17
Apr

အိတ်ခ်ျအိုင်ဗွီ ညီလာခံအတွက် မျှော်လင့်ချက်များ မြင့်မား



ကမ္ဘာတစ်ဝန်းမှ ပြည်သူ ၂၄,၀၀၀ ခန့်ဟာ ၁၆ကြိမ်မြောက်
အပြည်ပြည်ဆိုင်ရာ အေအိုင်ဒီအက်စ် ညီလာခံ တက်ရောက်ဖို့အတွက် ကနေဒါနိုင်ငံ တိုရန်တို
မြို့ကို ယခု ရက်သတ္တပတ်ကုန် သြဂုတ်လ ၁၂၊ ၁၃မှာ စုဝေးရောက်ရှိ လာကြတော့မှာ
ဖြစ်ပါတယ်။

 

ယခုလိုနှစ်ပတ်လည် ညီလာခံအတွက် ကိုယ်စားလှယ်တော်တွေ
ကနေဒါကို စုဝေးရောက်ရှိ လာကြတာဟာ ဒါ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့
၁၀နှစ်ကတည်းက သူတို့တွေဟာ ဗန်ကူးဗာမြို့မှာ တစ်ကြိမ်ဆုံခဲ့ ကြပါသေးတယ်။
အိတ်ခ်ျအိုင်ဗွီ ကုသနိုင်မယ့် ဆေးသစ်တွေ၊ အစွမ်းထက်တဲ့ ဆေးသစ်တွေ မကြာခင်
ပေါ်လာတော့မယ်ဆိုတဲ့ မျှော်လင့်ချက်ပေးတဲ့ သတင်းတွေကို နားထောင်ဖို့အတွက်
ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

 

ယင်းတိုးတက် အောင်မြင်မှုကြီးကတော့ ပရိုတီးစ်များ
မပွားများအောင် တာမြစ်နိုင်တဲ့ ဆေးဝါးသစ်များ ရှာဖွေ တွေ့ရှိခဲ့တာဘဲ ဖြစ်ပါတယ်။
ဒီဆေးတွေဟာ အခြားဆေးတွေနဲ့ တွဲဖက်သောက်သုံးရတယ်။ ဒီဆေးဝါးဟာ အိတ်ခ်ျအိုင်ဗွီ
ရှိနေတာကြောင့် ကိုယ်ခံအားနည်းပြီး ဖျားနာလာကာ သေဆုံးသူ အရေအတွက်ဟာ
၇၀ရာခိုင်နှုန်းလောက် ကျဆင်းသွားခဲ့ပါတယ်။

 

ကိုယ်စားလှယ်တွေက ဒီနှစ်ညီလာခံမှာ အလားအလာ
တိုးတက်မှုတွေကို ကြားရလိမ့်နိုးနဲ့ မျှော်လင့်ပြီးတော့ လာကြတာပါ။ အိတ်ခ်ျအိုင်ဗွီ
ဟာ ပျောက်ကွယ်မသွားသေးဘူး။ ကမ္ဘာတစ်ဝန်းမှာ လူဦးရေ သန်း ၄၀ကျော်တို့ဟာ
အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်ပိုး ကူးစက်ခံနေရသေးတယ်။ ကူးစက်ပြန့်ပွားမှုဟာ
နှေးကွေးလာတဲ့ လက္ခဏာ နည်းနည်းကလေးဘဲ တွေ့ရပါသေးတယ်။

 

ဘီလ်ဂိတ်နဲ့ ဇနီး ဗီလင်ဒါဂိတ်၊ ရတ်ခ်ျဂေးရီနဲ့
သမ္မတဟောင်း ဘီလ်ကလင်တန် ကဲ့သို့သော အဆင့်မြင့် ပုဂ္ဂိုလ်ကြီးများကတော့
အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးကို နိုင်ငံအသီးသီးရဲ့ နိုင်ငံရေး အစီအစဉ်တွေမှာ
ထိပ်ပိုင်းက ထားစေချင်ကြပါတယ်။ အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ် ကူးစက်ပြန့်နှံ့မှုအပေါ်
အပြည်ပြည်ဆိုင်ရာက တုံ့ပြန်မှုကို ပြည်လည်အားဖြည့် ပေးစေချင်ပါတယ်။ အရေးကြီးတဲ့
ရန်ပုံငွေတွေလဲ စုဆောင်းရရှိ စေချင်ကြပါတယ်။

 

ထို့အပြင် ရောဂါပြန့်နှံ့မှုကို တိုးသထက်တိုးအောင်
တွန်းပို့နေတဲ့ အိတ်ခ်ျအိုင်ဗွီနဲ့ အတူနေသူများအပေါ် အထင်သေးမှု ခွဲခြားဆက်ဆံမှု ရောဂါသည်ကို
ကြောက်ရွံ့မုန်းတီးနေမှု ဆင်းရဲမွဲတေမှု လိင်ခွဲခြားပြီး ချိုးနှိမ်ဆက်ဆံမှု
စတာတွေကို ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာကိုလဲ ဆွေးနွေးဖလှယ် ကြပါတယ်။

 

ညီလာခံမှာ UNAIDS မှ ညွှန်ကြားရေးမှူး
ပီတာပီရော့ကလဲ သည်ပြဿနာကို စနစ်တကျ စီမံကွပ်ကဲဖို့အတွက် ရေရှည်စီမံကိန်းများ
ထည့်သွင်း ဖို့အထိ ကျယ်ကျယ်ပြန့်ပြန့် ချဉ်းကပ်ရမယ်ဆိုတာ တင်ပြသွားခဲ့ပါတယ်။

 

ပါရဂူတွေက ယခုထိတော့ အိတ်ခ်ျအိုင်ဗွီကို
ပျောက်အောင် ကုသနိုင်တဲ့ ဆေး၊ ကာကွယ်ထားနိုင်တဲ့ ထိုးဆေးဆိုတာ ရှာမတွေ့သေးဘူး။
ဒီတော့ ထိရောက်တဲ့ ကာကွယ်စနစ် ရှိဖို့သာ အရေးကြီးတယ်လို့ တင်ပြကြပါတယ်။

 

ယူနီဆက်အဖွဲ့ကြီးကလဲ လက်မတင်ကလေးမှာဘဲ အာရှတိုက်ဟာ
အေအိုင်ဒီအက်စ်ရောဂါ ကျရောက်နိုင်တယ်လို့ သတိပေးထားပါတယ်။ ကောင်းသတင်း
တချို့လဲရှိပါသေးတယ် ကမ္ဘာတစ်ဝန်း နိုင်ငံတွေဆီကနေ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး
စီမံချက်တွေနဲ့ ရန်ပုံငွေ ထောက်ပံ့မှု တွေကတော့ ဘယ်တုန်းကနဲ့ မှ မတူးအောင် ရပါတယ်။

 

ကိုယ်စားလှယ် ၂၄၀၀၀ တို့ကသာ ရည်မှန်းထားတဲ့ ရည်မှန်းထားတဲ့အတိုင်း
ခရီးပေါက်အောင် ဆောင်ရွက်နိုင်မယ် ဆိုရင်တော့ သူတို့ နောက်ထပ်တစ်ကြိမ်
ကနေဒါနိုင်ငံကို လာဖို့မလိုတော့ဘူးပေါ့။

 

Ref: British Broadcasting Corporation, Aug
11,2006

The Kumudra Weekly (25-08-2006)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top