်ပြောရပါတယ်။ မင်းက
လူသစ်ဆိုတော့ ဒီနိုင်ငံမှာ မင်းကြောက်ရမှာက AIDS နဲ့လာတဲ့ ရောဂါသည် တစ်ယောက်ကိုပဲလို့။
တစ်ချက်စာ အမှားက တစ်သက်တာ အဖျား ဖြစ်သွားနိုင်တယ်လို့။



စိုးမြင့် (မေ့ဆေး)

ခေတ္တ၊
အိုရှာခါတီ၊ နမီးဘီးယား

မဟေသီ
- အမှတ် ၁၉၆၊ ဧပြီ၊ ၂၀၀၁ခုနှစ် (စာမျက်နှာ ၁၆၂၊ ၁၇၀)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top