၁၉၈၁ခုနှစ်ကတည်းက သိရှိလာခဲ့တဲ့
အိတ်ခ်ျအိုင်ဗွီ၊ Human Immunodeficiency Virus (HIV)ဟာ ခုဆိုရင် ရွှေရတုကို ကျော်သွားပါပြီ။
အေအိုင်ဒီအက်ကြောင့် သေဆုံးခဲ့ရသူပေါင်းကလည်း ၂၅သန်း ကျော်သွားခဲ့ပါပြီ။ ဒီအရေအတွက်ဟာ
ဒုတိယ ကမ္ဘာစစ်က ဟစ်တလာကြောင့် သေဆုံးခဲ့ရတဲ့ ဂျူးတွေထက် များသလို ရဝမ် လူမျိုးနွယ်စု
သတ်ဖြတ်မှုမျိုး ၂၂ကြိမ် ဖြစ်တာထက်တောင် များပါတယ်။ ဒါပေမဲ့ ဒီ HIV ဆိုတဲ့ ဗိုင်းရပ်ဟာ
မျောက်တွေမှာ ဖြစ်တတ်တဲ့ ဗိုင်းရပ်စ် Simian Immunodeficiency Virus ကနေ လူကို ကူးလာလို့
ဖြစ်တာလောက်ပဲ သိကြပါတယ်။ ဘယ်လို ဘယ်ပုံ ကူးလာတယ်ဆိုတာကိုတော့ ဘယ်ပညာရှင်မှ အတိအကျ
မပြောနိုင်သေးပါဘူး။ ပိုးရှိတဲ့ မျောက်သွေးက အာဖရိက အလယ်ပိုင်းမှာ တောပစ်၊ အမဲလိုက်ကြသူတွေက
တစ်ဆင့် ပိုးကူးတယ်၊ မျောက်တွေရဲ့ ကျောက်ကပ်ကနေ ပိုလီယို ကာကွယ်ဆေး ထုတ်ရတာမို့ အဲဒီကနေ
ပိုးကူးတယ်၊ စသည်ဖြင့် အမျိုးမျိုးပြောကြပေမဲ့ တကယ် ဘယ်လို ကူးခဲ့တယ်ဆိုတာ ပြောနိုင်သူ
မရှိသေးပါဘူး။
ဘယ်လိုဘဲ ကူးကူး ဒီပိုးနဲ့
ဒီရောဂါကတော့ လူတွေကို ခြိမ်းခြောက်နေတာအမှန်ပါ၊ အာဖရိကမှာ အများဆုံး ဖြစ်တယ်ဆိုပေမဲ့၊
ဒီပိုး ဒီရောဂါနဲ့ ပတ်သက်တဲ့ ကင်းလွတ်တဲ့ နေရာရယ်လို့ ကမ္ဘာပေါ်မှာ မရှိသလောက်ပါပဲ။ အာရှဟာလည်း
ဒီဒဏ်တွေ ခံနေရတဲ့ တစ်နေရာပါ။ အိန္ဒိယမှာဆို ၂၀၁၀ ခုနှစ်မှာ HIV ရှိသူပေါင်း ၂၀-၂၅သန်းလောက်
ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဘာလို့ ဒီလို ခန့်မှန်းနိုင်တာလဲလို့ အဖြေရှာရင် တွေ့ကြရမှာက
အများကြီးပါပဲ။ အိန္ဒိယရဲ့ ဒေလီ နားတစ်ဝိုက်မှာ ဖြတ်သန်းဖူးသူတိုင်းက အာရှမှာ အကြီးဆုံးဖြစ်တဲ့
ကုန်တင် ထရပ်ကား နားနေ စခန်း တစ်ခုဖြစ်တဲ့ ဆန်ဂျေဂန္ဒီ သယ်ယူ ပို့ဆောင်ရေး စခန်းကို
သိကြမှာပါ။ အဲဒီမှာ နေ့စဉ်နေ့တိုင်း အဝေးပြေး ကုန်တင် ထရပ်ကား အစီး ၄၀၀၀လောက် စက်ရပ်နားပြီး
စက်စစ်ဆေးတာ၊ အနားယူတာ၊ လုပ်လေ့ရှိပါတယ်။ အဲဒီ ကားတွေမှာမောင်းတဲ့ ကားမောင်းသမား ငါးသန်း
ကတော့ တစ်ခါတစ်ခါ ကုန်တင်ကားမောင်းရင် တစ်လကနေ ခြောက်လလောက်အထိ မိသားစုနဲ့ ခွဲနေရတတ်ပါတယ်။
အဲဒီအတွက် သူတို့တွေဟာ လိင်အလုပ်သမတွေ ဆီကို အလည်သွားကြတာ အဆန်းမဟုတ်ပါဘူး။ ကားသမားတွေရဲ့
လေးပုံသုံးပုံက သူတို့တွေဟာ တစ်နှစ် တစ်နှစ်ကို အကြိမ် ၁၅၀ကနေ ၂၀၀ အထိ အဲဒီအိမ်တွေဆီ
သွားဖြစ်ကြတယ်လို့ ဝန်ခံကြပါတယ်။ အိန္ဒိယရဲ့ လိင်အလုပ်သမ ၄၂ရာခိုင်နှုန်းက လူတစ်ယောက်မှာ
HIV ရှိမရှိ သူတို့ရဲ့ ရုပ်သွင်ပြင် မြင်ရုံနဲ့ သိနိုင်တယ်လို့ ထင်မြင်ယူဆထားကြပါတယ်။
ကားသမား ၈ယောက်မှာ တစ်ယောက်က HIV ကူးစက်ခံထားရပြီလို့ ယူဆရပါတယ်။ ဒီတော့ တစ်နိုင်ငံလုံး
အနှံ့ ဒီပိုးကို လွယ်လွယ်ကူကူ ပျံ့နှံ့အောင် ဒီကုန်တင် အဝေပြေး ကားလုပ်ငန်းက အပြည့်အဝ
အကူအညီပေးနေပါတယ်။
ဒီပြဿနာတွေကို နားလည်တဲ့ ကားတာယာ
ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Apollo Tyres Ltd. က HIV နဲ့တကွ တခြား လိင်ဆက်ဆံရာမှ ကူးစက်နိုင်တဲ့
ရောဂါပိုးတွေ စစ်ဆေးပေးတဲ့ ဆေးခန်းလေးတစ်ခုကို အဲဒီ အဝေးပြေး ကားဂိတ်ထဲမှာ ဖွင့်ထားလိုက်ပါတယ်။
အဲဒီ ဆေးခန်းရဲ့ တာဝန်ခံ တစ်ဦးက ပြဿနာရဲ့ အကြောင်းရင်းတွေနဲ့ ပတ်သက်ပြီး ခုလိုရှင်းပြပါတယ်။“လူတွေက ဒီရောဂါနဲ့ ပတ်သက်ပြီး ဗဟုသုတ သိပ်မရှိလှဘူး၊ ကားသမားတွေ
ထဲမှာ ဒီရောဂါဟာ ရွှံ့ရေထဲမှာရှိတယ်၊ ရေထဲ ဖိနပ်မပါပဲ လမ်းလျောက်သွားရင် ရောဂါရမယ်၊
ရောဂါပိုး ကိုယ်ထဲဝင်သွားရင် သွေးတွေက စွမ်းအင်တွေ ကုန်ခမ်းသွားပြီး ရေတွေ ဖြစ်သွားမယ်ဆိုတဲ့
လွဲမှားတဲ့ ဗဟုသုတတွေ ရှိနေပါတယ်။
အဲဒီထက်ပိုပြီး လွဲမှားတဲ့
ဗဟုသုတကတော့ HIV ရှိ၊ မရှိ လူ့အပြင်ပန်း ပုံသဏ္ဍန်ကို ကြည့်ရုံနဲ့ သိတယ်လို့ နားလည်ထားကြတာပါ။
ဒါ့အပြင် ကွန်ဒုံးမသုံးမိပဲ လိင်ဆက်ဆံမိပြီးရင် လိင်အင်္ဂါကို ဆီးနဲ့ ဆေးကြောပြီး အေအိုင်ဒီအက်စ်ကို
ကာကွယ်နိုင်တယ်၊ ဆီးထဲမှာ အက်စစ်တွေပါလို့ ပိုးသေတယ်လို့ လွဲမှားစွာ ယုံကြည်နေကြပါတယ်။
ပိုးဆိုတာက သူတို့ဘဝတွေမှာ အနာဂတ်ဆိုတာ မရှိလို့ ဘာကိုမှ ဂရုစိုက်စရာ မလိုဘူးဆိုတဲ့
အတွေးအခေါ်ပါ။
ဒါ့ကြောင့် ဒီအဝေးပြေး ကားဂိတ်က
ဆေးခန်းလေးဟာ ဂိတ်ဝင်းထဲက ဆံပင်ညပ် ဆရာတွေကို ကျန်းမာရေး ဗဟုသုတတွေ သင်ကြားပေးပြီး၊
သူတို့ရဲ့ ပညာပေး အစီအဉ်မှာ ကူညီစေပါတယ်။ ဆံပင်ညပ် ဆရာတစ်ဦးဖြစ်တဲ့ မန်ဂျက်ရှ် (အသက်
၃၀) ရဲ့ ပညပေး အတွေ့အကြုံလေးကို ကြည့်လိုက်ရင် သိနိုင်ပါတယ်။“ဆံပင်ညှပ်ဆရာ တစ်ဦးအနေနဲ့
ကိုယ့်ဖေါက်သည်နဲ့ ကိုယ်ကတော့ မမြဲတမ်း နီးနီးကပ်ကပ် ရှိနေတာပါပဲ။ ကျတော်တို့က အကြောင်းအရာ
ပေါင်းစုံ ပြောပြကြပါတယ်။ ကျတော်က ဒရိုက်ဘာတွေကို HIV နဲ့ လိင်ဆက်ဆံရာမှ ကူးစက်တတ်တဲ့
ရောဂါတွေ အကြောင်း ပြောပြပါတယ်။ သူတို့တွေက ဇာတ်လမ်းပေါင်းစုံ ပြောပြကြပါတယ်။ တစ်ချို့ဇာတ်လမ်းတွေက
ညစ်တီးညစ်ပတ် နိုင်တယ်ဗျ။ သူတို့ဇာတ်လမ်း နားထောင်ရတာ သိပ်မဟန်ရင် ကျတော်က သူတို့ကို
ဆေးခန်းသွားပြဖို့ ပြောရတယ်။ သူတို့က ကျတော့် စကားကို နားထောင်ကြပါတယ်။ ခင်ဗျား စဉ်းစားကြည့်လေ
ကျတော့် သင်တုန်းဓါးအောက်မှာ သူတို့ရှိနေကြတာပဲ သူတို့ နားထောင်ရမှာပေါ့။
အိန္ဒိယ နိုင်ငံရဲ့ တောင်ပိုင်းမှာ
၂၀၀၀လောက်နေတဲ့ Menasikyathana Halli ရွာလေးရှိပါတယ်။ အဲဒီနားက ရွာတစ်ရွာမှာ လင်မယား
နှစ်ယောက် AIDS ဖြစ်နေတယ်လို့ စကြားရတဲ့ ၁၉၉၅ခုနှစ်မှာ တစ်ရွာသားလုံး ကြောက်ရွံ့ခဲ့ကြတာ
အလွန်ပါ။ ရောဂါဖြစ်တဲ့သူကို ထိတွေ့ ကိုင်တွယ်လိုက်တာနဲ့ သေမှာပဲလို့လည်း ယုံမှားခဲ့ကြပါတယ်။ ဒေသခံ ကျောင်းဆရာ တစ်ယောက်ဖြစ်တဲ့ H.N Girish(၃၅နှစ်)က
သူ့ကိုယ်ပိုင်ငွေ ရူပီး ၅၀၀၀နဲ့ AIDS-amma လို့ခေါ်တဲ့ နတ်ကွန်း တစ်ခုကို ၁၉၉၅ခု ဒီဇင်ဘာလ
၁ရက် (ကမ္ဘာ့ AIDS နေ့) မှာ ဖွင့်လှစ်ပေးခဲ့ ပါတယ်။
“ဒီနတ်ကကွန်းမှာ သူတော်စင်
အမေလို့ အနက်ရတဲ့ မိန်းမနတ်ပုံ ထုပေးထားတော့ တချို့ အမျိုးသမီး လှုပ်ရှားသူတွေက သဘောမကျကြဘူး။
တစ်ချို့ကလည်း ဒီရွာမှာ ရောဂါသည်များလို့ နတ်ကွန်းတောင် ထားရတယ်လို့ တွေးကြပါတယ်။ တချို့ကတော့
ကျတော့်မှာ ရောဂါ ရှိနေလို့ ဒီလိုလုပ်တယ်လို့ ထင်လာပါတယ်။ ဒါနဲ့ ကျတော့် ဘာသာ သွေးစစ်ပြီး
အဖြေကို သက်သေလုပ်ရပါတယ်။ တကယ်တော့ ကျတော်က ဒီနတ်ကွန်းကို ပညာရေးနဲ့ ဘာသာရေး ဆက်စပ်လို့ရအောင်
ယာဉ်တစ်ခုအဖြစ်လုပ်တာပါ။ ဒီမှာ လာတဲ့သူတွေက ပညာပေး စာသားတွေ ဖတ်ပြီး နတ်ကို ပူဇော်သွားကြတယ်။
ပြီးတော့ ရွာထဲပြန်ရောက်ရင် ဆံပင်ညပ် ဆရာကို ဓါးအသစ် သုံးပေးဖို့ တောင်းဆိုလာကြတယ်။
ရောဂါ ရှိသူတွေ ရွာထဲမှာ ရှိနေပေမဲ့ ဘယ်သူမှ ရှုံ့ချမနေတော့ဘူး ဒီ အပြောင်းအလဲက နတ်ကွန်း
ဆောက်ပြီးမှ ဖြစ်လာတာတွေပါ။” လို့ Girish က သူ့အတွေ့အကြုံကို ပြောပြပါတယ်။
Pelhi Network of
Positive People အဖွဲ့ရဲ့ ဥက္ကဌဖြစ်တဲ့ Loon Gangte(၄၀နှစ်) က သူ့အတွေ့အကြုံကို ရှည်ရှည်လျားလျား
ရှင်းပြပါတယ်။ “ကျတော်မှာ ပိုးရှိနေပြီလို့ သိရတော့ နှစ်ရက်လောက် တစ်စစီ ကြေကွဲသွားပါတယ်။
ဒါပေမဲ့ ဒီအချိန်က ဒီဆာဟာရ လူစု စင်တာမှာ ကျတော် ရော`က`နေခဲ့တာ သိပ်ကို ကံကောင်းသွားခဲ့ပါတယ်။
ဘဝဟာ ဒီမှာရွေ့မြဲရွေ့နေတယ်၊ ပျော်ဖို့ ၊ ဒေါသဖြစ်ဖို့ ၊ ဝမ်းနည်းဖို့အတွက် ဘာအတွက်မှ
အချိန်မရှိဘူး၊ ၂၄နာရီပတ်လုံး အလုပ်များနေတယ်။ ကျတော့် စိတ်တွေပဲ ပြောင်းလဲသွားခဲ့တယ်။
တဖြည်းဖြည်းနဲ့ အမှန်တရားကို လက်ခံလာမိတယ်။တကယ်တော့ HIV နဲ့နေထိုင်သူ တစ်ဦးအနေနဲ့
ပထမဆုံး စိန်ခေါ်မှုက ကိုယ့်ကိုယ်ကို လက်ခံဖို့ပဲ။ ကျတော့်ကိုယ် ကျတော် ပြောခဲ့မိတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ငါ HIV နဲ့ နေထိုင်နိုင်ရမယ်။ ရှောင်ပြေးလို့ ရနိုင်တော့တာမှ မဟုတ်ပဲ။
လုပ်နိုင်သမျှတော့ ဘဝကို အပြည့်ဝဆုံး ရှင်သန်သွာဖို့ပဲ ဆိုပြီးတော့ပေါ့။”
“ကျတော့် အိမ်ရှင်ကို ပြောပြတော့
မယုံဘူး ကျတော်က နှစ်နစ်လုံးလုံး ဖျားနာတာတောာင် မရှိဘူး၊ ကျတော်က ခရီးတွေ လျောက်သွားပစ်တယ်။
အရင်က တစ်နေကုန် ဆေးစွဲနေတာ။ ကျတော့်ရဲ့ အချိန်ပြည့် အလုပ်ကို ပြောပါဆိုရင် ဆေးသုံးစွဲဖို့ပဲ။
မဏိပူရ ဘက်မှာ ဟီးရိုးအင်းကို ဈေးပေါပေါနဲ့ ရတယ်။ ကျတော် ဆေးစွဲခဲ့တဲ့ သက်တမ်းက ၁၃နှစ်ပါ။
ဆေးဖြတ်ပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်တော့မယ် ဆိုတဲ့ အချိန်ကျမှ ပိုးရှိတာ သိတယ်။ ဆေးစွဲတုန်းက
ဘောလုံး မကန်နိုင်ဘူး။ ခုတော ဘောလုံး တော်တော် ကစားဖြစ်နေပြီ။ ကျတော်တို့ အဖွဲ့ဝင်
တော်တော်များများက ပိုးရှိသူ ဖြစ်ချင်ဖြစ် မဖြစ်ရင် ဆေးသုံးစွဲသူတွေပါ။ ခုပိုးမရှိသေးတဲ့
သူတွေကို ဒီပိုးအကြောင်း ပြောပြတာပါ။ ကျတော် ကိုယ်တိုင်လည်း လေ့လာဆဲပါ။ ကျတော့် သူငယ်ချင်း
အဟောင်းတွေက သေသွားခဲ့ကြပါပြီ။ ဒီလို အနေအထားမှာ ဘယ်လို ရှင်သန်သွားကြမလဲ၊ ကျတော်တို့
ဂူကျင်းတွေ အများကြီး တူးနေကြရတယ်။ ဒါပေမဲ့ အများကြီး မတူးကြရတော့အောင် တစ်ခုခု လုပ်နိုင်ကြတယ်လေ။
ကျတော့် အိမ်မက်က ဖွံဖြိုးပြီး နိုင်ငံတွေမှာလို ပိုးရှိတဲ့သူတွေ ဆေးကုသမှု ခံယူနိုင်ပြီး
ကျန်းမာစွာ အလုပ်လုပ်နိုင်တဲ့ ဘဝကို ရကြဖို့ပဲ။ သူတို့ဆီမှာ ပိုးရှိတဲ့သူတွေက အကြာကြီး
အသက်ရှင် နေထိုင်နေကြတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာတော့ ၁၀နှစ်အများဆုံး အသက်ထပ်ရှင်
နေနိုင်ကြတယ်။ ဒါက ကိုယ့်ကိုယ်ခံ စွမ်းအားနဲ့ မဆိုင်ဘူး။ ARV ဆေးကို သောက်ရမလား၊ မသောက်ရလားနဲ့
ဆိုင်တယ်။ ကျတော့်မှာ ငိုဖို့ အကြောင်းပြချက် တစ်ခု ရှိနေတယ်ဆိုရင် ပြုံးဖို့ အကြောင်းပြချက်လည်း
တစ်ထောင်လောက်ရှိနေပါတယ်လေ။ တစ်ခုကို လုပ်ချင်နေသမျှတော့ အဲဒီတစ်ခုကို ခင်ဗျား လုပ်နိုင်မှာပါ”။
အာရှနိုင်ငံတွေမှာ HIV နဲ့
ပတ်သက်ပြီး ကာကွယ် ကုသရေးတွေ တော်တော်လေး လုပ်နိုင်တဲ့ နိုင်ငံက ထိုင်းနိုင်ငံပါ။ ၂၀၀၃
ခုနှစ်က ထိုင်းလူမျိုး ဆေးဝါး ဗေဒပညာရှင် Krisana Kraisinut က နာမည်ရ HIV ကုသဆေးတွေထက်
အဆ ၄၀လောက် ဈေးပေါတဲ့ ဆေးကို စတင် ဖေါ်ထုတ် ခဲ့ပါတယ်။ အဲဒီဆေးရဲ့ ကုန်ကျ စရိတ်ဟာ တစ်လကို
အမေရိကန်ဒေါ်လာ ၂၅ဒေါ်လာပဲ ကုန်ကျပြီး ထိုင်းနိုင်ငံ မြောက်ပိုင်းက ဆေးရုံတစ်ရုံမှာ
HIV/AIDS နဲ့နေထိုင်သူ ၇၀၀-၁၀၀၀ ဦးကို စတင်ကုသပေးခဲ့ပါတယ်။ ခုဆိုရင် ထိုင်းနိုင်ငံမှာ
ရှိတဲ့ HIV ဆေးဝါး လိုအပ်သူ အားလုံးရဲ့ ထက်ဝက် ကို ထိုင်း အစိုးရ ကုသပေးနိုင်ပါပြီ။
အဲဒီ ပြည့်တန်ဆာ ခန်းတွေမှာ ကွန်ဒုံးမသုံး မနေရ စီမံကိန်းနဲ့ စစ်ထဲဝင်သူ အားလုံးကို
သွေးစစ်ရေး စီမံကိန်း တွေကြောင့် ၂၀၀၅ခုနှစ်မှာ HIV/AIDS ဖြစ်နှုန်းဟာ ၁.၅ရာခိုင်နှုန်းထိ
ကျဆင်းသွားခဲ့ပါတယ်။
ထိုင်းရဲ့
Tongsaenkan က သူနာပြုဆရာမ နှစ်ယောက် (Noc
နဲ့ Nueng) ဟာ သူတို့ရဲ့ ဆေးရုံအတွက် ဂုဏ်ယူစွာ ပြောပြလာပါတယ်။ “ အရင် HIV ဆေးတွေ အခမဲ့
မပေးနိုင်ခင်တုန်းက လူတွေ တိုင်းရင်းဆေးတွေ ဘာတွေနဲ့ပါ သူတို့ ရောဂါကို ကုရတော့ အသေအပျောက်
များပါတယ်။ အစိုးရက ကျမတို့ ဆေးရုံအတွက် လူနာ ၅၀စာပဲ ဆေးကို အခမဲ့ချပေးပေမဲ့ ကျမတို့ကတော့
ရောဂါရှိတဲ့ လူတော်တော်များများကို ဆေးပေးနိုင်ပါတယ်။ ထိုင်း လူမျိုးမှ မဟုတ်ပါဘူး
ကျမတို့ မှတ်ပုံတင်တွေ ဘာတွေတောင်း မကြည့်ပါဘူး။ ဆေးလိုတဲ့ သူတွေအာလုံးကို ကုပေး ပါတယ်။
နယ်စပ်က ဝင်လာတဲ့ သူတွေ အပါအဝင်ပါ။ ဒီမှာ ဆေးပေးတဲ့ အပြင် ဘုန်တော်ကြီးတွေနဲ့ လူမှုရေး
လှုပ်ရှားသူတွေကို ဖိတ်ခေါ်ပြီး တရာထိုင်တာ သင်ပေးတာမျိုး သူတို့ ဘယ်လိုရင်ဆိုင်ခဲ့တယ်ဆိုတာကို
ပြောပြတာမျိုးတွေ လုပ်ပေးပါတယ်။ ကျမတို့ လုပ်ပေးရမယ်ဆိုတဲ့ လူနာ အရေအတွက် အတိုင်းအတာထက်
ပိုပြီး ကုသပေးနေတာပါ။”
ထိုင်းလူမျိုး Pitsamai(၃၆
နှစ်က) အဲဒီဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူ့အတွေ့အကြုံကို ခုလို
ရှင်းပြပါတယ်။ “ကျမယေက်ျား Udon ရယ် ၆နှစ်အရွယ် သမီးလေး Benjianut ရယ်၊ ကျမရယ် သုံးယောက်လုံးမှာ
AIDS ရှိနေပါတယ်။ ကျမရဲ့ သမီးလေး Benjianut ကိုယ်ဝန်ရှိတော့ ကျမက AZT ဆေးသောက်နေပါပြီ။
သမီးငယ်လေးက နောက်လဆို တစ်နှစ် ပြည့်တော့မယ်လေ။ သူ့မှာ HIV ရှိမရှိ သိရတော့မယ် ကျမ
သူ့ကိုယ်ဝန်ကို ဖျက်ချချင်ခဲ့ပေမဲ့ ကျမခင်ပွန်းက ဒီလို ကံအမှားမျိုး မကျူးလွန် စေချင်ဘူး။
သမီးကြီး Benjamant လည်း ကျောင်းမှာ ပြဿနာ ရှိနေတယ်။ ဆရာမက သူ့ကို သိပ်လက်မခံချင်ဘူး။
တခြား ကလေးတွေနဲ့ ခွဲသိပ်တာ၊ ခွဲကျွေးတာ လုပ်တယ်။ ဒါပေမဲ့ ဆေးရုံမှာတော့ ဆရာမ
Nueng နဲ့ Noc တို့က သူ့ကို ဂရုစိုက်တယ်။ ခုဆို သမီးက သူလုပ်ချင်တာတွေ လုပ်လို့ရနေပြီ။
ပြီးတော့ သူငယ်ချင်း တွေလည်း ရနေပြီ။ အရင်တုန်းက ဆွေမျိုးတွေက ကျမတို့ကို ထိတွေ့ရမှာ
သဘောမကျခဲ့ပေမဲ့ ခုတော့ သိပ်မဆိုးတော့ပါဘူး။ အသက် ၁၃နှစ် ရနေတဲ့ သားကြီး Bawit ကတော့
ဘာပြဿနာမှ မရှိသေးဘူး။ ခင်ပွန်းက ပြည်တွင်းဖြစ် ကြွေပြား စက်ရုံမှာ လုပ်တယ်လေ။ ခုတော့ဘာမှ
သိပ်မလုပ်နိုင်တော့ပါဘူး။ ကျမတို့က မြေလည်း သိပ်မပိုင်ဘူး၊ အခုကျမတို့ နေတဲ့အိမ်လည်း
ကျမတို့အစ်ကို ပိုင်တာပါ။ ဆေးရုံမှာ တွေ့ရတဲ့ မိတ်ဆွေတွေကြောင့် ကျမတို့ချည်းပဲ ခံစားနေရတာ
မဟုတ်ဘူးဆိုတာ နားလည်နိုင်တာပါ။ ရွာမှာ ပွဲလမ်းလေး၊ ဘာလေးရှိရင်တောင် တခြားလူတွေ ဝိုင်းကြည့်ကြမှာစိုးလို့
ဘယ်မှ မသွားချင်ဘူး” တဲ့။
Spoakorn က အသက် ၃၇နှစ် အရွယ်
HIV နဲ့နေထိုင်သူပါ။ သူ့အဖြစ်အပျက်ကတော့ “လွန်ခဲ့တဲ့ လေးနှစ်က သေလုနီးပါး ဖြစ်ခဲ့ပါတယ်။
ဦးဏှောက် အမြှေးပါးရောင်ပြီး သတိလစ်မေ့မျောသွားတော့ ဆရာဝန်တွေကတောင် မိသားစု အသုဘအတွက်
ပြင်ဆင်ဖို့ ပြောခဲ့ပါသေးတယ်။ ကျတော်တို့ မိသားစုက မျိုးဆက် ရှစ်ဆက်လုံး ဝက်မွေးတဲ့
အလုပ်ကိုပဲ ဆက်ခံခဲ့တော့ အမေနဲ့ အစ်မကြီးက ကျတော့် အသုဘ အတွက်ဆိုပြီး ဝက်တွေ ဖယ်ထား၊
ချန်ထားတာမျိုး လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျတော်က ခုထိ မသေသေးပါဘူး။ မိန်းမကတော့ ဒီရောဂါကို
လက်မခံ နိုင်လို့ ဆိုပြီး ကျတော့်ကို ထားသွားပါပြီ။ ကျတော် ဆွဲကြိုးချ သတ်သေဖို့ ကြိုးစားခဲ့ဖူးပေမဲ့
အမေနဲ့ အစ်မတွေ တွေ့ပြီး အအောင်မြင်ခဲ့ပါဘူး။ ကျတော် ဒီဆေးရုံကို ဆေးကုသခံယူဖို့ လာတဲ့သူတွေ
ထဲက ပထမဆုံး အုပ်စုမှာပါပါတယ်။ အခုတော့ ကျတော်က ဆေးရုံရဲ့ ပညာပေး အစီအစဉ်မှာ ပါဝင်ပြီး
တခြားလူနာတွေကို ပညာပေးတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်နေပါပြီ။ ကျတော် ချင်းမိုင်ကို
သွားပြီး အမေရိကားနဲ့ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်အတွက် ကန့်ကွက်တဲ့ လှုပ်ရှားမှုမှာ
ပါဝင်ခဲ့ပါတယ်။ ဒီသဘော တူချက်ကို ထိုင်းက လက်မှတ် ထိုးလိုက်ရင် ကျတော်တို့အတွက်
AIDS ကုသဆေးကို ဈေးသက်သက်သာသာနဲ့ ကောင်းကောင်းမွန်မွန် ရတော့မှာ မဟုတ်ပါဘူ”။
“တရုတ်ပြည်ကလည်း အာရှတိုက်နိုင်ငံများထဲမှာ
HIV/AIDS နဲ့ပတ်သက်ပြီး ပြဿနာတွေ များတဲ့နိုင်ငံ
ဖြစ်ပါတယ်။ တရုတ်နိုင်ငံ “ဟီနန်” ပြည်နယ်က ပင်စင်စား ဆရာတစ်ဦးလည်းဖြစ် HIV/AIDS လှုပ်ရှားသူလည်းဖြစ်တဲ့
Gao YaoJie (၇၉နှစ်) က “ကျတော်က ၁၉၉၆ ခုနှစ်ကျမှ ဒီရောဂါကို သိတာပါ အရင်က ဒီရောဂါ ရှိနေမှန်းကို
မသိခဲ့ပါဘူး။ အဲဒီတုန်းက ကျတော်တို့ ဆရာဝန်တွေကိုတောင်မှ ဒီအကြောင် မပြောပြ ခဲ့ပါဘူး
ဒါ့ကြောင့် သိသိချင်း ကျတော် စပြီး လှုပ်ရှားပါတယ်။ လူတွေက ပြောကြတယ် ကျတော့ဘာသာ ရေးပြီးဝေတဲ့
လက်ကမ်းစာစောင်က အစိုးရဝေတာထက် ပိုများပါတယ်။ အစိုးရက ကွန်ဒုံးသုံးရေးတွေ လုပ်ပါတယ်။
ဒါက ပြဿနာရဲ့ အရင်း အမြစ်ကို မဖြေရှင်း နိုင်ပါဘူး။ ဒီမှာပြဿနာက သွေး အရောင်းအဝယ်ပါ”
လို့ဆိုပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာ
တရုတ်လယ်သမား သန်း ၈၀၀ ထဲက အများစုဟာ တိုင်းပြည်ရဲ့ စီးပွားရေး ပွင့်ထွက်မှုထဲ မပါဝင်နိုင်ခဲ့ကြပါဘူ။
၁၉၉၀ ခုနှစ် အစောပိုင်းကာလတွေမှာ ဆင်းရဲတဲ့ ကျေးလက်၊ ခရိုင် တာဝန်ရှိသူတွေက သွေးစုဆောင်းတဲ့
အလုပ်ကို စီပွားရေး လုပ်ငန်းသစ် တစ်ခုအဖြစ် လုပ်လာကြပါတယ်။ “ဟီနန်” ပြည်နယ် တစ်ခုတည်းမှာတောင်
သွေးဖေါက်ယူတဲ့ဆိုင် ၂၀၀ကျော်ဟာ တရားမဝင်ပဲ ဖွင့်လှစ်လာခဲ့ ပါတယ်။ အဲဒီမှာ ၅၀၀ မီလီလီတာ
ပါတဲ့ သွေး တစ်ပုလင်းကို ယွမ် ၅၀-၆၀ ( အမေရိကန်ဒေါ်လာ ၆ ဒေါ်လာခန့်) နဲ့ပေးဝယ်ပါတယ်။
အဲဒီ ဒေသမှာ ရှိကြတဲ့လူ အများစုက တစ်နှစ်လုံး အလုပ်လုပ်မှ တစ်နှစ်ဝင်ငွေ စုစုပေါင်း
အမေရိကန် ဒေါ်လာ ၂၀၀-၃၀၀ လောက်ရကြတာမို့ တချို့က တစ်ပတ်တည်းမှာပင် သွေးကို အကြိမ်ကြိမ်
လှူလာကြပါတယ်။ ဒီလိုနဲ့ ဒီသွေးလှူတဲ့ အလုပ်ဟာ ကျေးလက် ကျန်းမာရေး စောင့်ရှောက်မှု စနစ်အတွက်
ငွေပိုရပြီး နောက်ဆုံး ဒေသခံ နိုင်ငံရေး သမားတွေကို ထောက်ပံ့နိုင်သလို အလှူရှင် မိသားစုအတွက်လည်း
အဓိက ဝင်ငွေရ လုပ်ငန်းဖြစ်လာပါတယ်။”
သွေးလှူတဲ့သူ အများစုက
HIV အကြောင်း အသည်းရောင် အသားဝါပိုးအကြောင်း မသိကြသူတွေမို့ “သွေးဟာထွက်ပြီးနောက် ပြန်ဝင်လာတယ်
ဒါကျန်းမာဖို့ပဲ” လို့ထင်ထားကြပါတယ်။ သွေလှူရှင်တွေဟာ သွေးအမျိုးအစား တူတဲ့သူ ၁၂ယောက်လောက်ဆီ
စုစည်းပြီး ဆေးထိုးအပ် တစ်ခုတည်း အသုံးပြုပြီး သွေး ဖေါက်ခဲ့ကြပါတယ်။ ရလာတဲ့ သွေးတွေ
အားလုံးစုစည်းပြီး ဗဟိုလှည့်စက်တစ်ခုတည်းကို ထည့်လိုက်ကာ သွေးရည်ကြည်တွေ စစ်ယူပါတယ်။
နောက်ထပ် မိနစ် ၃၀ကြာတဲ့အခါမှာတော့ ကျခဲ့တဲ့ အနည်ထိုင် သွေးနီ ဥတွေနဲ့ သွေးတိတ်ပစ္စည်းတွေကို
သွေးလှူရှင်တွေထဲ အချိုးကျ ပြန်သွင်းပေးပါတယ်။ သွေးလှူရှင်တွေ သွေးအားနည်းရောဂါ မဖြစ်အောင်ဆိုတဲ့
အကြောင်းပြချက်အတွက်ရော သွေးလှူတဲ့သူတွေ ဆက်လှူချင်နေအောင်ပါ ရည်ရွယ်တာပါ။ ဒီလိုနဲ့
သွေးတစ်ခါလှူတိုင်း HIV ပိုးရှိတဲ့ အလှူရှင်ဆီက ပိုတွေဟာ ကျန်သွေးလှူရှင် ၁၁ ဦးဆီကို
ကူးစက်ခွင့်ရနေပါတယ်။ သွေးရည်ကြည်ကတော့ ပြည်တွင်း၊ ပြည်ပ ဆေးကုမ္ပဏီတွေဆီ ရောင်းလိုက်ပါတယ်။
ဒီဒေသမှာ သင်္ချိုင်းဂူတွေ တိုးပွားလာနေပေမဲ့
ရောဂါပိုးရှိသူတွေက သူတို့ ဘာဖြစ်နေမှန်း သူတို့ဘာသာ မသိကြပါဘူး။ ဖျားနေတယ်လို့ပဲ
ရိုရိုး နားလည် ထားကြပါတယ်။ ၂၀၀၁ ခုနှစ်မှာတော့ တရုတ် အစိုးရက ဆေးကုမှုအတွက် အသုံးပြုမယ့်
သွေးအားလုံးကို HIV ပိုးရှိမရှိ စစ်ဆေးရမယ် လို့ ထုတ်ပြန်ပေးပါတယ်။ ဒါပေမဲ့ ၂၀၀၃ ခုနှစ်ရောက်တော့
သွေးဖေါက်ယူတဲ့ လုပ်ငန်းရှိရာ ပြည်နယ်ကြီးတိုင်းမှာ HIV ပိုးရှိသူတွေ အများကြီး ရှိလာပါပြီ
ဒေသဆိုင်ရာ အရာရှိတွေက “ဟီနန်” ပြည်နယ်မှာ HIV ပိုးရှိသူ ၈၀၀၀လောက် ရှိမယ်လို့မှန်းပေမဲ့
တကယ်တမ်း လူတစ်သန်းလောက် တောင် ရှိနိုင်တယ်လို့ ဆိုသူက ဆိုနေကြပါတယ်။ ၂၀၀၅ ခုနှစ်မှာတော့
ပုဂ္ဂလိက သွေးစုဆောင်းရေး ဌာနတွေကို အစိုးရက တရားဝင် ပိတ်ပင် တားမြစ်လိုက်ပါတယ်။ အဲဒီနှစ်မှာပဲ
ကျန်းမာရေး ဝန်ကြီးဌာနက “ဟီနန်” ပြည်နယ် ဟာ မိမိ ဆန္ဒအလျောက် သွေးလှူသူ အများဆုံး နေထိုင်တဲ့
ပြည်နယ်အဖြစ် ကြေငြာခဲ့ပါတယ်။
TEEN မဂ္ဂဇင်း (အမှတ် ၄၆၊ ဩဂုတ်လ၊
၂၀၀၆)




