ဆေးယဉ်ပါးနေတဲ့ အိတ်ခ်ျအိုင်ဗွီပိုး
ရှိသူကနေတစ်ဆင့် ကူးစက်ခံရသူတွေဟာ ဆေးကုသဖို့ အလွန်ခက်ခဲကြောင်း
သိရပါတယ်။အိခ်ျအိုင်ဗွီပိုးကို ထိန်းတဲ့ (ART) ဆေးတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း
တိတိကျကျ မသောက်ရင် ဆေးမတိုးတော့ဘဲ ဆေးယဉ်ပါးမှု ဖြစ်နိုင်ပါတယ်။ အိတ်ခ်ျအိုင်ဗွီ
ရောဂါပိုးဟာ ပွားများမှု အရမ်းမြန်ပြီး လူ့ ခန္ဓာကိုယ်ထဲမှာ တစ်ရက်ကို
သန်းပေါင်းများစွာ ပွားများနိုင်ပါတယ်။ ရောဂါပိုး ပွားများနှုန်းကို
ထိန်းနိုင်အောင်လို့ (ART) ဆေးတွေကို တိတိကျကျ မှန်မှန်ကန်ကန် သောက်ဖို့လိုပါတယ်။
ဝေဘာဂီ အထူးကု ဆေးရုံကြီးက သမားတော်ကြီး တစ်ဦးက
“ညွှန်ကြားချက်ရဲ့ ၉၅% ကိုမှန်ဖို့လိုတယ်။ အဲဒီလို မှန်ဖို့ဆိုရင် တစ်နေ့နှစ်ကြိမ်
သောက်ရမယ့် ဆေးဆိုလဲ နှစ်ကြိမ်အထိသောက်ဖို့ ဆေးလုံးအရေအတွက် မှန်ဖို့လိုတယ်။
တစ်နေ့ နှစ်ကြိမ်သောက်ရမယ့် ဆေးအမျိုးအစား ဆိုရင် တစ်လမှာ တစ်ကြိမ်ထက်
ပိုပျက်လို့မရဘူး။ နှစ်ကြိမ်ပျက်ကွက်ရင် ၉၅% ရောက်နေပြီ ဆေးကိုလဲ အားတဲ့အချိန်ကျမှ
အဆင်ပြေတဲ့ အချိန်ကျမှ၊ မေ့နေလို့ နောက်ကျပြီးမှ သောက်တာတို့ မလုပ်ရဘူး။ ဒါဆိုရင်
ရောဂါပိုးကို မထိန်းနိုင်ဘဲ ရောဂါပိုး အသစ်တွေ ထပ်ပွားလာမယ်။ အဲဒီပိုးတွေက လက်ရှိသောက်နေတဲ့
ဆေးတွေ မတိုးတော့တဲ့ ပိုးအမျိုးအစား ဖြစ်သွားမယ်။” လို့ပြောပါတယ်။
သူကဘဲဆက်ပြီး “ လွန်ခဲ့တဲ့ လေးနှစ်လောက်က
လူနာတစ်ယောက်ဆိုရင် ART ဆေးတွေသောက်ပြီး သက်သာလာတယ်။ မဖျားတော့ဘူး CD4 တွေလဲ
ပြန်တက်လာတယ်။ အဲဒီခါကျတော့ လူနာက ဆေးသောက်တာကို ဂရုမစိုက်တော့ဘူး။ ဒီတော့
နေမကောင်းပြန်ဖြစ်တယ်။ မက်ခရုတွေ ပေါက်လာတယ်။ ၀မ်းတွေလျောတယ် CD4
အရမ်းပြန်ကျလာတယ်။ အဲဒီတော့မှ ဆေးမှန်မှန် ပြန်သောက်တော့ မမှီတော့ဘူး။ အခြေအနေ
ဆိုးပြီးဆုံးသွားတယ်။ သူ့မိန်းမမှာလဲ ဆေးမတိုးတဲ့ အိတ်ခ်ျအိုင်ဗွီပိုး
ကူးစက်ပြီးကျန်ခဲ့တယ်။ ကုသရတာခက်ခဲပြီး နောက်ဆုံးတော့ သူ့အမျိုးသမီးပါ
ဆုံးသွားပါတယ်” လို့ သူ့အတွေ့ အကြုံကို ပြောပြပါတယ်။
အိတ်ခ်ျအိုင်ဗွီ ပိုးဟာပထမ ဦးစားပေး (First Line
Drugs) ဆေးမတိုးတော့လို့ ဒုတိယ ဦးစားပေးဆေး (Second Line Drugs)
ပြောင်းသောက်ရမယ်ဆိုရင် အသည်းရောင်တာ၊ ကျောက်ကပ်မှာ ကျောက်တည်တဲ့ရောဂါ တီဘီ
စတဲ့ရောဂါပေါင်းစုံ ၀င်လာနိုင်ပြီး နေရမယ့် သက်တမ်း တိုသွားနိုင်ပါတယ်။
ကုန်ကျစရိတ် ၅ဆကနေ ၁၀အထိ ပိုလာနိုင်ပြီး လက်ရှိသောက်နေတဲ့ အကြိမ်အရေအတွက်
ဆေးအရေအတွက်တွေ၊ ဘေးထွက်ဆိုးကျိုးတွေလဲ အများကြီးပိုလာမှာပါ။
ဆေးတွေအများကြီးဖြစ်လို့ ပိုပြီးတော့ ပင်ပင်ပန်းပန်း သောက်ရမယ်လို့ ဆိုပါတယ်။
ဆေးရုံကလဲ လူနာတွေကို ART ဆေးမတိုက်ခင်ကတည်းက
adherence counseling လို့ခေါ်တဲ့ ဆေးမှန်မှန်သောက်အောင် လေ့ကျင့် ပညာပေး
ဆွေးနွေးမှုတွေ လုပ်ပေးပါတယ်။ လူနာရဲ့ မိသားစုဝင်တွေထဲက အနည်းဆုံး
တစ်ယောက်ကိုခေါ်ပြီးတော့ လူနာဆေးမှန်မှန် သောက်အောင် ဆွေးနွေးနည်းလမ်းပေးတယ်။
လူနာဆေးမှန်မှန် သောက်မသောက် ကိုလဲ တာဝန်ကျတဲ့ ဆရာဝန် သူနာပြုတွေက ပြန်လည်
စစ်ဆေးတယ်လို့သိရပါတယ်။
ဆေးသောက်နေတဲ့ ကြားထဲက ရောဂါတွေ တစ်ခုပြီးတစ်ခု
ဖြစ်လာမယ်၊ ရောဂါသက်သာသင့်ရဲ့သားနဲ့ မသက်သာရင် ဆေးမတိုးတာ ဖြစ်ဖို့များပါတယ်။
ဆေးယဉ်ပါးမှုက ဆေးမှန်မှန် မသောက်တာနဲ့ အဓိက သက်ဆိုင်တယ်လို့ဆိုပါတယ်။
The Kumudra Weekly (08/09/2006), No. 336




