ခေတ်ပြိုင်သတင်း
၂၁ နိုဝင်ဘာ ၂၀၀၇
ကမ္ဘာတ၀န်းတွင် အေအိုင်ဒီအက်စ်ဖြစ်စေနိုင်သော
အိတ်ခ်ျအိုင်ဗွီဗိုင်းရပ် ကူးစက်သူဦးရေသည် ကုလသမဂ္ဂတာဝန်ရှိသူများက မှန်းဆခဲ့သည့်
အရေအတွက်ထက် လျော့နည်းနေကြောင်း ယူအန်အေ့ (UNAIDS)အဖွဲ့က ထုတ်ပြန်သည်။
ယခုနှစ်တွင် အိတ်ခ်ျအိုင်ဗွီဗိုင်းရပ် ကူးစက်သူဦးရေ (၃၉.၅)
သန်းရှိမည်ဟု ယမန်နှစ်ကခန့်မှန်းထားခဲ့သော်လည်း လက်တွေ့ တွင်မှန်းထား သည်ထက် (၁၆)
ရာခိုင်နှုန်း လျော့နည်းသွားပြီး (၃၃.၂) သန်းသာရှိကြောင်း အဆိုပါအဖွဲ့၏ ယမန်နေ့
ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ ကူးစက်သူဦးရေ ခန့်မှန်းချေထက်လျော့နည်းရခြင်း အဓိက အကြောင်းရင်း
တခုမှာ အိန္ဒိယနိုင်ငံ၏ ရောဂါဖြစ်ပေါ်မှုအခြေအနေကို အထူးအလေးထားသုံးသပ်မှုများ
ပြုလုပ်ခဲ့သောကြောင့်ဖြစ်ကြောင်း ယူအန်အေ့ ကဖော်ပြ သည်။
တချိန်တည်းတွင် အာဖရိကတိုက်(၅)နိုင်ငံဖြစ်သော အန်ဂိုလာ၊ ကင်ညာ၊
မိုဇမ်းဘစ်၊ နိုင်ဂျီးရီးယားနှင့် ဇင်ဘာဘွေ နိုင်ငံတို့မှရောဂါကူးစက်သူဦးရေမှာလည်း
ခန့်မှန်းထားသည်ထက် လျော့နည်းနေသောကြောင့်ဖြစ်သည် ဟုဖော်ပြသည်။ ပြီးခဲ့သည့် ၁၉၉၀
ပြည့်နှစ်နောက်ပိုင်းတွင် နှစ်စဉ်အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူ အသစ် (၃)သန်းကျော်ရှိရာမှ
ယခုနှစ်တွင် ကူးစက်မှုအသစ် (၂.၅) သန်းသာရှိပြီး အေအိုင်ဒီအက်စ်ကြောင့် သေဆုံးသူမှာ
(၂.၁) သန်းရှိကြောင်း ယူအန်အေ့ကပြော သည်။
ယင်းသို့ ရောဂါကူးစက်မှုအသစ် အရေအတွက်ကျဆင်းသွားသော်လည်း
အေအိုင်ဒီအက်စ်သည် ကမ္ဘာပေါ်တွင် စတုတ္တမြောက် လူသေနှုန်း အများဆုံးဖြစ်နေသေးပြီး
တနေ့လျှင် ယင်းရောဂါကြောင့်သေဆုံးသူ (၆,၀၀၀)ဦးခန့်ရှိနေသောကြောင့်
ကြိုးစားအားထုတ်မှုများ
ပိုမိုတိုးမြှင့် လုပ်ဆောင်ရဦးမည်ဖြစ်ကြောင်း ယူအန်အေ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ
ပီတာပိုင်းရော့က ပြောသည်။
ယမန်နေ့တွင်ထုတ်ပြန်သော အဆိုပါ အစီရင်ခံစာအရ အာရှတိုက်တွင်
အိတ်အိုင်ဗွီကူးစက်နေသူ (၄.၉) သန်းရှိနေပြီး အရှေ့တောင် အာရှ၌
အများဆုံးဖြစ်သည်။ ကမ္ဘောဒီးယား၊ မြန်မာနှင့် ထိုင်းတို့တွင်ကူးစက်သူဦးရေ
ကျဆင်းသွားသော်လည်း အင်ဒိုနီးရှားနှင့် ဗီယက်နမ်တွင် တိုးလာကြောင်း အစီရင်ခံစာတွင်
ဖော်ပြသည်။
အိတ်ခ်ျအိုင်ဗွီကူးစက်သူ ဦးရေကျဆင်းဟု ယူအန်အေ့ထုတ်ပြန် - သတင်း - ခောတ်ပြိုင် ၂၁ နိုဝင်ဘာ ၂၀၀၇




