အိတ်ခ်ျအိုင်ဗွီ ရှိသူတွေအနေနဲ့ အေအာရ်ဗွီ
သောက်ရမယ့် အဆင့်ကိုမြန်မြန် မရောက်အောင် အခြားအခွင့်အရေးယူ ရောဂါတွေကို
ထိထိရောက်ရောက် ကုသဖို့က အရေးကြီးဆုံးဘဲလို့ အထူးကု ဆရာဝန်ကြီးတွေက ဆိုပါတယ်။
အေအာရ်ဗွီဆေး စပေးတယ်ဆိုတာ အိတ်ခ်ျအိုင်ဗွီ
ပိုးရှိပြီး ယေဘုံယျအားဖြင့် CD4 ၂၀၀အောက် ကျရင် ပေးတာပါ။ CD4 များများကျလေ
အေအာရ်ဗွီ သောက်ရမယ့် အဆင့်ကို မြန်မြန်ရောက်လေဘဲလို့ သိရပါတယ်။
ဝေဘာကီဆေးရုံမှ အထူးကုသမားတော်ကြီး တစ်ဦးကလဲ
“ဥပမာ တီဘီနဲ့ အိတ်ခ်ျအိုင်ဗွီ တွဲရှိနေသူဟာ HIV ဘဲရှိတဲ့သနဲ့စာရင် CD4 ကျနှုန်း
ပိုမြန်တယ်။ အေအာရ်ဗွီ သောက်ရမယ့် အဆင့်ကို မြန်မြန်ရောက်သွားတယ်။ ဒါကြောင့်
အိတ်ခ်ျအိုင်ဗွီ ရှိသူဟာ တီဘီရှိမရှိကို ထိထိရောက်ရောက် အရင်စစ်ဆေးပြီး
ကုသသင့်တယ်။ အခြားအခွင့်အရေးယူ ရောဂါများကိုလဲ ထိရောက်အောင်မကုသဘဲ အေအာရ်ဗွီ
ဆေးကိုသောက်ရင် ပိုပြီးတော့ နေမကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် အဲဒီရောဂါတွေ
ရှိနေရင် အရင်ကုသသင့်ပါတယ်။ မရှိသေးရင်လဲ ကာကွယ် ထားဖို့လိုပါတယ်” လို့ပြောပါတယ်။
Septrin လို့လူသိများတဲ့ Cotrimoxazole ဆေးက
အိတ်ခ်ျအိုင်ဗွီ ပိုးရှိသူတွေမှာ အဖြစ်များတဲ့ အခွင့်အရေးယူ
ရောဂါတော်တော်များများကို ဖမ်းထိန်းနိုင်တယ်။ Septrin ဆေးဟာ ကိုယ်နဲ့တည့်မယ်ဆိုရင်
တကယ်အဖိုးတန်တဲ့ ဆေးဘဲလို့ဆိုပါတယ်။
မာရီစကုပ် အင်တာနေရှင်နယ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ
အစီအစဉ် ညွှန်ကြားရေးမှူး ဒေါက်တာစစ်နိုင်က “အိတ်ခ်ျအိုင်ဗွီ ပိုးရှိသူတွေအတွက်
Septrin ဆေးက မသိသူကျော်သွား သိသူဖေါ်စားဆေးဘဲ။ လူတော်တော်များများက အေအာရ်ဗွီ
နောက်ကိုဘဲ စုပြုံပြီးလိုက်နေကြတာ။ အမှန်က အိတ်ခ်ျအိုင်ဗွီ ပိုးရှိတိုင်း
အေအာရ်ဗွီ သောက်ဖို့မလိုသေးပါဘူး ကိုယ်ရဲ့ CD4 မကျအောင် အခြားရောဂါ(ဥပမာ နှာစေး၊
ချောင်းဆိုး၊ ဖျားနာ၊ ၀မ်းလျော) တွေကိုသာ ကာကွယ်ထားဖို့လိုပါတယ်။ Septrin က
တော်ရုံရောဂါတွေကို ဖမ်းထိန်းထားနိုင်တယ်။ အေအာရ်ဗွီ သောက်ရမယ့် အဆင့်ကို
တော်တော်နဲ့ မရောက်နိုင်ဘူး” လို့ဆိုပါတယ်။
Septrin ဆေးကိုလဲသောက်မယ် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့
အာဟာရလည်းရမယ်ဆိုရင် CD4 ကိုအလွယ်တကူမကျအောင် ကာကွယ်ထားနိုင်ပါတယ်။
ဒေါက်တာစစ်နိုင်ကဘဲ ဗိုင်ရပ်နဲ့ ကိုယ်နဲ့တိုက်တဲ့ စစ်ပွဲမှာ
ကိုယ်ကသူ့ကိုမနိုင်တော့ နှစ်ရှည်လများ CD4 ကိုတဖြည်းဖြည်းနဲ့ ချသွားမှာဘဲ။
ဘာဘဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ အေအာရ်ဗွီ ဆေးကိုတော့ သောက်ရမှာဘဲလို့ပြောပါတယ်။
အခြားအခွင့်အရေးယူ ရောဂါတွေဟာ မှိုကြောင့်
ဖြစ်တာရှိသလို ကပ်ပါးဘက်တီးရီးယားပိုး တခြားဗိုင်းရပ်ပိုးစတာတွေကြောင့်
လည်းဖြစ်ပါတယ်။ Septrin နဲ့ မတည့်သူတွေက dapsone မှိုကြောင့်ဖြစ်တဲ့ရောဂါ
ကာကွယ်ဖို့ fluconazole ဆိုတဲ့ဆေးဝါးမျိုး တွေလဲ ဆရာဝန်ညွှန်ကြားချက် အတိုင်း
သောက်သုံးနိုင်ပါတယ်။ အိတ်ခ်ျအိုင်ဗွီ ပိုးရှိသူတွေက ဆေးမြီးတိုနဲ့ မကုသင့်ဘူး
အခြားအသည်းရောင် ရောဂါတွေ ဦးနှောက်အနာ ဖြစ်တဲ့ရောဂါ၊ ကာလသားရောဂါတွေကြောင့်
အသက်ဆုံးတာတွေလဲ ရှိကြပါတယ်။(တရားထိုင်ခြင်း) လေ့ကျင့်ခန်း လုပ်ခြင်းနဲ့လဲ
ကျန်းမာရေး လိုက်စားထိန်းသိမ်းဖို့ လိုတယ်လို့ဆိုပါတယ်။
မှန်ကင်း ပရဟိတ ကုသိုလ်ဖြစ်ဆေးခန်းဖွင့်ထားတဲ့ မှန်ကင်းကျောင်းတိုက်ရဲ့
ကျောင်းထိုင်ဆရာတော်က “ဘုန်းဘုန်းကတော့ ဒီလိုရောဂါတွေနဲ့ လာတဲ့သူတွေကို
ပြောပြထားတယ်။ အိတ်ခ်ျအိုင်ဗွီ ရှိမှသေနိုင်တာမဟုတ်ဘူး ဘုန်ဘုန်းမှလဲ
သွေးတိုးရောဂါရှိတယ်။ သွေးတိုးကလဲ သေနိုင်တဲ့ ရောဂါဘဲ ဒီတော့ အိတ်ခ်ျအိုင်ဗွီ
ရောဂါရှိပြီလို့ဆိုတိုင်း စိတ်ဓါတ်မကျနဲ့ ဒီရောက်လာတဲ့ အိတ်ခ်ျအိုင်ဗွီ
ရှိသူတွေကို တရားထိုင်ခိုင်းတယ် အာနာပါန ရှူခိုင်းတယ်” လို့မိန့်ပါတယ်။
ဝေဘာကီ အထူးကုဆေးရုံကြီးမှ သမားတော်ကြီးက
အိတ်ခ်ျအိုင်ဗွီ ပိုးရှိသူတွေကို လူတိုင်းက သနားနေလို့ မပြီးသေးဘူး ပိုးရှိပေမဲ့
ကုသနည်းကောင်းလို့ ကျန်းမာနေသူတွေ အနေနဲ့ ပတ်ဝန်းကျင်ကို ပြန်အကျိုးပြုဖို့လိုတယ်”
လို့ဆိုပါတယ်။ကိုယ်တိုင်လုပ်ငန်းခွင် ဝင်ခြင်းအားဖြင့် လည်းကောင်း မိသားစုတာဝန်ကို
နိုင်သလောက် ထမ်းဆောင်ပေးခြင်း အားဖြင့်လည်းကောင်း အကျိုးပြုတဲ့ဘဝ (productive
life) နဲ့ အသက်ရှင်ဖို့ လိုပါတယ်။
No. 278( The Kumudra Weekly) 20/07/2007




