မဲဆောက်နှင့်မြ၀တီမြို့မှ
အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူများနှင့် အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ပွားသူ (၆၀) ခန့်သည်
လာမည့်စနေနေ့တွင် မဲဆောက်မြို့၌ ကောင်းမှုကုသိုလ်ပြုခြင်းနှင့် တွေ့ဆုံနှီးနှောပွဲ ပြုလုပ်ကြမည်ဖြစ်သည်။
အဆိုပါပွဲကို
ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ်အဖြစ် မယ်တော်ဆေးခန်း၏ အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်
ဆွေးနွေးနှစ်သိမ့် ပညာပေးရေးဌာနက ပထမအကြိမ်အဖြစ် ဦးဆောင်ကျင်းပမည် ဖြစ်သည်။
ကျင်းပရခြင်းနှင့်ပတ်သက်၍
ဆရာမနော်ဒါးက “ဝေဒနာရှင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာပျော်ရွှင်မှုနဲ့ စိတ်ဓာတ်ပိုင်းပိုပြီး
မြင့်မားလာစေဖို့အတွက်နဲ့ သူတို့တတွေဟာ အထီးကျန်တွေမဟုတ်ဘူး ဆိုတာကို သိစေချင်တာပါ”
ဟု ပြောသည်။
အိတ်အိုင်ဗွီဖြင့် နေထိုင်သူ မဆွေက “ဒီပွဲအတွက် မြ၀တီက
မိတ်ဆွေတွေတချို့ ရောက်တောင်နေပြီ။ ဒီပွဲမျိုးက ဘ၀တူတွေအတွက် တကယ့်အဖိုးတန်ပွဲပါ။ ကျန်တဲ့သူတွေလည်း
လာပြီးဆင်နွှဲကြဖို့ ဖိတ်ခေါ်ပါတယ်။ ကျမတို့ဟာ အထီးကျန်တွေ မဟုတ်ပါဘူး” ဟု ပြောသည်။
အဆိုပါ
အိတ်ခ်ျအိုင်ဗွီ၊အေအိုင်ဒီအက်စ်ဖြင့် နေထိုင်သူ (၆၀) ခန့်မှာ မဲဆောက်ဆေးရုံကြီး အပါအ၀င်
အခြားကျန်းမာရေး ဌာနများမှ အခမဲ့ထုတ်ပေးသည့် (ARV) ဆေးများကို အားလုံးနီးပါး ရရှိထားသူများ
ဖြစ်သည်။
မဲဆောက်မြို့မှ
ရွေ့ပြောင်းအလုပ်သမား ကိုကုလားက “ကျနော်တို့လို လူတွေကို ခွဲခြားဆက်ဆံမှု မလုပ်စေချင်ဘူး။
ဆေးရုံကပေးတဲ့ ဆေးစားတော့ အလုပ်မှာသာမန် လူတွေလိုပါပဲ။ သူများဆန် တအိတ်ထမ်းနိုင်ရင်
ကိုယ်လည်း တအိတ်နိုင်ပါတယ်။ ဒီစကားပြောရတာက မဲဆောက်ကျန်းမာရေး အဖွဲ့အခုက မြန်မာဆေးမှူးတယောက်ကို
ဈေးထဲကစားသောက်ဆိုင်မှာ တွေ့လို့ ၀င်နှုတ်ဆက်တာ မင်း ဝေးဝေးနေဆိုပြီး အဟောက်ခံရတယ်”
ဟု ပြောသည်။
မဲဆောက်မြို့
လေယာဉ်ကွင်း အနောက်ဘက်ရှိ ၀ပ်နောင်ကင်ဖား ထိုင်းဘုန်တော်ကြီးကျောင်းတွင် ကျင်းပမည့်ပွဲ၌
ကောင်းမှုကုသိုလ်ပွဲ အပါအ၀င် ပျော်ပွဲရွှင်ပွဲများ၊ စာပေပန်းချီပြိုင်ပွဲများ၊ ဟောပြောပွဲများ
ကျင်းပမည်ဖြစ်ပြီး မည်သူမဆို လာရောက်နိုင်သည်ဟု ကျင်းပရေးအဖွဲ့က ပြောသည်။
အဆိုပါ
အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စနှင့် နေထိုင်သူ အချို့သည် ပြီးခဲ့သည့်အင်္ဂါနေ့က မဲဆောက်တွင်
ပြုလုပ်ခဲ့သည့် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ် လမ်းလျှောက်ချီတက်ပွဲ တွင်လည်း
ပါဝင်ဆင်နွှဲခဲ့ကြသည်။
လာမည့်
(၅) ရက်နေ့တွင် ကျင်းပမည့် အဆိုပါပွဲမျိုးကို နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF)
က မဲဆောက်ဒေသအတွင်း ယခင်က (၂) ကြိမ် ကျင်းပခဲ့ဖူးသည်။
မြန်မာနိုင်ငံတွင်
အိတ်ခ်ျအိုင်ဗွီပိုးရှိသူ (၂) သိန်း(၄) သောင်းခန့်ရှိပြီး အသက် (၃၄) နှစ်အောက်မှာ
(၃) ပုံ (၂) ပုံခန့် ပါဝင်သည်ဟု ကုလသမဂ္ဂက ပြောသည်။ တကမ္ဘာလုံးတွင် အိတ်ခ်ျဗွီပိုးရှိသူ
(၃၃) သန်းကျော်ရှိပြီး နှစ်စဉ်ကူးစက်ခံရသူ (၂) သန်းကျော်ရှိကာ ယမန်နှစ်က အေအိုင်ဒီအက်စ်
ဆက်စပ်ရောဂါဖြင့် သေဆုံးသူ (၂) သန်းခန့်ရှိသည်ဟု သိရသည်။
ခေတ်ပြိုင် -
အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်
နှင့်နေထိုင်သူများ မဲဆောက်တွင် နှီးနှောပွဲ ပြုလုပ်မည်




