ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သော သုတေသနကြောင့်
အိတ်ခ်ျအိုင်ဗီ ကာကွယ်ဆေးပေါ်ထွက်ရေး စိတ်ဝင်စားမှုများ မြင့်တက်လာစဉ်
အေအိုင်ဒီအက်စ် ရောဂါသုတေသန ပြုလုပ်ရာ၌ ကနဦးကတည်းကပင် ပါဝင်ခဲ့သော မီယာမီ
တက္ကသိုလ်မှ ဒေါက်တာ မာဂရက်ဖစ်ရှယ်က အိတ်ခ်ျအိုင်ဗီဖြစ်ပြီး လူနာများအတွက်
ဆေးဝါးသစ်တစ်မျိုးကို လူများတွင် စမ်းသပ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ပြောကြားသည်။
ထိုင်းနိုင်ငံတွင် သုတေသနပြုလုပ်ခဲ့သော
ကာကွယ်ဆေးမှာ လူများအား အိတ်ခ်ျအိုင်ဗီ ဗိုင်းရပ်စ် မကူးစက်ရန် ကာကွယ်ရေးအတွက်
စမ်းသပ်ခဲ့ခြင်း ဖြစ်သော်လည်း ဒေါက်တာ မာဂရက်၏ ကာကွယ်ဆေးမှာ အိတ်ခ်ျအိုင်ဗီ
ဗိုင်းရပ်စ် ကူးစက်ခံရပြီးသော လူနာများ၌ ၎င်းဗိုင်းရပ်စ်ကို တွန်းလှန်နိုင်ရန်
ကိုယ်ခံစွမ်းအား စနစ်ကို မြှင့်တင်ပေးနိုင်ရန် ဖြစ်သည်။ သို့သော်
၎င်းဆေးနှစ်မျိုးစလုံးပေါ်ထွက်လာရန်မှာ နှစ်များစွာ အချိန်ယူရဦးမည် ဖြစ်သည်။
အကယ်၍ အောင်မြင်ခဲ့ပါက လောလောဆယ် အိတ်ခ်ျအိုင်ဗီ
ပိုးရှိသူများ သောက်သုံးနေသည့် ဆေးနှစ်မျိုး၊ သုံးမျိုးပေါင်း အေအာရ်ဗီ ဆေးများ
နေရာတွင် ဒေါက်တာ မာဂရက်၏ ဆေးကို အသုံးပြုနိုင်မည် ဖြစ်သည်။ အေအာရ်ဗီ ဆေးများမှာ
ဆေးနှုန်းကြီးမြင့်သလို အခြားဘေးထွက်ဆိုးကျိုး အများအပြားလည်း ဖြစ်ပေါ်လေ့ရှိသည်။
ဒေါက်တာ မာဂရက်ဖစ်ရှယ်သည် ကမ္ဘာပေါ်တွင် ထင်ရှားသော
အေအိုင်ဒီအက်စ် သုတေသီတစ်ဦး ဖြစ်ပြီး ၁၉၈၇ ခုနှစ်က အေအိုင်ဒီအက်စ် ရောဂါသည်များ
အတွက် ပထမဆုံးဖော်ထုတ်ခဲ့သည့် AZT ဆေးသုတေသန ပြုရာ၌ ပါဝင်ခဲ့သည်။ AZT ဆေးကို ယခု
အချိန်အထိ အခြားဆေးများနှင့် တွဲဖက် အသုံးပြုနေရဆဲဖြစ်သည်။
ဒေါက်တာ ဖစ်ရှယ်၏ ကာကွယ်ဆေးသစ်အား မျောက်များဖြင့်
စမ်းသပ်ရာတွင် အောင်မြင်ခဲ့ပြီး လာမည့် ဇန်န၀ါရီလတွင် လူများဖြင့် စမ်းသပ်ရန်
အဆင်သင့်ဖြစ်နိုင်ကြောင်းနှင့် အောင်မြင်ခဲ့ပါက အိတ်ခ်ျအိုင်ဗီ
ဗိုင်းရပ်စ်ရှိသူများ ၎င်းတို့၏ ကိုယ်ခံစွမ်းအားကို မြှင့်တင်ရန် တစ်နှစ်လျှင်
ဆေးတစ်လုံးသာ ထိုးရန် လိုအပ်မည်ဖြစ်သည်။
(7 DAY
NEWS JOURNAL Vol.8, No:30)




