17
Jun

အိတ်ခ်ျအိုင်ဗွီ ပိုးကူးစက်ခံရသများနှင့် အေအိုင်ဒီအက်စ်နှင့် နေထိုင်သူများအတွက် ARV ဆေး



ARV ဆိုတာဘာလဲ

ARV ဆိုတာ အိတ်ခ်ျအိုင်ဗွီ
ပိုးတွေ ပိုပြီးပွားများလာမှာကို ရပ်တန့်ပေးတဲ့ ဆေးတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ARV ဟာ
HIV ပိုးကာကွယ်ဆေး မဟုတ်သလို HIV ပိုးတွေကို ကုန်စင်အောင် သတ်ပေးမယ့် ပိုးသတ်ဆေးလည်း
မဟုတ်ပါဘူး။

 

ARV ဆေးကို ဘယ်တုန်းကစပြီး
ထုတ်လုပ်ခဲ့တာလဲ

၁၉၈၇ ခုနှစ်မှာ အမေရိကန်နိုင်ငံ
ဟားဗတ် တက္ကသိုလ်က စတင်တွေ့ရှိခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီက
ထုတ်လုပ်ပြီး ဈေးကြီးလွန်းတဲ့အတွက် ချမ်းသာတဲ့ အနောက်နိုင်ငံတွေမှာပဲ သုံးစွဲနိုင်ခဲ့ပါတယ်။
ခုအချိန်မှာတော့ ထိုင်းနိုင်ငံမှလာလည်း ဆေးထုတ်လုပ် နေပြီဖြစ်တဲ့အတွက် ထိုင်း နိုင်ငံသားတွေ
ဒီဆေးကို အခမဲ့ ရရှိနေပါတယ်။ လာမည့်နှစ် အနည်းငယ်အတွင်းမှာ ရွှေ့ပြောင်း အလုပ်သမားတွေ
အတွက်လည်း ARV ဆေး အခမဲ့ ရနိုင်အောင် အစိုးရမဟုတ်တဲံ လူမှုရေး အဖွဲ့အစည်း (NGO) တွေက
ဆောင်ရွက်နေကြပါပြီ။

 

HIV ရှိသူတိုင်း ဆေးသောက်လို့ရပါသလား

HIV ရောဂါပိုးရှိသူတိုင်းကို
ARV ဆေးမပေးသေးပါဘူး။ သွေးဖြူဥ (CD4) အရေအတွက် ၂၀၀အောက် ရောက်နေသူ (ပုံမှန် ကျန်းမာသူမှာ
သွေးဖြူဥ ၈၀၀မှ ၁၂၀၀အတွင်း ရှိပါတယ်။) ကိုယ်ခံအားကျဆင်းပြီး ပြင်ပက အလွယ်တကူ ဝင်ရောက်လာတဲံ
ရောဂါတွေ ကူးစက်ခံနေရသူတွေ ဖြစ်တဲ့ AIDS နဲ့နေထိုင်သူတွေကိုတော့ ဆေးတွေပေးပါတယ်။

 

ပြင်ပက အလွယ်တကူ ဝင်ရောက်နိုင်တဲ့
ရောဂါတွေကတော့

အဆုတ် တီဘီရောဂါ၊ မှက်ခရုရောဂါ၊
ရေယုံရောဂါ၊ အဆုတ်ရောင်ရောဂါ (ပြင်းထန်သော အဆုတ် အအေးမိခြင်း)၊ ဦးနှောက် အမြှေးရောင်
ရောဂါ၊ စတဲ့ ရောဂါတွေ ဖြစ်ပါတယ်။

 

(က)HIV ပိုးရှိတဲ့ ကိုယ်ဝန်ဆောင်
အမျိုးသမီး တွေရော ဆေးသောက်လို့ ရပါသာလား။

(ခ) ဆေးသောက်ပြီးတဲ့ မိခင်ကနေ
ကလေးကို ကူးစက်နိုင်သေးသလား။

 

အိတ်ခ်ျအိုင်ဗွီ ပိုးရှိတဲ့
ကိုယ်ဝန်ဆောာင် အမျိုးသမီးတွေ ARV ဆေး သောက်ဖို့ လိုအပ်ပါတယ်။ ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံကြီးမှာ
ARV ဆေးကို အခမဲ့ပေးပါတယ်။ ဆေးသောက်ပြီးတဲ့ မိခင်ကနေ ကလေးကို ကူးစက်နှုန်း ၇၀ရာခိုင်နှုန်းအထိ
လျော့ချပေးနိုင်ပါတယ်။

 

မဲဆောက် ဆေးရုံကြီးကို တိုက်ရိုက်သွားဖို့
အခက်အခဲရှိရင် ဒါမှမဟုတ် ပိုပြီး သိလိုတာရှိရင် မယ်တော်ဆေးခန်း (ဖုန်း ၀၄၈ ၁၇၄ ၁၆၆)
ကနေ တဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

 

ရွှေ့ပြောင်းအလုပ်သမားတွေထဲက
HIV ပိုးကူးစက်ခံရပြီးသူတွေကို ARV ဆေးအခမဲ့ မပေးနိုင်သေးပေမဲ့ ပြင်ပက ဝင်ရောက်လာတဲ့
ရောဂါတွေ အတွက်ကိုတော့ “မယ်တော်ဆေးခန်း”မှာ အခမဲ့ကုသပေးနေပါပြီ။

 

ARV ဆေးရဲ့ ကောင်းကျိုးတွေက
ဘာတွေလဲ

HIV ပိုး ပိုပြီးတိုးပွားလာမှာကို
ရပ်တန့်ပေးတယ်။ HIV ပိုး အများအပြား ဖြစ်လာမှာကို တားဆီးပေးတဲ့အတွက် သွေးဥဖြူ
(CD4)နဲ့  လူရဲ့ ကိုယ်ခံ အားကို အတိုင်းအတာ
တစ်ခုအထိ ပြန်ကောင်းလာစေမှာ ဖြစ်ပါတယ်။ ပြင်ပက ရောဂါတွေ အလွယ်တကူ ဝင်ရောက်လာမှာကို
လျော့ချပေးမှာ ဖြစ်တဲ့အတွက် HIV ပိုးရှိနေလျက်နဲ့ သာမာန် လူကောင်းတွေ လိုပဲ ပုံမှန်
အလုပ်တွေကို လုပ်နိုင်မှာ ဖြစ်ပါတယ်။

 

ARV ဆေးရဲ့ ဘေးထွက် ဆိုးကျိုးတွေက
ဘာတွေလဲ

 

ဆေးရဲ့ ဘေးထွက် ဆိုးကျိုးတွေကတော့
ဗိုက်နာခြင်း၊ ခံတွင်းပျက်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ အသည်းရောက်ခြင်း၊ သွေးထဲတွင်
အက်စစ် (Lactic Acid) များလာခြင်း၊ နွမ်းနယ်နုံးချိခြင်း၊ အဆီပြင်သိမ်လှီခြင်း၊ ဆေးနဲ့
မတည့်သူတွေမှာ အရေပြားယားယံခြင်း၊ အကွက်ထခြင်း၊ ကိုယ်အပူချိန်တက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။
ARV ဆေးသောက်နေသူတွေဟာ လိုအပ်တဲံ အကြံပေးချက်တွေကို ရယူဖို့အတွက် ဆရာဝန်နဲ့ မကြာခဏ
တွေ့ပြီး ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်ပါတယ်။

 

ဘေးထွက်ဆိုးကျိုးတွေ သိပ်များလို့
မခံနိုင်ရင် ဘယ်လိုလုပ်မလဲ။

ပထမအဆင့် ဆေးသောက်ပြီး ဆေးနဲ့မတည့်ရင်
ဒါမှမဟုတ် ဘေးထွက်ဆိုးကျိုးတွေ သိပ်များလို့ မခံနိုင်ရင် ဆေးပြောင်းသောက်ရပါမယ်။

 

ဆေးကို ဘယ်ကရနိုင်မလဲ၊
ဈေးကြီးသလား။

မြန်မာပြည်နဲ့ အနီးစပ်ဆုံး
မဲဆောက်မြို့ဆေးရုံကြီးမှာ ရနိုင်ပါတယ်။ ပထမ အဆင့် ဆေးကုထုံးအတွက် အနည်းဆုံးတစ်လကို
(၁၇၅၀ ဘတ်)၊ ၅၅၀၀၀ ကျပ်ခန့်၊ ဆေးပြောင်းကုရင် တစ်လ (၅၀၀၀ ဘတ်)၊ ၁၇၀၀၀၀ ကျပ်ခန့်၊ အထိကုန်ကျနိုင်ပါတယ်။

 

မြန်မာပြည်တွင်းမှာရော
ARV ဆေးတွေ ရနေသလား။

 

မြန်မာပြည်မှာ ARV ဆေးတွေ
ရနေပါပြီ၊ မြန်မာနိုင်ငံက တရားဝင် ထုတ်ပြန်တဲ့ ကိန်းကဏန်းတွေ အရ ပိုးကူးစက်ခံရသူ သုံးသိန်းထဲက
တစ်သောင်းနှစ်ထောင်အတွက် ARV ဆေးကို အခမဲ့ပေးဖို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ခွဲတမ်းချထားပေးပြီး
ဖြစ်ပါတယ်။

 

ARV ဆေးသောက်နေတဲ့ သူတွေဆီက
ရောဂါပိုး ကူးစက်နိုင်သေးလား

ဆေးသောက်နေပေမဲ့ ခန္ဓာကိုယ်ထဲမှာ
HIV ပိုးရှိနေသေးတဲ့အတွက် ရောဂါပိုး ဆက်ပြီးကူးစက်နေနိုင်တုန်းပါပဲ။

 

ဆေးရှိနေပြီဆိုတော့
HIV ပိုးကို ကြောက်ဖို့ လိုသေးလား

(၁) ဆေးက HIVပိုးကို လုံးဝ
ပျောက်ကင်းသွားအောင် မကုနိုင်သေးပါဘူး။

(၂) ဘေးထွက် ဆိုးကျိုးတွေလည်းရှိနေပါသေးတယ်။

(၃) ဆေးကို တစ်သက်လုံး သောက်သွားရပါမယ်။

 

ဒီတော့ ဆေးရှိတယ်ဆိုပြီး
HIV ကူးစက်နိုင်တဲံ နည်းလမ်းတွေကို သတိမမူ၊ ကာကွယ်ခြင်း နည်းလမ်းတွေ မသုံးမိခဲ့ရင်
HIV
ပိုးကြောင့်ဖြစ်တဲ့ AIDS နဲ့ တွေ့နိုင်ပါတယ်။
အဲဒီအတွက် လူတိုင်း အကာအကွယ်ယူ(ကွန်ဒုံး) သုံးပြီး လိင်ဆက်ဆံကြဖို့နဲ့ တစ်ခါသုံး ဆေးထိုးအပ်တွေ
သုံးကြဖို့ ပြောပါရစေ။ ARV ဆေးကို သောက်နေပေမဲ့လည်း ကိုယ်ထဲမှာ HIV ပိုးရှိနေသေးတဲ့အတွက်
လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးဖို့ လိုအပ်ပါတယ်။

 

ဆေးကို ဘယ်အချိန်ထိ သောက်ရမလဲ။

 

ဆေးကို စတင်သုံးစွဲပြီးတဲ့
အချိန်ကစပြီး တသက်လုံး ဆက်သောက်သွားရမှာပါ။ ဆေးရပ်လိုက်ရင် HIV ပိုးတွေ ပြန်ပြီး တိုးပွားလာမယ်။
ဆေးယဉ်သွားပါမယ်။ ARV ဆေးကို ဆေးကုထုံးအတိုင်း မှန်မှန်သောက်ရင် ကျန်းမာရေး တိုးတက်ကောင်းမွန်လာပြီး
ကြာရှည်စွာ ဆက်လက် အသက်ရှင် နေထိုင်နိုင်ပါမယ်။

 

ဆေးမှန်မှန် မသောက်ရင် (တစ်ကြိမ်၊
နှစ်ကြိမ်သောက်ဖို့ မေ့သွားရင်)၊ ဆေးလုံးဝ ဖြတ်လိုက်ရင်၊ ဆေးအညွှန်းအတိုင်း မဟုတ်ပဲ
လျော့သောက် ခဲ့ရင် အောက်ပါ လက္ခဏာတွေ ခံစားရမယ်။

(၁) ကိုယ်ခံအား ကျလာပြီး
HIV ပမာဏ တက်မြဲတက်နေမယ်။

(၂) ဆေးဖြတ်လိုက်ရင် ကျန်းမာရေး
ပိုဆိုးရွား လာနိုင်ပါတယ်။

(၃) ဆေးယဉ်သွားနိုင်ပါတယ်၊
ဆေးယဉ်သွားရင် ပိုပြီးဈေးကြီးတဲ့ ဆေးကို ဝယ်သောက်ရပါမယ်။

(၄) ဆေးယဉ်သွားသူဆီက ပိုး
  ကူးစက်ရင် ဆေးကုရပိုပြီး ခက်သွားပါမယ်။

 

 HIV နဲ့ AIDS ဆိုတာဘာလဲ

 

(က) HIV ဆိုတာ လူ့ခန္ဓာကိယ်ရဲ့
ခုခံအားကို ကျဆင်းစေတဲ့ ဗိုင်းရပ်ပိုး တစ်မျိုးဖြစ်ပါတယ်။

(ခ) AIDS ဆိုတာကတော့ ခုခံအား
ကျဆင်းမှု ကူးစက်ရောဂါ ဖြစ်ပါတယ်။ လူ့သွေးထဲက သွေးဥဖြူတွေဟာ ရောဂါပိုး အမျိုးမျိုးကို
ကာကွယ်ပေးပါတယ်။ ပြင်ပက ဝင်ရောက်လာတဲံ ရောဂါပိုးတွေကိုလည်း တိုက်ထုတ် ရှင်းလင်းပေးတယ်။
ဒီနည်းနဲ့ လူ့ရဲ့ ကိုယ်ခံ စွမ်းအားကို ကောင်းမွန်စေတာ ဖြစ်ပါတယ်။ အဲဒီ သွေးဥဖြူတွေကို
HIV ပိုးက ဖျက်ဆီးပါတယ်။ လူ့ရဲ့ သွေးထဲမှာ သွေးဥဖြူတွေ နည်းပါးသွားတဲ့အခါ ပြင်ပက ဝင်လာတဲ့
ရောဂါတွေကို မကာကွယ် နိုင်တော့တဲ့ အခြေအနေကို
AIDS ရောဂါဖြစ်တယ်လို့ ခေါ်ပါတယ်။

 

မက်ပ်ဖောင်ဒေးရှင်းမှ
ဖြန့်ဝေသည့် လက်ကမ်းစာစောင်မှ

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top