2
Apr

အိတ်ခ်ျအိုင်ဗွီ အတူနေအချို့ကို မိသားစုပုံစံကူညီ



အိတ်ခ်ျအိုင်ဗွီ အတူနေ (PLHA) အချို့ကို
လှိုင်သာယာ မိသားစုတစ်ခုက ပုဂ္ဂလိက စေတနာ့ဝန်ထမ်းအဖြစ် လက်မှုပညာ အမှတ်တရ
ပစ္စည်းပြုလုပ်နည်း သင်ပေးပြီး ဝင်ငွေရရှိအောင် ကူညီပေးနေပါတယ်။

 

စေတနာ့ ၀န်ထမ်းတစ်ဦးဖြစ်သူ အင်းစိန် ကေဘီစီ
ဆေးခန်းအုပ်ချုပ်ရေးဌာနက နော်ဆာခီးလားက ခုလိုပြောပါတယ်။“ကျမတို့ ဝန်းကျင်မှာ
(PLHA) တွေ တွေ့တွေ့နေရတော့ နိုင်သလောက်ကလေး ဘာလုပ်ပေးနိုင်မလဲလို့ စဉ်းစားပြီး
စိတ်တူကိုယ်တူ သူငယ်ချင်းငါးယောက်နဲ့ စလုပ်ဖြစ်တာ။ ကျမကိုငယ်ငယ်ကတည်းက ကြည့်လာတဲ့
အဒေါ်က Handicraft လုပ်တတ်တယ် သူကသင်ပေးပြီး PLHA တွေလုပ်တတ် လာတဲ့အခါဒီ handicraft
ကိုရောင်းရတော့ သူတို့ ဝင်ငွေရတာပေါ့”

 

လှိုင်သာယာ ၂ရပ်ကွက် ဗိုလ်ဘထူး ၉လမ်းက
စောနေသာဂေးနဲ့ နော်ဆာခီးလာ တို့အိမ်မှာ(PLHA) တွေရဲ့ စုရပ်ပါ။ တောင်ဒဂုံကလာသူ
လှိုင်သာယာထဲကလာသူ စုစုပေါင်း (PLHA) စုစုပေါင်းဆယ်ဦးကျော်တယ်လို့ဆိုပါတယ်။
ဒီအထဲမှာ ၄၊ ၅ ဦးကနေ့စဉ်ပုံမှန်လာပါတယ်။ သူတို့ရဲ့ အသွားအပြန်ကားခနဲ့ နံနက်စာ
အိမ်ရှင် နော်ဆာခီးလားတို့က တာဝန်ယူပါတယ်။

 

(PLHA) တွေကို အုန်းလက်၊ အုန်းရွက်ရဲ့ ရိုးတံနဲ့
ပန်းခြင်းလေးတွေ၊ ရေအိုးခံ ကရွတ်တွေ၊ ဘဲဥပုံလင်ဗန်း၊ ဆွမ်းတင်ဗန်းစတဲ့ လက်မှုထည်
ပြုလုပ်နည်း သင်ပေးတာပါ။(PLHA) တွေ ပြုလုပ်တဲ့ လက်မှုထည် အမှတ်တရ ပစ္စည်းတွေကို
သူတို့ကိုယ်တိုင် ရောင်းချစေသလို YMCA အသင်း မှာလဲရောင်း ချပေးပါတယ်။

 

ခုလို (PLHA) တွေအတွက် နိုင်သလောက် ကူညီပေးတဲ့
အစီအစဉ်ကို ၂၀၀၆ခုနှစ် စက်တင်ဘာလက စခဲ့တာပါ။ စတင်ခဲ့သူ နော်ဆာခီးလားက “ကျမတို့က
home-base care သဘောပါဘဲ နီးစပ်ရာ (PLHA) တွေကို ခေါ်ပြီးသင်ပေးတာပါ။ လောလောဆယ်တော့
(PLHA) တွေကို သွားလာစရိတ်နဲ့ နံနက်စာ ထောက်ပံ့ပါတယ်။ အိမ်မှာဘဲ အတူတူ
ချက်ပြုတ်စားသောက်ကြတာပါ။ ညနေကျတော့ သူတို့အိမ်သူတို့ ပြန်ကြတယ်” လို့ပြောပါတယ်။

 

(PLHA) တွေအတွက် home-base care အစီအစဉ်မှာ
အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ စောအိုနာစစ်က (PLHA) တွေအတွက် ခေတ်မှီတဲ့ handicraft
ကတ်ကလောက်တွေ ရှာနေတယ် ထိုင်းက ကက်ကလောက်လဲ မှာထားတယ် ဒီဇိုင်းဆန်းလေးတွေရအောင် အဒေါ်ကိုပြပြီး
လုပ်ခိုင်းမယ်”  လို့သူ့အစီအစဉ်ကို
ပြောပြပါတယ်။ ဒီလှိုင်သာယာက (PLHA) home-base care အစီအစဉ်မှာ အဓိက အဖွဲ့ဝင်
ငါးဦးက အင်ဂျီအိုတွေမှာ လုပ်ကိုင်နေကြသူတွေ ဖြစ်ကြပါတယ်။

 

ခုဆိုရင် လှိုင်သာယာက home-base care အစီအစဉ်က
(PLHA) တွေဟာ သာမန်လူတွေနဲ့မခြား သွားရဲလာရဲ လူတောတိုးရဲ လာကြတယ်လို့ ဆိုပါတယ်။
သူတို့လက်ရာ လက်မှုထည် အမှတ်တရ ပစ္စည်းလေးတွေလဲ ပိုလုပ်လာရပြီး မိသားစုဝင်ငွေလဲ
ပိုရကြောင်းသိရပါတယ်။

 

ခုလို ကိုယ့်ပတ်ဝန်းကျင်က (PLHA) လူသားတွေအတွက်
တစ်ပိုင်တစ်နိုင် မိသားစုပုံစုံဘဲဖြစ်ဖြစ် နိုင်သလောက် အားပေးကူညီလို့ ရတယ်ဆိုတာ
သိရပါတယ်။ နော်ဆာခီလားက လောလောဆယ် (PLHA) တွေအတွက် ကျမတို့ မိသားစုဝင်တွေထဲက
တွက်ချက်ပြီး ပံ့ပိုးနေပေမဲ့ နောက်ထပ် စိတ်တူကိုယ်တူ ပါဝင်လိုသူတွေစုပြီး အစီအစဉ်
တိုးချဲ့ဖို့တော့ ရည်စူးထားပါတယ်” လို့ပြောပြပါတယ်။

 

The Kumudra Weekly No.278 (20/07/2007)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top