14
Apr

အိတ်ခ်ျအိုင်ဗီ လူနာတွေ အဓိက ဆေးဝါး အသက်သွေးကြောလိုအပ်



        သောက်ရလွယ်ပြီး ဈေးသက်သာတဲ့
ဆေးဝါးကုသမှုနဲ့ အိတ်ခ်ျအိုင်ဗီ ဝေဒနာရှင် ထောင်ပေါင်းများစွာကို ကယ်တင်ဖို့
အခွင့်အလမ်းဟာ လွဲချော်နေတယ်လို့ သုတေသန ပညာရှင်တွေက ပြောတယ်။

          အသစ်တွေ့ရှိတဲ့
လူနာအချို့ကို ပဋိဇီဝ ဆေးတစ်မျိုး တိုက်ကျွေးခြင်းဟာ ရောဂါရဲ့ အစောပိုင်း
အဆင့်တွေမှာ သေဆုံးမှု နှုန်းကို သိသိသာသာ လျော့ကျစေမှာ ဖြစ်တယ်လို့ သူတို့က
ပြောပါတယ်။

          လန်းဆက်
(Lancet) ဆေးဂျာနယ်မှာ ပါတဲ့ အထင်ကရ လေ့လာမှုက အိတ်ခ်ျအိုင်ဗီကို တိုက်ဖျက်တဲ့
ပဋိဇီဝ ဆေးဟာ သေဆုံးမှုကို တစ်ဝက် လျော့စေတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

          ကမ္ဘာ့
ကျန်းမာရေးအဖွဲ့ (WHO) ဟာ အိတ်ခ်ျအိုင်ဗီ ဝေဒနာရှင်တွေကို
ကုသမှုတွေပေးနှင့်ပြီးဖြစ်ပေမဲ့ လူအတော်များများဆေးမရသေးဘူးလို့ ကျွမ်းကျင်သူတွေက
ပြောပါတယ်။

          အိတ်ခ်ျအိုင်ဗီကို
ဆေးဝါးနဲ့ တစ်စိုက်မတ်မတ် တိုက်ဖျက်မှုဟာ အသက်ကို အကြီးအကျယ်ဆွဲဆန့်နိုင်ပါတယ်။ ဒါပေမဲ့လည်း လူနာအများအပြားဟာ
ရောဂါမျိုးစုံကူးစက်ခံရမှုနဲ့အတူ ကိုယ်ခံအား စနစ်ကျဆင်းခဲ့ပါတယ်။

          လေ့လာမှုက
ဆာဟာရ အောက်ပိုင်း အာဖရိကမှာ အေအာရ်ဗီ (ARV) ကုထုံးခံယူနေတဲ့ လူ လေးပုံတစ်ပုံလောက်ဟာ
ပထမနှစ်အတွင်းမှာ သေဆုံးကြရမှာဖြစ်တယ်လို့ ခန့်မှန်းပါတယ်။

          ဒါပေမဲ့
ကိုယ်ခံအားစနစ်အကြီးအကျယ် ထိခိုက်နေတဲ့ သူတွေအတွက် ရေရှည် ကုထုံးမှာ
ကိုထရီမိုဆာဇိုး (Co trimoxazole) (ဈေးမကြီးတဲ့ ပဋိဇီဝ ဆေးတစ်မျိုး) ကို
ဖြည့်စွက်မှုဟာ သည်လို သေဆုံးမှုတွေ အတော်များများကို တားဆီးမဲ့ပုံ ပေါ်ပါတယ်။

          ယူဂန်ဒါနိုင်ငံက
ဝေဒနာရှင် ၃ ၁၇၉ ဦးကို လေ့လာခဲ့တဲ့ သုတေသနက သေဆုံးမှုဟာ ပထမ ၁၂ ပတ်အကြာမှာ ၅၉
ရာခိုင်နှုန်းနဲ့ ၁၂ ပတ်နဲ့ ၇၂ ပတ်အကြာမှာ ၄၄ ရာခိုင်နှုန်း လျော့ကျတယ်လို့
ဆိုပါတယ်။

          လန်ဒန်ရှိ
ဆေးသုတေသန ကောင်စီ လက်တွေ့ ကွင်းဆင်းလုပ်ဆောင်ရေး အဖွဲ့နဲ့ အင်ပီရီယယ် ကောလိပ်၊
ယူဂန်ဒါနဲ့ ဇင်ဘာဘွေရှိ ဌာနတွေမှာသုတေသန ပညာရှင်တွေကပဋိဇီဝဆေးဟာ နေရာ
အတော်များများမှာ မရရှိကြဘူးလို့ ပြောပါတယ်။

          သူတို့က
သူတို့ရဲ့ တွေ့ရှိမှုဟာ ဆေးဝါးကုသရေးအစီအစဉ်တွေအတွက် တာဝန်ရှိသူတွေရဲ့ မြန်ဆန်တဲ့
အရေးယူလုပ်ဆောင်မှုလိုအပ်ချက်ကို တွန်းအားပေးတယ်လို့ ပြောပါတယ်။

          သုတေသနကို
ဦးဆောင်သူ ပါမောက္ခ ချားလ်ဂီကက်ခ်က `တစ်ရက်ကုန်ကျစရိတ် နည်းနည်းနဲ့ ဆေးဝါးကို
ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲခြင်းဖြင့် ထောင်လူပေါင်းများစွာရဲ့ အသက်ကို
ကယ်တင်နိုင်ပါတယ်´လို့ ပြောပါတယ်။

          ဆေးသုတေသန
ကောင်စီ (MRC) မှ သုတေသနကို တွဲဖက်ပြုစုသူ ပါမောက္ခ ဒီယာနာဂစ်ဘ်က ဆေးဝါးရရှိမှုနဲ့
ဖြန့်ဖြူးမှုဟာ အဆင်ပြေချောမွေ့ဖို့ လိုအပ်ပြီး၊ ပထမ ၁၈ လစာအတွက် လူနာသစ်တွေ
အားလုံးကို ပေးခဲ့တယ်လို့ ပြောပါတယ်။

          `အခု
သိသာထင်ရှားတဲ့ အကျိုးကျေးဇူး တစ်ရပ်ရှိပါတယ်။ ရယူဆုပ်ကိုင်ဖို့
စောင့်ဆိုင်းနေပါတယ်´ လို့ သူမက ပြောပါတယ်။

          အိတ်ခ်ျအိုင်ဗီ
လူနာတွေမှာ ဘက်တီးရီယား ကူးစက်မှုကို တားဆီးပေးခြင်းနဲ့ ပတ်သက်လို့
ဖြည့်စွက်ပြောရရင် ကိုထရီမိုဆာဇိုးလ် (Co trimoxazole) ဆေးဟာ နောက်ထပ်ကြိုဆိုရမယ့်
အကျိုးကျေးဇူးတစ်ခုလည်း ရှိပါတယ်။ ၎င်းက ငှက်ဖျားရောဂါ ဖြစ်ပွားမှုကို လေးပုံတစ်ပုံအထိ
လျှော့ချပေးပါတယ်။

          ဒါပေမဲ့လည်း
နိုင်ငံတကာ အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးအဖွဲ့ရဲ့
အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ ဘယ်လ်ဗာရီဘာမီ ဂျို က အေအာရ်ဗီ ကုထုံးရရှိရေးဟာ
ပိုပြီး ကြီးမားတဲ့ ပြဿနာတစ်ရပ်အဖြစ်ရှိနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။ `အာဖရိကမှာ
အေအာရ်ဗီ ဆေး လိုအပ်နေပြီး၊ မရနိုင်သေးတဲ့ လူတွေ သန်းပေါင်းများစွာ ရှိနေတယ်ဆိုတာ
ကျွန်တော်တို့ သတိရဖို့ လိုတယ်´ လို့ ဆိုတယ်။

          သုတေသနက
အတည်ပြုထားသလို ကိုထရီမိုဆာဇိုးလ် နဲ့ ဆိုရင် အေအာရ်ဗီ ကုထုံးဟာ သေဆုံးမယ့်
အန္တရာယ် ကို ၉၀ ရာခိုင်နှုန်းကျော်အထိ လျှော့ချပါတယ်။ လူတွေအသက်ကို ကယ်နိုင်တယ်လို့
သိထားပေမယ့် ကုသမှုကို လိုအပ်သူတိုင်း အမှန်တကယ်ရရှိနိုင်အောင် တိုးမြှင့်
အားထုတ်ဖို့ လိုအပ်ပါတယ်´ လို့ သူက ပြောပါတယ်။



လှသန်းဝင်း

[erf:BBC,28 Mar,2010]

အမှတ်၂၀၄၊ မော်ဒန်သတင်းဂျာနယ်
၊ဧပြီလ ၂၀၁၀

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top