ကျမ
ဒီ အိတ်ခ်ျအိုင်ဗီ ကာကွယ် တားဆီးရေးနဲ့ တိုက်ဖျက်ရေး လုပ်ဆောင်နေရာမှာ အစစ အခက်ခဲတွေ
ရှိနေတယ် ဆိုတာကို အစောပိုင်း ကတည်းက ပြောပြထားပြီးသားပါ။
အဲဒီ
အထဲမှာ ခက်ခဲတဲ့ တခြား လုပ်ဆောင်ရတဲ့ လုပ်ဆောင်ချက် တခုကို ပြောပါ ဆိုရင်တော့ ခုခံအား
ကျဆင်းမှု ရောဂါနဲ့ အတူ ဒွန်တွဲနေတဲ့ အခွင့်အရေးယူ ရောဂါများပဲ ဖြစ်ပါတယ်။ ဒီအခွင့်အရေးယူ
ရောဂါထဲမှာမှ အဖြစ်များဆုံး ရောဂါဟာ တီဘီရောဂါ ဆိုရင် မမှားပါဘူး။ ၉၀ ရာနှုန်း ကျော်သော
ခုခံအား ကျဆင်းမှုရောဂါ ခံစားနေရသူများဟာ တွဲလျက်သား တီဘီရောဂါ ဖြစ်နေတယ် ဆိုတာကို ကျမ
အထိတ်တလန့် သိရှိလိုက်ရပါတယ်။
အထိတ်တလန့်လို့
သုံးနှုန်းရတာနဲ့ ပတ်သက်ပြီး အနည်းငယ် ရှင်းပြချင်ပါတယ်။ သာမာန် ခုခံအား ကျဆင်းမှု ရောဂါ
ခံစားနေရသူ တယောက် ဆိုရင် နှစ်သိမ့် ဆွေးနွေး ပညာပေးပြီး ဆေးဝါး အကြောင်း ရှင်းပြ၊
ဆေးပေးမယ့် ဌာနတွေကို ဆက်သွယ်ပေး ဒါမှ မဟုတ် ကိုယ်တိုင် ၀ယ်သောက်၊ ဒါမှ မတတ်နိုင်သေးရင်
ကျမက ကြားခံ ၀ယ်တိုက်၊ သိပ် ကရိကထ မများဘူးလို့ ဆိုရမှာပါ။ ဒါပေမယ့်လည်း တီဘီ တွဲလျက်သား
ဖြစ်လာပြီ ဆိုရင်တော့ ပိုပြီးတော့ အလုပ် များပါတယ်။ အထိတ်တလန့် ဖြစ်ရပါတယ်။
မြန်မာပြည်မှာ
အစိုးရက ဖွင့်လှစ်ထားတဲ့ ဒေသန္တရ ဆေးပေးခန်းတွေ၊ ပီအက်စ်အိုင်က ဖွင့်ထားတဲ့ ဆေးခန်းတွေကနေ တီဘီ ရောဂါ အတွက် ဆေးတွေ အခမဲ့ ပေးနေတယ်
ဆိုပေမယ့် သူတို့ ကုသချက်တွေက ပုံမှန် ကုသပေးတာ ဆိုတော့ ဆေးကို နှစ်လ တိုက်ပြီးတော့
သလိပ်စစ်၊ ပိုးမရှိဘူး ဆိုရင် ဆေးလျှော့၊ နောက်ထပ် လေးလ ထပ်တိုက်။ ဒီလို ကုသမှုဟာ ပုံမှန်ပါပဲ။
ဒါပေမယ့်
ခုခံအား ကျဆင်းမှု ဖြစ်နေတဲ့ လူနာက တီဘီ ဖြစ်လာပြီ ဆိုရင်တော့ ဒီလောက်နဲ့ မရပါဘူး။ ဆေးကို
လေးမျိုးပေါင်း စတိုက်ပြီးတော့ နှစ်လ ပြည့်ရင် ဓာတ်မှန် ပြန်ရိုက်ရပါတယ်။ ဒီဓာတ်မှန်မှာမှ
အခြေအနေ ဆိုးနေသေးတယ် ဆိုရင် လေးမျိုးပေါင်း ကို နောက်ထပ် အနည်းဆုံး နှစ်လ တင်ရပါသေးတယ်။
အဲဒါဟာ
ကျမ အယူအဆ မဟုတ်ပါဘူး။ တတ်ကျွမ်း နားလည်တဲ့ အထူးကု ဆရာဝန်ကြီးများရဲ့ ကုထုံးပါ။ အဲဒီလိုမှ
မဟုတ်ဘူး ဆိုရင်တော့ တီဘီက ယဉ်ပါးသွားပြီးတော့ ဆေး မတိုးတာတွေ ဖြစ်တတ်ပါတယ်။ အဲ့ဒီလို
ဖြစ်လာပြီ ဆိုရင် ထိုးဆေးလိုက်၊ ထိုးဆေးမှ မနိုင်ရင် တခြား အဆင့်မြင့် ဆေးတွေက တလကို
အနည်းဆုံး ကျပ် တသိန်းခွဲ လောက် ကျခံပါမှ ကုသလို့ ဖြစ်မှာပါ။ ဒါဆိုရင်တော့ သေချာပါတယ်၊
လူနာဟာ ဒီလောက် မတတ်နိုင်တော့ပါဘူး။ သေဖို့လမ်း များပါတယ်။ သေလည်း သေကုန်ကြပါ တယ်။
တီဘီဆေး
လေးမျိုးပေါင်း ဆေးတွေကတော့ RIFAMPICIN 150mg + ISONIAZID 75mg + PYRAZINAMIDE
400mg + ETHAMBUTOLHYDROCHLORIDE 275mg ဖြစ်ပါတယ်။
တီဘီဖြစ်သူတွေဟာ
ပုံမှန် ဆိုရင် ကိုယ်အလေးချိန် ၈၈ ပေါင်နဲ့ အထက်က ဒီ လေးမျိုးပေါင်းဆေးကို သောက်ရပါတယ်။
နောက် နှစ်လ နေလို့ အဆုတ်ထဲမှာ ပိုးလျော့ကျသွားတယ် ဆိုမှ နောက်က နှစ်မျိုးကို ဖြုတ်ပြီးတော့
ရှေ့နှစ်မျိုး သောက်ရတာပါ။
ဒါပေမယ့်
ခုခံအား ကျဆင်းမှု ဖြစ်နေသူများကျတော့ အများအားဖြင့် နှစ်လ လောက်နဲ့ ဘယ်လိုမှ မလုံလောက်တဲ့
အခါ ဒီလေးမျိုး ပေါင်းကို လေးလလောက် သောက်ပြီးတော့မှ ကျန်တဲ့ နှစ်မျိုးပေါင်းကို ကိုးလလောက်
အထိ ဆက်သောက်ရပါတယ်။
ဆေး
အခမဲ့ပေး ဝေနေတဲ့ ဆေးခန်း တချို့ကတော့ နှစ်လပြည့်လို့ သလိပ်ထဲမှာ ပိုးမရှိတော့ရင် တန်းပြီးတော့
နှစ်မျိုးပေါင်းကို လျှော့ချတော့တာပါပဲ။ ဒီအတွက်လည်း တီဘီဆေး ယဉ်ပါးမှုတွေ ဖြစ်လာနေတာ
သတိ ပြုမိစေချင်ပါတယ်။
ဧရာဝတီ -
အိတ်ခ်ျအိုင်ဗီနဲ့
အခွင့်အရေးယူရောဂါ




