6
Apr

အိတ်ခ်ျအိုင်ဗွီ ကာကွယ်ရေးလုပ်ငန်းများတွင် သံဃာတော်များလည်း ပူးပေါင်းပါဝင်



အိတ်ခ်ျအိုင်ဗွီနှင့် အတူနေသူများကို
စိတ်ဓါတ်မြင့်တင်ခြင်းနှင့် ကိုယ်ခန္ဓာ ကျန်းမာရေးအတွက် ဘာသာတရား အားထုတ်ပွားများ
နိုင်စေရန် ရဟန်း၊ သံဃာများကလဲ ပူးပေါင်းပါဝင် ဆောင်ရွက်သင့်ကြောင်း ရတနာ့မေတ္တာအဖွဲ့နှင့်
ယူနီဆက်တို့ ပူးပေါင်းဆောင်ရွက်သည့် “ဗုဒ္ဓယဉ်ကျေးမှု အခြေပြု အိတ်ခ်ျအိုင်ဗွီ
အေအိုင်ဒီအက်စစ် ကာကွယရေးနှင့် ပြုစုစောင့်ရှောက်ရေးသင်တန်းသို့ တက်ရောက်ခဲ့သည့်
ဆရာတော် ဘဒ္ဒန္တဝိဇယ ကတိုက်တွန်း မိန့်ကြားခဲ့သည်။

 

ယင်းသင်တန်းကို ဧပြီလ ၂၄ရက်မှ ၂၈ရက်အထိ
မန္တလေးမြို့ ဖေါင်တော်ဦး ပရဟိတ ဘုန်းတော်ကြီးပညာသင် ကျောင်တွင် ဖွင့်လှစ်ခဲ့ပြီး
ကျောင်းတိုက်ပေါင်း ရှစ်တိုက်မှ သံဃာတော်ရှစ်ပါး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

 

“ဒေသတွင်း ကျရောက်နေသည့် အိတ်ခ်ျအိုင်ဗွီ
ဆိုးကျိုးများကို သံဃာတော်များမှတစ်ဆင့် ဝိနည်းတော်အတွင်း လျော့နည်းအောင်
ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာ အကောင်အထည်ဖေါ်ရန်” ဟူသော စီမံချက်အတိုင်း
ယင်းသင်တန်းကို ပို့ချခဲ့ခြင်းဖြစ်သည်။

 

အဆိုပါသင်တန်းတွင် အိတ်ခ်ျအိုင်ဗွီနှင့်
အတူနေသူများ ယင်းတို့၏ ကလေးငယ်များနှင့် မိသားစုများအား ပတ်ဝန်းကျင်
လူ့အသိုင်းအဝန်းက ဝိုင်းပယ်ခြင်း ခံနေရပါက သံဃာတော်များ၊ သီလရှင်များအနေဖြင့်
ထိုသို့ အမြင်စောင်း နေကြသူများအား ဂရုဏာထားပြီး ကြင်နာစွာ ဆက်ဆံရန်
သင်ကြားပေးရန်နှင့် အိတ်ခ်ျအိုင်ဗီနှင့် အတူနေသူများ အိမ်သို့သွားကာ
အားပေးစကားများ ပြောကြားခြင်း တရာဟောခြင်း ကျန်းမာရေးအတွက် မေတ္တာသုတ် ဗောဇ္ဈင်္ဂသုတ်
အပါအဝင် ပရိတ်တရားများရွတ်ဖတ်ခြင်းများ ပြုလုပ်ပေးကြရန် သံဃာတော်များအား
သင်ကြားပြသပေးခဲ့သည်။

 

အိတ်ခ်ျအိုင်ဗီ၊အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးလုပ်ငန်းများအတွက်
သာသနာ့ဝန်ထမ်းနှင့် သာသနာရေးဆိုင်ရာ ပုဂ္ဂိုလ်များ ပါဝင်ဆောင်ရွက် စေခြင်းမှာ
ယင်းတို့အား အဆင့်အတန်းခွဲခြားမှု နှိမ့်ချဆက်ဆံမှု ပပျောက်စေခြင်း
ခေါင်းဆောင်မှုပေးနိုင်ခြင်း ဝေဒနာရှင်တို့အား ဘဝကူကောင်းရန် လမ်းညွှန်ပေးခြင်းအပြင်
လိုအပ်သော ရန်ပုံငွေများ ရှာဖွေပေးနိုင်ခြင်းကြောင့်ဖြစ်သည်။

 

“ခုခေတ်မှာ ရောဂါတွေ ထူပြောလာတယ် ဒီရောဂါတွေ
ဘာ့ကြောင့်ထူသလဲလို့ ဘုန်းကြီးမြင်တဲ့အတိုင်း မိန့်ရရင် လူသားတွေရဲ့
အကျင့်ပျက်ပြားမှုနဲ့ အာဟာရပိုင်းဆိုင်ရာ ချို့ယွင်းလာပြီး စစ်မှန်တဲ့
အာဟာရမဖြစ်မှုတွေ ရှိလာလို့ဘဲလို့ ဘုန်းကြီးထင်တယ်”

 

“ဒီအထဲမှာ အရင်က မကြားဖူးခဲ့တဲ့ အိတ်ခ်ျအိုင်ဗွီ
ဆိုတဲ့ရောဂါက ခုချိန်မှာ လူသားတွေကို ဒုက္ခအပေးဆုံးဘဲ။ ဒါကို ဗုဒ္ဓတရားနဲ့ အညီ
ကံငါးပါးကို လုံအောင် ထိန်းမယ်ဆိုရင် ကာကွယ်တားဆီးနိုင်ပါတယ်” ဟုဆရာတော်
ဦးဘဒ္ဒန္တဝိဇယ ကမိန့်ကြားသည်။

ထို့အပြင် ဆရာတော်က “ဘုန်းကြီးတို့ တရားဟောတဲ့
အခါမှာလဲ ကံငါးပါးကို လုံအောင်ထိန်းဖို့ ဒီလိုလူတွေကို ခွဲခြားမဆက်ဆံဖို့
အသိပေးတဲ့ အနေနဲ့ ထည့်သွင်းမိန့်ကြားရတယ်။ ဒီလူတွေကို သာမန်လူများနည်းတူ
တရားအားထုတ် နိုင်အောင်လဲ စီစဉ်ပေးပါတယ်”

 

“မန္တလေးတိုင်းမှာ ဘုန်တော်ကြီး ပညာသင်ကျောင်း ၃၁၀
ခန့်ရှိပြီး ကျောင်းသား ခြောက်သောင်းကျော် ရှိပါတယ်။ ဘုန်းဘုန်းတို့ စလေ
ကျောင်းတိုက်ဆိုရင် နှစ်ပေါင်း ၄၀ကျော်ပြီ။ ခုဒီ ဘုန်းတော်ကြီး ပညာသင်ကျောင်းက
ဆရာတော်တွေကို ကျန်းမာရေး ပညာပေးသင်တန်း ပို့ချပေးတာဟာ အင်မတန် အကျိုးရှိပါတယ်။
အရင်ဘာသာရေး ပညာရေးအတွက် ဆောင်ရွက်နေရာကနေ အခုကျန်းမာရေးအတွက်ပါ ထပ်မံ တိုးချဲ့
ဆောင်ရွက်တော့မယ်” ဟုမိန့်ကြားသည်။

 

သတင်း - မြန်မာတိုင်း(မ်) ၁၁၊ ၅၊ ၂၀၀၇

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top