28
May

အားလုံးတွေးဆ ဆင်ခြင်နိုင်ကြပါစေ



သို့        

ချစ်ခင်လေးစားရပါသော

ဆရာအတ္တကျော်ရှင့်       

 

မင်္ဂလာပါဆရာ၊ သမီးက (…..) မြို့က မခင်လေးနွယ်ပါ၊ ဆရာ့ဆီ မေးစရာလေးတွေ ရှိလို့ပါ၊
မမေးခင် အရင်ဆုံး ဆရာနေကောင်းပါစေ။ ကိုယ်စိတ်နှစ်ဖြာချမ်းသာပါစေလိုဏ္ဍ
မေတ္တာပို့ဆုတောင်းပါတယ်၊       

 

ဆရာရေ…. လူ့ဘ၀ဆိုတာ
တကယ့်ကို ရှုပ်ထွေးပြီး အံ့သြစရာတွေ ကြုံရတတ်တယ်နော်၊ တစ်ခါတစ်လေ သဘာဝ မဟုတ်တာတွေကို
ကိုယ်တိုင်ကြုံရတဲ့အခါ အံ့သြမိတယ်ဆရာ၊       

 

သည်လိုပါဆရာ…. သမီးတို့သင်တန်းမှာ လာတက်တဲ့ အတန်းဖော် တစ်ယောက်က
ယောက်ျားလျာပေါ့ ဆရာ၊ အဲဒါ သူက သမီးကို
မလေးမလေးဆိုပြီး အိမ်လာလည်လိုက်။ ဟိုဟာ ၀ယ်ပေးလိုက်။
သည်ဟာ လက်ဆောင် ပေးလိုက်။

 

သမီးကလည်း အဖော်ရတယ်ဆိုပြီး
တချို့နေရာတွေမှာ သူ့ကိုခေါ်သွားလိုက်နဲ့ ရင်းနှီးသွားကြပြီး အခုတော့
တစ်ယောက်နဲ့ တစ်ယောက် မခွဲနိုင်မခွာရက်ဖြစ်တဲ့ အခြေအနေ ရောက်သွား တော့တာပေါ့၊         

 

ဆရာ အဲသလို မိန်းမချင်း စိတ်ဝင်စားမိ။ ချစ်မိတာဟာ
မူမှန်စိတ်မဟုတ်တော့ဘူးလားဆရာ၊ သိချင်ပါတယ်၊ ပြီးတော့ သမီးတို့က အတူတူလည်း
အိပ်ပါတယ်၊ အဓိက သိချင်တာက။ ဆရာ နားနဲ့မနာ ဖ၀ါးနဲ့နာပါနော်
ပွင့်ပွင့်လင်းလင်း
မေးမှဖြစ်မှာမို့လို့ပါ၊ လိင်တူချင်းဆက်ဆံရင် အေအိုင်ဒီအက်စ် ဖြစ်နိုင်လို့
သမီးတို့မှာရော ဖြစ်လာနိုင်ပါ သလား ဆရာ၊ အရမ်းအရေးကြီးလို့ပါ၊         

 

အခြေနေကို ပြောရရင်
သူကမိန်းကလေးစိတ်နဲ့ မဟုတ်တော့ သူ့ရဲ့စိတ်ကို သမီးအပေါ်မှာ လာပြီး (တစ်ကိုယ်ရည် အာသာဖြေနည်းလို
ပုံစံမျိုးဆိုရမလားပဲ) ဖြေဖျောက်လေ့ရှိတယ် ဆရာ၊ နှစ်ဦးစလုံးလည်း ကျေနပ်နှစ်သိမ့်မှု
ရကြပါတယ်၊ ဒါပေမယ့် အေအိုင်ဒီအက်စ် ဖြစ်မှာလည်း ကြောက်တယ်ဆရာ၊        

 

ဆရာ့ရဲ့ သုံးသပ်ချက်ရယ်။
အကြံပြုချက်ရယ်။ ဆုံးမမှုရယ်ကို မျော်လင့်နေပါ့မယ်ဆရာ၊        

 

သမီး သူ့ကိုချစ်မိတာ
ဘယ်လိုမျိုးလည်း မဝေခွဲတတ်ပေမယ့် သူ့ကိုခွဲထားပစ်ဖို့ သနားမိတာကြောင့်
သူနဲ့ အတူတူ နေဖြစ်နေပါတယ် ဆရာ၊         

 

သူက
အရမ်းပိုက်ဆံရှာတော်တာတွေရော ပါမလားမသိပါဘူးဆရာရယ်၊ သူက လုပ်ငန်းကြီးတစ်ခုက
မန်နေဂျာ ဆိုပေမယ့် တခြား အရမ်းအနွံအတာခံလို့လား၊ မသိတော့ပါဘူး ဆရာရယ်၊
မကောင်းမှန်းတော့ သိပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ရူးများရူး နေပလားလို့
ခဏခဏတွေးမိပေမယ့်အခုအခြေအနေကို ရပ်တန့်ဖို့မတက်နိုင်ဘူး ဖြစ်နေတယ် ဆရာ၊         

 

ဆရာရဲ့ ဆွေးနွေးပေးမှုကို
မျော်လင့်နေပါ့မယ်ဆရာ၊        

 

ဆရာ ကျန်းမာ ချမ်းသာပါစေ၊

 

မခင်လေးနွယ်   (…) ကျွန်တော့်ထံလာသော စာများစွာကို မအားလပ်သောကြောင့်
မပြန်ဖြစ်သေး၊ ထိုစာကြွေးတွေက ပုံနေသည်။ သည်စာကိုတော့ ကျွန်တော်အမြန်ဆုံး ပြန်ပေးခဲ့သည်၊ လိုအပ်သည်ဟု
ထင်သောကြောင့်ပင်၊

 

အမှန်တော့ အနှီ မခင်လေးနွယ် (ဟု
အမည်လွဲထားသူ) ကို ကျွန်တော် သိနေသည်မှာ ကြာပြီ၊ ဟိုးလွန်ခဲ့သော လေးငါးနှစ် ကတည်းက
သူကျနော်ထံ စာရေးဖူး။ မိတ်ဆက်ဖူးပါသည်၊

 

ကျွန်တော်နှင့် စာချင်းသိနေသော
အဆင့်မှာ ရှိနေပါသည်၊ ယခင့် ယခင် များက သူ့မိသားစုပြဿနာများ။ လူမှုရေး ပြဿနာများကို
အခါအားလျော်စွာ မေးမြန်းခဲ့ဖူးသလို ကျွန်တော်လည်း ဖြေကြားပေးခဲ့ဖူးပါသည်၊         

 

သည်တော့ သူနှင့်ပက်သက်ပြီး
အရေးကြီးသည့် အချက်တချို့ကို စာဖတ်သူများအား တင်ပြပေးလိုပါသေးသည်၊ ပထမ တစ်ချက်မှာ
သူသည် မလိမ်မိုး မလိမ္မာအရွယ် မဟုတ်တော့သော အစိတ်ပတ်ဝန်းကျင် အသက်အရွယ်ရှိ
ကောင်းစွာ အရွယ်ရောက်ပြီးသူ ဖြစ်ကြောင်းပင်၊        

 

ဒုတိယအချက်မှာ သူသည် တစ်ဘွဲ့မက
ပိုင်ဆိုင်ထားသော မြို့နေ လူလတ်တန်းစား ဖြစ်ပါသည်၊ တတိယ အချက်မှာ သည့်အရင်က သူ့မှာ
ချစ်သူရည်းစားရှိခဲ့ဖူးခြင်းပင် ဖြစ်သည်၊
သူ့ကိုယ်သူ ထိန်းထိန်းသိမ်းသိမ်း ရှိခဲ့သူလည်း ဖြစ်ပါသည်၊ အိမ်ထောင်ရက်သားမကျခင်
သူ.အပျိုစင်ဘ၀ကို တလေးတစား တန်ဖိုးထားကာ ထိန်းသိမ်းသူဟု ပြောနိုင်ပါလိမ့်မည်၊ သူ ကျွန်တော့်ဆီ စာမရေးတာ
နှစ်နှင့်ချီနေပြီ၊ ရေးမယ့်ရေးတော့ သူ့စာက ထူးခြားနေသည်၊        

 

ထိုစာကို တစ်လခန့်အကြာတွင်မှ
ကျွန်တော် ရသည်၊ စာတိုက်သေတ္တာကို သွားမဖွင့်မိသဖြင့် ဖြစ်ရပါသည်၊ ရရချင်းမှာပင်
ကျွန်တော်ပြန်ရေးလိုက်သည်၊ ကျွန်တော့် ပြန်စာကို ဖတ်ကြည့်တော် မူကြပါဦး၊  ၂၀၀၆ နိုဝင်ဘာ ၉ သမီး ခင်လေးနွယ် ဆရာတစ်စက်မှ မအားတဲ့ကြားက သမီးစာကို
ရရချင်းပြန်လိုက်ပါတယ်၊ သမီးအတွက် အရေးကြီးနေမယ် ထင်လို့ပါ၊

 

(၁)     လိင်တူချင်းတက်မက်တာဟာ မူမမှန်တာ
မဟုတ်ပါဘူး၊ ယောက်ျားဖြစ်ဖြစ်။ မိန်းမဖြစ်ဖြစ် မွေးတည်းက လိင်စိတ် နှစ်မျိုး
ပါပါတယ်၊ စိတ် ပညာမှာတော့ အဲဒါကို သုညကနေ ခြောက်အထိအဆင့်ခွဲထားတယ်၊ သုည ဆိုရင်
လိင်တူချင်း တက်မက်မှု လုံးဝမရှိဘဲ လိင်ကွဲကိုသာ တပ်မက်တဲ့သူပေါ့၊ ခြောက်ဆိုရင်တော့
လိင်ကွဲကို လုံးဝလက်ခံလှိုမရဘဲ လိင်တူကိုသာ လုံးလုံးလျားလျား တပ်မက်သူပါ၊
သုတေသနတွေ အရဆိုရင် လူအတော်များများက ၁-၂-၃-၄-၅ဆိုတဲ့ စကေးကြားမှာ ပြေးနေတယ်၊
ဆရာဆိုရင်တောင် ၁လောက်တော့ ရှိမယ်ထင်တယ်၊ သည်တော့ အဲဒါဟာ သဘာဝပဲဆိုတာ
သမီးနားလည်ပါ၊ ဘာမှရူးတာလည်းမဟုတ်သလို မူမမှန်တာလည်း မဟုတ်ပါဘူး၊

 

(၂)     ဗွီကိစ္စကတော့ နည်းနည်းအရှင်းရ ခက်ချင်တယ်၊
ယေဘုယျပြောရင် ယောက်ျားချင်း လိင်တူ ဆက်ဆံတာနဲ့စာရင် မိန်းမချင်း လိင်တူဆက်ဆံတာက
အဲဒီရောဂါ အပါအ၀င် တခြားလိင်မှ တစ်ဆင့် ကူးစက်တဲ့ရောဂါ ကူးစက်မှု
ဖြစ်နိုင်ချေအများကြီး ပိုနည်းပါတယ်၊ အဲ
သမီးက တစ်ကိုယ်ရေ အာသာဖြေတဲ့ နည်းလို ပုံစံမျိုးလို့သာ ဆိုထားတော့ ခက်တယ်၊ လက်နဲ့လား။ ခံတွင်းနဲ့လားဆိုတာ
အရေးကြီးပါတယ်၊ လက်နဲ့ဆိုရင်တော့ အဲသလို ရောဂါကူးစက်နိုင်ခြေက သုညပါ၊
ခံတွင်းနဲ့ဆိုရင်တော့ ကူးစက်နိုင်ချေရှိပါတယ်၊ သွားရည်။
မိန်းမကိုယ်က ထွက်တဲ့ အရည်တွေ အပြန်အလှန် ကူးလူးရာက ရောဂါပိုးလည်း
ကူးစက်နိုင်တာမို့ပါ၊ သမီးစိတ်ထဲမှာ စနောင့်စနင်း ဖြစ်နေရင် နှစ်ယောက်စလုံး တိုင်ပင်ပြီး
စိတ်ချရတဲ့ ဓာတ်ခွဲခန်း ကောင်းကောင်း တစ်ခုမှာ သွေးသွား စစ်လိုက်ကြစေချင်တယ်၊
နာမည်အမှန်ပေးစရာမှမလိုတာလေ၊ ခင်လေးနွယ်လို့ မပြောဘဲ
ခင်ခင်ထား လို့ ပြောလည်းရတာပဲ့ဟာ၊ စစ်လိုက်ရင်တော့ စိတ်ချရတာပေါ့၊
သုံးလတစ်ကြိမ် နှစ်ခါလောက် စစ်လိုက်ကြမယ်။ သူလည်း တခြားယောက်ျား။ မိန်းမနဲ့
ဆက်စပ်မှုမရှိ။ ကိုယ်လည်း တခြားဆက်ဆံမှု မရှိဘူးဆိုရင် နှစ်ယောက်စလုံး စိတ်ချလက်ချ
သာယာမှု ရှာနိုင်ပါတယ်၊   

 

(၃) သမီးစိတ်ထဲမှာ
ဒါကို
မူမမှန်ဘူးလို့ မသတ်မှတ်စေချင်ဘူး၊ မန္တလေးသူ။ မန္တလေးသား မဟုတ်ရင် စာကလေးကြော် တို့။ ပုရစ်ကြော်တို့ကို
ပါးစပ်ထဲ မထည့်ရဲဘူး၊ စာကလေးတွေ။ ပုရစ်တွေ စားတဲ့သူဟာ မူမမှန်တဲ့သူ မဟုတ်သလို လိင်တူချင်း သာယာတတ်တဲ့သူဟာလည်း
မူမမှန်သူ မဟုတ်ပါဘူး၊

 

(၄)     သမီးကိုယ်သမီး လိင်တူချင်းတပ်မက်သူလို့လည်း
အတိအကျ မသတ်မှတ်စေချင်သေးဘူး၊ သစ်မရခင် စပ်ကြား ၀ါးပေါင်းကွပ်နေမိတာများလား
ဆိုတာလည်း ထည့်စဉ်းစားကြည့် စေချင်သေးတယ်၊ အချိန်က စကားပြော သွားမှာပါ၊
လိင်တူနဲ့တရားဝင်လက်ထပ်ပေါင်းသင်းနေတဲ့ ကျော်ကြားထင်ရှားသူတွေ ရှိပါတယ်၊
တချို့များဆို ငွေကြေးကလည်း တက်နိုင်တော့ လိင်တူချင်းတရားဝင် ပေါင်းဖက်ရုံသာမက
ကလေးကို ဖန်ပြွန်သန္ဓေသားနည်းနဲ့ နိုင်ငံခြားမှာ သွားလုပ်ပြီး ယူထားတာတောင်
ရှိပါသေးတယ်၊ သူတို့ဟာသူတို့လည်း စိတ်ချမ်းသာနေ။ ကျေနပ် နေကြပုံ ပါပဲ၊

 

ကိုင်း…..ဆရာ့အဖြေတွေက သမီးအတွက်ကျေနပ်စရာ ကောင်းလိမ့်မယ်ထင်ပါတယ်၊
အတ္တကျော် မကြာသေးခင် ကပင် ထွက်ရှိသွားသော စာအုပ်တစ်အုပ်ရှိသည်၊
အေဘရာဟင်(မ်)လင်ကွန်းရဲ့အတွင်းကျကျကမ္ဘာဟု အမည် ရသည်၊ ကမ္ဘာ့ပထမဆုံး လိင်မှုအစီရင်ခံစာများကို
ရေးသားတင်သွင်းခဲ့သူ ဇီဝဗေဒပါရဂူဒေါက်တာခင်းဆေး. မြေတောင် မြှောက်ပေးမှုကြောင့်
ဓါတ်ပုံဆရာဘ၀မှသည် စိတ်ပညာပါမောက္ခဖြစ်လာသူက နှစ်ရှည်လများ သုတေသနပြုကာ
ရေးသားသွားသော စာအုပ် ဖြစ်သည်၊      

 

ထိုစာအုပ်ထဲမှာ ကမ္ဘာကပင်
လေးစားရသော ကွယ်လွန်သူ အမေရိကန်သမ္မတကြီးမှာ မယားကြီး ငုတ်တုတ်ရှိသည့် ကြားက
လိင်တူချင်းစုံမက်သူ ဖြစ်ကြောင်း အထောက်အထားအများအပြားနှင့် ဖော်ပြထားပါသည်၊
စာရေးသူ ပါမောက္ခကြီး. အဆိုအရ လင်ကွန်း. လိင်စိတ်စကေးမှာ
ဖြစ်လေသည်၊ ဆိုလိုသည်မှာ လိင်တူချင်း တပ်မက်မှု ဘက်သို့ သိသိသာသာကြီးကို
ယိမ်းယိုင်နေလေသည်၊       

 

ပြောလိုသည်မှာ
ကျွန်တော့်ပြန်စာထဲတွင် ဖော်ပြထားသည့်အတိုင်း ဒူးရင်းသီးမစားသူကို မူမမှန်ဟု ပြောလို့ မရသလို ပုရစ်လို အကောင်ပလောင် ထွေလီကာလီတွေကိုမှ
မက်မက်စက်စက် စားတတ်သူကိုလည်း စံလွဲ နေသည်ဟု ပြောလို့မရသည့် နည်းကားပင်ဖြစ်သည်၊
အများ လုပ်နေသည့် အလုပ်ကို မလုပ်သည့် အတွက်။ အများ မလုပ်တာကိုမှ လုပ်နေသည့်အတွက်
ထိုသူအားမူမမှန်ဟုသတ်မှတ်လျင် ဘယ်သူမှ မူမှန်တော့မည်မဟုတ်ပေ၊
ဘုရားဟောရှိသည့် အတိုင်း ပုထုဇဉ်မှန်သမျှ တစ်ခုမဟုတ်
တစ်ခုမှာရူးနေကြသူချဉ်းသာ ဖြစ်ပေရာ လိင်တူချင်း စုံမက်သူကိုမှ ရူးပါသည်။ လွဲပါသည်ဟုဆိုလျင်အရူးက
တစ်မူးသာသော အပြောမျိုးသာ ဖြစ်တန်ရာတော့သည်၊       

 

လူ့စိတ်.သဘာဝကို
လေ့လာဆန်းစစ်သော ပညာရပ်နယ်ပယ်တွင်တော့ သည်ကိစ္စကို သိပ်ရေးကြီးခွင်ကျယ်
လုပ် မနေကြတော့ပေ၊ လိင်စိတ်တိမ်းညွတ်မှု သဘောမှာ အထက်တွင်
ဆိုခဲ့သည့်အတိုင်း ဖြစ်သည်ဟူသော အချက်ကို စိတ်ပညာရှင်များ အားလုံးလိုလိုက
တစ်ညီတစ်ညွတ်တည်း လက်ခံထားပြီးဖြစ်ပါသည်။ ထို့ထက်ပိုကဲပြီး ပြောရ လျင်မူ ထိုနှယ်
လိင်တူချင်းတက်မက်သည့်ကိစ္စမှာ ဟိုးနှစ်ပေါင်း၂၅၀၀ ကျော်။ ဘုရားလက်ထက်တော်ကတည်းက
ရှိခဲ့ပါကြောင်း ကျမ်းဂန်များအရ ထင်ရှားပြီးလည်းဖြစ်ပါသည်၊ အလွန့်အလွန်ဆုံး
ကောက်ချက်ချလိုက
လူတစ်ကိုယ်
အကြိုက်တစ်မျိုး
ဟု
ဆိုရုံသာရှိပါသည်၊         

 

ကျတော်ကတော့
လိင်တူချင်းစုံမက်မှုကို အားလည်း အားမပေးသလို ရှုံ့လည်းမရှုံ့ချလိုပါ၊         

 

ကျတော့်မှာ
ငယ်သူငယ်ချင်း အရင်းအချာ တစ်ယောက် ရှိပါသည်၊ ထိုသူငယ်ချင်းသည် ကျွန်တော်နှင့် ရွယ်တူ ဖြစ်သဖြင့်
သူ့အသက်မှာ ၅၀ တန်းသို့ရောက်နေပါပြီ၊ အဆိုပါ သကောင့်သားသည် ယနေ့ထက်တိုင် မည်သည့်
အသီးအနှံကိုမှ စားလို့မရသူ ဖြစ်သည်၊ ဒူးရင်းသီးလို အပြင်းစားတွေ ဝေးစွ။ နာနတ်သီး။
ပန်းသီး။ ဖရဲသီး အစရှိသော အသီးအနှံများကို လုံးလုံးစားလို့ မရသူ။
အနံ့ပင် မခံနိုင်သူ ဖြစ်လေသည်၊ ဟင်းသီးဟင်းရွက် များဖြစ်သော ဘူးသီးတွေ။ ခရမ်းသီးတွေ။
ဒန့်သလွန်သီးတွေ ကျတော့ စားလို့ရပြန်.၊         

 

သူ့တင်လားဆိုတော့ မဟုတ်ချေ၊
သူ့အစ်မရင်းမှာလည်း သူ့နှယ်ပင် မည်သည့် အသီးကိုမျှ အနံ့ပင်ခံလို့ မရသူ ဖြစ်ကြောင်း
တအံ့တသြသိခဲ့ရသည်၊         

 

ထို့အတွက် သူနှင့် ကျွန်တော့်မှာ
အခင်မင်ပျက်စရာ ဘာအကြောင်းမှ မရှိချေ၊ အလားတူပင် ကျွန်တော်နှင့် အသွင်တူသဖြင့်
ကျွန်တော့် အိမ်သူဖြစ်လာသူ ကျွန်တော့်ဇနီးမှာလည်း ကျွန်တော့်လို အစားမသောင်းကျန်းပေ၊
ကျွန်တော်စားသော ပုရစ်တွေ။ ဆူးပုတ်ရွက်တွေ။ တညင်းသီးတွေ။ ချဉ်ဖက်တွေကို သူက
ပါးစပ်ထဲသို့ ယောင်လို့ တောင် မထည့်၊ ထို့အတူ သူစားသော ငါးပိရည်ကိုလည်း
ကျွန်တော်က အနံ့ပင်မခံနိုင်၊ သို့သော် ကျွန်တော်တို့ အိမ်ထောင်ရေးမှာ ထိုအရာများသည်
ဘာမှအနှောင့်အယှက်မဖြစ်ခဲ့ပါ၊          

 

လိင်တူချင်းစုံမက်သည်မှာလည်း
ကျွန်တော့်သဘောကတော့ ထိုအတိုင်းသာဖြစ်သည်၊ သူ့အကြိုက်။ ကိုယ့်အကြိုက်
မကိုက်ညီမှုရိုးရိုးလေးပင်ဖြစ်ပါသည်၊ 
နောင်တစ်ချက်က သံယောဇဉ်ဟူသော အရာပင်ဖြစ်သည်၊           

 

အဲဒါကလည်း အဆန်းသား၊ အိမ်မှာ
မွေးထားတာမဟုတ်ပေမယ့် ခွေးချစ်တတ်သူအတွက် အရပ်ထဲကခွေး။ ကိုယ်သွားနေကျ လည်ပတ်နေကျ
အိမ်ကခွေးဖြစ်နေပါက အလားကားနေရင်း သံယောဇဉ်တွေ တွယ်နေမိ ရတတ်သော သဘာဝကလည်း
ရှိပါသည်၊ လူသားချင်းကျတော့
ပိုဆိုးသည်၊ တွယ်တာမှုသံယောဇဉ်က လိင်တူချင်းကြား မှာရော။ လိင်ကွဲတွေကြားမှာပါ
ပွစိထနေအောင် ဖြစ်နေတတ်သည်၊ အတူနေတာကြာလေ။ သံယောဇဉ်တွယ်မိလေလေဖြစ်တတ်သော သဘောမှာ
လူသားတို့. အားနည်းချက်ဟုပင်ဆိုနိုင်ပါသည်၊      
     

 

ယခုလည်း ခင်လေးနွယ်မှာ
လက်ပွန်းတတီး အနေများသဖြင့် သံယောဇဉ်တွယ်မိ သွားသည်မျိုး ဖြစ်နေနိုင် ပြန်ပါသည်၊
တစ်ဖက်ကလည်း လူဆိုသည်မှာ ကိုယ့်မှာမရှိသော အရည်အချင်းတစ်ရပ် သူတပါးမှာ ရှိနေလျင်
အထင်ကြီး အားကျတတ်သော သဘောလေးကလည်း ရှိတတ်ပါသည်၊ တချို့ကတော့ အဲသလိုကိုယ့်မှာ မရှိသော
အရည်အချင်းက သူတစ်ပါးမှာရှိနေလျင် ထိုသူတစ်ပါးကို မနာလိုတိုရှည်တွေ ဖြစ်တတ်ကြသည်၊
အဲ
ကိုယ် ခင်မင်သူဆီမှာ
ရှိနေလျင်တော့ ထိုသူ့ကို ပိုတွယ်မိတတ်သည်ကား သဘာဝပင်၊          

 

ထိုသဘာဝကြောင့်လည်း
ခင်လေးနွယ်မှာ ဟိုတစ်ယောက်ကို တွယ်တာနေမိတာ ဖြစ်နိုင်ပါသည်၊            

 

ဘာမှ အတတ်မပြောနိုင်သည့်
အဆုံးတွင် ကောက်ချက်က တစ်ခုတည်းသာ ဆွဲနိုင်ပါတော့သည်၊           

 

သြော်အသက်တစ်ရာမနေရ။ အမှုတစ်ရာ တွေ့ရဆိုတာတယ်မှန်ပါလားဟုသာ
ဖြစ်ပါသတည်း၊

 

အားလုံးတွေးဆ
ဆင်ခြင်ကြည့်နိုင်ကြပါစေ၊ အတ္တ ကျော်

 

နောက်ဆက်တွဲသည်စာမူကို
ရေးအပြီးမှာ သူငယ်ချင်းတစ်ယောက်နှင့်ဆုံတော့ ကျွန်တော့်ကိုရယ်သလို မောသလိုနှင့်
အတည်ပေါက်ပြောသည်၊ သူက ကျွန်တော်ရေးသော
ယောက်ျားသားချင်း ပွင့်ပွင့်လင်းကိုအတော်များများဖတ်ထားခဲ့သူဖြစ်လေသည်၊ လိင်တူချင်းစုံမက်တတ်သူ
လူငယ်လေးများနှင့် ပက်သက်ပြီးအထက်တွင်ဖေါ်ပြခဲ့သော လင်ကွန်းရဲ့အတွင်းကျကျကမ္ဘာစာအုပ်ကို
ညွှန်းခဲ့သည်ကိုလည်း ဖတ်လိုက်ရသည်ဟု သူကဆိုသည်၊ ပြီးတော့ သူရယ်ရယ်မောမောပြောသော
အတည်ပေါက်မှာ မထိတ်သာ မလန့်သာ၊        

 

မင်းက
လူငယ်လေးတွေကို မိန်းမလျာဖြစ်အော် မြှောက်ပေးရာ ရောက်နေပါပေါ့လားကွာ
ဟူသတည်း၊        

 

ဘုရားဘုရား၊ အကြောင်းမသိလျင်ဖြင့် သူပြောသောစကားမှာ ဟုတ်သလိုလို
ဖြစ်ပြီး ကျွန်တော်ပင် သမိုင်းတရားခံစာရင်းထဲတွင် တစ်နေရာရာမှာ
အူကြောင်ကြောင်ပါသွားနိုင်သောအပေါက်ပင်၊ သူငယ်ချင်း အရင်းအချာဖြစ်နေသောကြောင့်
ခပ်သာသာပင် ကျွန်တော်လည်းပြန်တွယ်လိုက်ပါသည်၊          

 

အေးကွာဒါ့ကြောင့် ဟိုစကားပေါ်လာတာနေမှာ၊ လမင်းကို လက်ညှိုးထိုးပြတဲ့အခါ ဦးနှောက်မရှိတဲ့သူတွေက
လက်ညှိုးကိုပဲ မဲကြည့်တတ်တယ်
ဆိုတာလေ         

 

ချစ်သူငယ်ချင်းက ကျွန်တော့်ကို
ဆဲလေသည်၊ ကျွန်တော်ရှည်ရှည်လျားလျား ဆက်ပြောရပါတော့သည်၊          

 

အေးကွာ ယောက်ျားလေးဖြစ်ဖြစ်။ မိန်းကလေးဖြစ်ဖြစ်။ မိန်းမလျာ။
ယောက်ျားလျာဖြစ်နေပြီဆိုရင်။ လိင်တူချင်းစုံမက်နေပြီဆိုရင် လိင်ကွဲချင်းစုံမက်တဲ့
စိတ်ပေါက်လာအောင် ဘယ်သူမှ မြှောက်ပေးလို့မရဘူးငါ့လူ၊ ဘယ်တန်ခိုးရှင်မှလည်း
မလုပ်ပေးနိုင်ဘူး။ ဘယ်ဆရာဝန်မှလည်းမကုပေးနိုင်ဘူး။ ဘယ်စိတ်ပညာရှင်မှလည်း
ဆောင်ရွက်မပေးနိုင်ဘူးဆိုတာ မင်းလည်းသိမှာပါကွာ၊ သည်လိင်စိတ်ဆိုတာ မွေးရာပါ။
စွဲမြဲပြီးသားကွ၊ အဲဒါကို ဘယ်သူမှ ပြောင်းလို့ ပြင်လို့မရတာကြီး၊

 

ပြင်ချင်လွန်းလို့ပါ၊ကျွန်တော်ဖြင့်
နည်းမျိုးစုံနဲ့ ကြိုးစားပြီးပါပြီ၊ ရည်းစားလည်းထားကြည့်ပြီးပါပြီ၊ ဒါပေမယ့်
မိန်းကလေးတွေကို ဘယ်လိုမှကြိုက်လို့ မရဘူးဆရာ ဆိုတဲ့ ယောက်ျားပီပီသသ
ပုံပန်းတွေလည်း ငါ့ဆီကို လာခဲ့ကြဖူးလှပါပြီ၊  

 

       ပြောချင်တာကကွာ အဲဒီစိတ်ပေါက်နေတဲ့သူကို
အဲဒီစိတ်ပျောက်အောင် ဘယ်သူမှ မြှောက်ပေးလို့မရသလို လုပ်ပေးလို့လည်း မရဘူးဆိုတာပဲ၊
ပြောင်းပြန်ပြန်ပြောရင် အဲဒီစိတ်မရှိတဲ့သူကို အဲဒီစိတ်ရှိလာအောင် လှုံ့ဆော်ပေးလို့။
မြှောက်ပေးလို့။ ပြောင်းပေးလို့။ ဖန်တီးပေးလို့မရဘူးဆိုတာ
မင်းသဘောပေါက်သင့်တယ်သူငယ်ချင်း၊ ငါဆိုတာ လူပျိုဘ၀တုန်းက မိန်းမလျာတွေ
အများအပြားနဲ့ လုံးလုံးထွေးထွေးနေခဲ့တဲ့ကောင်ဆိုတာ မင်းသိပါတယ်၊ အသက် ၂၀ လောက်အထိက
ငါတွေ့ဖူးတဲ့ မိန်းမသားအရေအတွက်ထက် မိန်းမလျာအရေအတွက်က ဆယ်ဆလောက်တောင်
ပိုများမလားမှတ်တယ်၊ မင်းပြောသလို မြှောက်ပေးလို့ရတာမျိုးဆိုရင် ငါလေ
မိန်းမလျာဖြစ်မသွားတောင်။
မိန်းမမယူဖြစ်တော့ဘဲမိန်းမလျာနဲ့သာ ညားနေမှာပေါ့ကွ၊ ဒါမှမဟုတ်လည်း
မယားကြီးငုတ်တုတ်နဲ့ မိန်းမလျာတွေအနားမှာပဲရစ်ဝဲနေမှာပေါ့ ကိုယ့်လူရာ၊         

 

  ငါ့ပြောတာ ကိစ္စမရှိပါဘူး၊ ဒါပေမယ့် တခြားတတ်သိနားလည်တဲ့
သူတွေရှေ့မှာ သည်လိုတောရမ်းမယ်ဘွဲ့တွေပြောမိရင် မင့်အရှက်ကွဲမှာစိုးလို့
ရှည်ရှည်ဝေးဝေးရှင်းပြရတာပဲသူငယ်ချင်း
            ကျွန်တော့်သူငယ်ချင်းသည် တွေခနဲ ဖြစ်သွားပါသည်၊ ကျွန်တော့်ကိုလည်းမဆဲအားတော့ပါ၊
အတန်ကြာမှ ခေါင်းတဆတ်ဆတ်ညိတ်ပါသည်၊ ပြီးတော့မှ သူပြန်ပြောသည်၊           
အေးကွာမင်းပြောတာသေချာစဉ်းစားကြည့်တော့လည်း ဟုတ်သားပဲကွ၊
ငါမြင်ဖူးတယ်။

 

အဖေကရော အစ်ကိုတွေကပါ
နေ့စဉ်နဲ့အမျှ ပြောဆိုဖျောင့်ဖျရုံမက အားတိုင်း လက်သီးနဲ့ဝိုင်းဝိုင်းထိုးပြီးတောင်
မိန်းမလျာစိတ်ပျောက်အောင်ကြိုးစားခဲ့ကြပေမယ့် ကနေ့အသက် ၅၀ တန်းရောက်တဲ့တိုင်
မိန်းမလျာဘ၀ပဲနေနေပြီး အဲဒီဘ၀နဲ့ပဲ အရိုးထုတ်မှာ သေချာနေတဲ့သူ ငါတို့အိမ်နားမှာ
ရှိတယ်ကွ၊ အေးနော်
မင်းပြောတော့မှ
တရေးရေးပေါ်လာတယ်။ ၇၀ကျော်လောက်အထိနေသွားတဲ့ ငါ့မိန်းမဘက်က အမျိုးနှစ်ယောက်ရှိတယ်။
တစ်ယောက်ကမိန်းမလျာ။ တစ်ယောက်က ယောက်ျားလျာ။သေသည်အထိ အဲသလိုပဲနေသွားတာ၊
ဘယ်မှာပြင်လို့ ရလို့တုန်း၊ ဆောရီး သူငယ်ချင်း။ ငါစကားပြောလောသွားတယ်
…’          

 

ကျွန်တော် ရယ်မိပါသည်၊
တစ်ဆက်တည်းမှာပင် ကျွန်တော့်သူငယ်ချင်းနှယ် အသိခေါက်ခက် အ၀င်နက်သူ တစ်ဦးတစ်လေများ
စာဖတ်သူ လူကြီးမင်းများအကြားတွင် ရှိပါက တွေးဆဆင်ခြင်ကြည့်နိုင်စေရန်
နောက်ဆက်တွဲကို ဖြည့်စွက်ရေးသားလိုက်ရခြင်းလည်း ဖြစ်ပါသည်၊



Colours Rainbow

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top