လက်ရှိအခြေအနေအရ အိတ်ခ်ျအိုင်ဗွီပိုး ရှိသူတွေမှာ
တီဘီရောဂါဖြစ်နှုန်း ပိုများတယ်လို့သိရပါတယ်။ ဝေဘာကီ အထူးကုဆေးရုံကြီးက
သမားတော်ကြီး တစ်ဦးက “အိတ်ခ်ျအိုင်ဗွီ ပိုးရှိသူတွေမှာ တီဘီပိုး ကူးစက်ခံရဖို့
Chance ပိုပါတယ်။ အိတ်ခ်ျအိုင်ဗွီ ကူးစက်ပျံ့ပွားမှုကြောင့်လဲ တီဘီရောဂါ
ပြန်ခေါင်းထောင်တယ် ဆိုပြီးတော့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေက ပြောဆိုလေ့
ရှိကြတယ်” လို့ပြောပါတယ်။
တီဘီရောဂါဆိုတာ ချောင်းဆိုးရင်းနဲ့ တံတွေး၊
သလိပ်တို့ကတစ်ဆင့် လေထဲကနေ ပြန့်ပွားနိုင်လို့ ခုခံအားကျနေတဲ့ အိတ်ခ်ျအိုင်ဗွီ
ပိုးရှိသူတွေက တီဘီရောဂါသည်တွေ ဆီကနေ သွားရင်းလာရင်း ကူးစက်နိုင်ပါတယ်။
အိတ်ခ်ျအိုင်ဗွီ ပိုးရှိသူတွေမှာ တီဘီရောဂါဖြစ်ရင်
သူတို့အတွက် ရောဂါဖြစ်စဉ်က ပိုမြန်သွားတယ်။ နေမကောင်းဖြစ်ဖို့ ပိုမြန်ပြီး
ရောဂါကို ပြင်းပြင်း ထန်ထန် ခံစားရဖို့ ပိုလွယ်တယ်။ အေအိုင်ဒီအက်စ် အဆင့်ကို
ရောက်ဖို့လည်း ပိုမြန်သွားတယ်၊ ကျန်းမာရေးအခြေအနေ ပိုပြီးမြန်မြန်
ဆုတ်ယုတ်သွားနိုင်တဲ့အတွက် တီဘီကို သေချာမကုဘူးဆိုရင် အသက်တို သွားလိမ့်မယ်လို့
သမားတော်ကြီးက ရှင်းပြပါတယ်။
အိတ်ခ်ျအိုင်ဗွီ ပိုးရှိသူတွေမှာ
တီဘီရောဂါကူးစက်ခံရဖို့ ပိုလွယ်ပေမဲ့ သေချာကုရင်တော့ တီဘီရောဂါ
လုံးဝပျောက်ကင်းနိုင်ပါတယ်။ လောလောဆယ် အများသုံးနေတဲ့ တီဘီရောဂါ ကုသဆေး (dots)
နဲ့လည်း အိတ်ခ်ျအိုင်ဗွီ ပိုးရှိသူတွေရဲ့ တီဘီရောဂါကို ပျောက်အောင် ကုသလို့
ရတယ်လို့ဆိုပါတယ်။ အိတ်ခ်ျအိုင်ဗွီနဲ့ တီဘီ တွဲရှိနေရင် အိတ်ခ်ျအိုင်ဗွီအတွက်
(ART) ဆေးမသောက်ခင် တီဘီရောဂါကို အရင် ဦးစားပေး ကုသဖို့လိုပါတယ်။ ရောဂါနှစ်မျိုးအတွက်
ဆေးနှစ်မျိုးလုံး ပြိုင်တူသောက်ရတာမျိုး ရှိပေမဲ့ အဲဒီအခါမှာ အသည်းရောင်တာတွေ
အရေပြား အနာတွေ ပိုဖြစ်တယ်လို့ဆိုပါတယ်။
သမားတော်ကြီးကဘဲ “ဆေးပြိုင်သောက်ဖို့လိုရင်
လူနာခံနိုင်ရည်ရှိအောင် ဆရာဝန်က စီစဉ်ပေးရတယ်။တီဘီနဲ့ အိတ်ခ်ျအိုင်ဗွီ တွဲနေရင်
တီဘီကို အရင်ကုတယ်။ မချို့လူတွေဆိုရင် တီဘီဆေးကို ၆လလောက် သောက်ပြီးမှ ART ကုတယ်။
အချို့ကျတော့ နှစ်လနှစ်ပတ်လောက် သောက်ရုံနဲ့တင် ART ကုကြတယ်။
ရောဂါအဆင့်ပေါ်မူတည်တယ် တီဘီဆေးသောက်ပြီးမှ ကုရမယ်ဆိုပေမဲ့လဲ ခြေက်လစောင့်လို့မရတဲ့
လူနာမျိုးရှိတယ် စောင့်လိုက်ရင် ခြောက်လမပြည့်ခင်မှာ အိတ်ခ်ျအိုင်ဗွီ
ကြောင့်သေသွားနိုင်တယ်။ ရောဂါနဲ့ လူနာရဲ့ အခြေအနေပေါ် မူတည်ပြီး ကုသရတယ်”
လို့ဆိုပါတယ်။
အိတ်ခ်ျအိုင်ဗွီ ပိုးရှိသူတွေ အနေနဲ့ တီဘီ
မကူးစက်ရအောင် ကြိုတင်ပြီးတော့ အထွေထွေ ကျန်းမာရေးကို ဂရုစိုက်သင့်တယ်။
တီဘီရောဂါဖြစ်နိုင် တဲ့နေရာ ချောင်းဆိုးတဲ့သူတွေ ရှိတဲ့နေရာမျိုးကို မသွားသင့်ဘူး။ကိုယ်မှာ
တီဘီရောဂါ ရှိနေတယ်လို့ သံသယ ရှိရင် ကျန်းမာရေးဌာနမှာ စောစောကတည်းက
ဆေးစစ်သင့်ပါတယ်။
ရောဂါရှိတယ် ဆိုရင်လဲ တီဘီရောဂါဆေးကို အတိအကျ
ညွှန်ကြားတဲ့အတိုင်း အပြည့်အ၀ သောက်ဖို့လိုပါတယ်။ တီဘီဆေး မှန်မှန်မသောက်ရင်
ဆေးမတိုး ဆေးယဉ်ပါးတဲ့ ပိုးတွေ ဖြစ်လာပြီး မိမိ ကိုယ်ခန္ဓာတင် မကဘဲ
မိမိပတ်ဝန်းကျင်ကိုပါ ထိခိုက်နိုင်တဲ့အတွက် သေချာ ဂရုစိုက်သင့်တယ်လို့ သမားတော်ကြီးက
ပြောကြားသွားခဲ့ပါတယ်။
The Kumudra 08/09/2006




