30
Oct

အိတ်ခ်ျအိုင်ဗွီနှင့် အခွင့်အရေး ယူတတ်သော ပိုးမွှားများ ကူးစက်မှု (၃)





ဝမ်းဗိုက်နာခြင်း၊
အောင့်ခြင်း

 

HIV/AIDS လူနာများတွင် အခွင့်အရေးယူတတ်သော ပိုးမွှားများ
ကူးစက်ခံရသဖြင့် ၀မ်းဗိုက်နာခြင်း၊ အောင့်ခြင်း ခံစားရတတ်သည်။ ၀မ်းဗိုက်နာခြင်း၊ အောင့်ခြင်းကို
အဓိက ဖြစ်စေသည်မှာ -

 

    * ၀မ်းဗိုက်တွင်းတီဘီ

    * ငှက်များတွင်
ဖြစ်တတ်သော ပိုးတစ်မျိုး Mycobacterium Avium Complex (MAC)

    * ဘက်တီးရီးယားပိုး

    * ၀မ်းပျက်ဝမ်းလျှောခြင်းနှင့်

    * အခြားပြဿနာများ
တို့ကြောင့် ဖြစ်နိုင်သည်။

 

 

 

ဝမ်းဗိုက်အတွင်းတီဘီ

 

ဝမ်းဗိုက်အတွင်း တီဘီ ဖြစ်လျှင် လက္ခဏာများမှာ အတိအကျ
မရှိဘဲ အမျိုးမျိုး တွေ့ရှိနိုင်သည်။ အများဆုံးတွေ့ရသည့် လက္ခဏာမှာ တုန်ချမ်း၍ ဖျားခြင်းပင်
ဖြစ်သည်။ ညအချိန် ချွေးထွက်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန် တဖြည်းဖြည်း
ကျဆင်းလာခြင်း၊ ၀မ်းဗိုက်နာခြင်း အောင့်ခြင်း၊ ၀မ်းဗိုက်ရောင်ခြင်းနှင့် ၀မ်းဗိုက်အတွင်း
အဖုအကျိတ်ပေါ်ခြင်း၊ ခန္ဓာကိုယ်၌ လင့်ကျိတ်များကြီးလာခြင်း စသည့် လက္ခဏာများလည်း တွေ့ရှိရလေ့ရှိသည်။
တစ်ခါတစ်ရံ ၀မ်းပျက်ဝမ်းလျှောခြင်းဖြင့်လည်း တွေ့ရနိုင်သည်။ ၀မ်းဗိုက်အား အာထရာဆောင်း
စစ်ဆေးခြင်းဖြင့် ရောဂါကို ရှာဖွေသိရှိနိုင်သည်။

 

 

Mycobacterium
Avium Complex (MAC) မက်

 

CD4 အရေအတွက် ၅၀ အောက် ကျဆင်းသွားသူများတွင် MAC ဘက်တီးရီးယား
စွဲကပ်မှု ရောဂါ ဝေဒနာခံစားရတတ်သည်။ ကာလကြာရှည်စွာ ဖျားခြင်း၊ တဖြည်းဖြည်း ကိုယ်အလေးချိန်
ကျဆင်းခြင်း၊ သွေးအား အလွန်အကျွံနည်းခြင်းနှင့် သွေးဖြူဥ အရေအတွက် လျော့ကျသွားခြင်းတို့
တွေ့ရလေ့ရှိသည်။ MAC ဘက်တီးရီးယား ပိုးသည် အစာအိမ် အူလမ်းကြောင်း၊ အသည်း၊ ၀မ်းဗိုက်အတွင်း
လင့်ကျိတ်များနှင့် ဘေလုံးတို့ကို ထိခိုက်ယိုယွင်းစေသည်။ လူနာများ၏ ၇၀ ရာခိုင်နှုန်းခန့်တွင်
ဝမ်းပျက် ၀မ်းလျှော ခြင်း၊ အသည်းကြီးခြင်းနှင့် ၀မ်းဗိုက်နာခြင်း တို့ ဖြစ်ပေါ်ကြောင်း
တွေ့ရသည်။

 

 

အခြား ဘက်တီးရီးယား
ပိုးမွှားများ ကူးစက်ခံရမှု

 

ဝမ်းဗိုက်နာကျင်မှုမှာ တီဘီရောဂါနှင့် MAC ဘက်တီးရီးယား
ပိုးကြောင့်အပြင်၊ အခြား ဘက်တီးရီးယား ပိုးမွှားများ ကူးစက်ခံရမှုကြောင့်လည်း ဖြစ်နိုင်သည်။

 

ဝမ်းပျက် ၀မ်းလျှောဖြစ်ခြင်း၊ ကိုယ်အပူချိန် အလွန်အကျွံ
တက်၍ ဖျားခြင်း၊ ၀မ်းဗိုက်တစ်ခုလုံး နာခြင်း၊အောင့်ခြင်း စသည့် ဝေဒနာများသည် ဘက်တီးရီးယား
ပိုးကူးစက်ခံရမှု၏ လက္ခဏာများ အဖြစ် မြင်တွေ့ရနိုင်သည်။

 


(Family Health Journal Vol.235, 28th Oct, 2009)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top