28
May

အိတ်ခ်ျအိုင်ဗွီ နှင့် နေထိုင်သူများ၏ ဘ၀ပြဿနာနှင့် ခံစားချက်များ



"မညီမျှမှုတွေ
အားလုံးထဲမှာ ကျန်းမာရေး စောင့်ရှောက်မှုရဲ့ မတရား မမျှတတာဟာ ကြောက်လန့်စရာ
အကောင်းဆုံးနဲ့ လူသား မဆန်ဆုံးပါပဲ"လို့ မာတင် လူသာကင်းက တစ်ခါက
ပြောခဲ့ဖူးပါတယ်။

အဲဒီစကားဟာ အမေရိကလို
နိုင်ငံမှာတောင် အခုထိ ထိရောက် နေဆဲပါ။ ကျန်းမာရေး အာမခံ မတတ်နိုင်သူတွေ သန်းပေါင်းများစွာ
ရှိနေသေးတာကိုး။ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်ရင် အများ နားလည် နေကြတဲ့
ဆိုရိုးတစ်ခု ရှိပါတယ်။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုထိရောက်သည် ဆိုတာပါ။
အကြမ်းဖျင်းတော့ ဒီဆိုရိုးဟာ ဒီကနေ့အထိ မှန်နေပါတယ်။ ဒါပေမယ့် ခေတ်တွေ
ပြောင်းလာတာနဲ့ အမျှ ရောဂါအသစ်တွေရဲ့ ကူးစက် ပျံ့နှံ့ပုံတွေ ကွဲပြားလာတာနဲ့ အမျှ၊
ဒီဆိုရိုးကို ပြန်စဉ်းစား ရမတတ် ဖြစ်လာတာပါ။ တကယ်တော့ သုတေသနတွေမှာ ကာကွယ်ရေးနဲ့
ကုသရေးကို နှိုင်းယှဉ်တဲ့အခါ တန်ဖိုး-ထိရောက်မှု အချိုးအစားနဲ့ တိုင်းတာပြီး
ဆုံးဖြတ်ကြတာပါ။

 

ဒီနေရာမှာ တန်ဖိုး ဟာ
ဆေးဈေးနှုန်းဖြစ်လေ့ရှိပြီး ထိရောက်မှု ကတော့ ရောဂါပျောက်ကင်းမှု၊ သက်သာမှုတွေကို
ညွှန်းဆိုဆဲပါ။ ဒီတော့ နမူနာ ပြလေ့ရှိပြန်တာက အိပ်ခ်ျအိုင်ဗီ ရောဂါအတွက် ကာကွယ်ရေး
ပညာပေးမှုဟာ ရောဂါကုသရေး ကုန်ကျစရိတ်ထက် အများကြီးပိုပြီး သက်သာနေတယ်
ဆိုတာမျိုးပေါ့။ ဒါပေမယ့် တစ်ဖက်ကနေလည်း ရောဂါကုသရေး ကုန်ကျစရိတ်ဟာ ရောဂါရဲ့
နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်အောင်ပါ ကူညီနိုင်တာမို့ ကာကွယ်ရေး သက်သက်ထက်ကို
ပိုပြီး တန်ဖိုး-ထိရောက်မှု အရာမှာ အကျိုးများတယ်လို့ ဆိုသူက ဆိုလာကြပါတယ်။
ဒီနေရာမှာ ဆင်းရဲမှုရဲ့ ရောဂါဗေဒ စာအုပ်ကိုရေးခဲ့တဲ့ ပေါလ်ဖားမားက မေးခွန်းတွေ ထုတ်လာခဲ့ပါတယ်။

 

ပေါလ်က ဟေတီမှာ ပြည်သူ့
ကျန်းမာရေး အခမဲ့ ဆေးခန်းတွေ သွားဖွင့်နေတဲ့ ဟားဗတ်က ဆရာဝန်၊ မနုသဗေဒ ပညာရှင်ပါ။
သူ့ရဲ့ ကိုယ်တွေ့အဖြစ်တွေက သူ့အမြင်ကို ပီပြင်စေတာပါ။ သူ့ လူနာတွေ အများစုက
စာမတတ်ကြပါဘူး။ ဒါကြောင့် ပေါလ်က တချို့ပညာရှင်တွေ ပြောတဲ့ အိပ်ခ်ျ အိုင်ဗီအတွက်
အကောင်းဆုံး ကာကွယ်ဆေးက ပညာပေးခြင်းပဲ ဆိုတာကို လုံးဝ လက်မခံပါဘူး။ သူ့
အတွေ့အကြုံအရ ကုသရေးကို ဇောင်းပေးနေချိန်မှာ သူ့လူနာ ဟေတီသား တစ်ယောက်ဟာ ၂၆
နှစ်အရွယ်မှာ အရိုးပေါ် အရေတင်ပဲ ကျန်လောက်အောင် အိပ်ခ်ျအိုင်ဗီနဲ့ တီဘီ
ရောဂါနှစ်မျိုးကြောင့် ဆိုးဆိုးဝါးဝါး ခံစားနေရပါတယ်။ သေလုဆဲ ဆိုပါတော့။
အဲဒီအချိန်မှာ ကာကွယ်ရေး၊ ကုသရေး အငြင်းပွားမှုနဲ့ မဆိုင်ဘဲ ကမ္ဘာလုံးဆိုင်ရာ
ရန်ပုံငွေက သူတို့အဖွဲ့ကို ပေးမယ်လို့ ပြောထားတဲ့ ငွေကို မပေးတော့ပါဘူး။

 

အဲဒီမှာ ပေါလ်တို့က
ဘော်စတွန်မှာရှိတဲ့ ဘဏ်တစ်ခုကနေ ငွေသန်းချီပြီး ချေးလိုက် ပါတော့တယ်။ သဘောက
နောင်ထောက်ပံ့မယ့် အဖွဲ့အစည်းတွေ့မှပဲ ချေးငွေကို ပြန်ဆပ်မယ်။ အခုအချိန်မှာ
လိုနေသူတွေကို ရအောင်ကုမယ်ပေါ့။ အဲဒီချေးငွေရဖို့ ဟားဗတ်က ဆရာဝန်တွေ၊
ဆေးကျောင်းသားတွေ အားလုံးလိုလို ကတိခံဝန်ချက် လက်မှတ် ၀ိုင်းထိုးခဲ့ကြရာမှာ ဘဏ်က
ထုတ်ချေး လိုက်ပါတယ်။ အဲဒီငွေနဲ့ ဘာဆို ဘာမှ မရှိတော့တဲ့ ဂိုဒေါင်လွတ် တစ်လုံးလို
ဖြစ်နေတဲ့ ကျန်းမာရေး အဆောက်အအုံလေးကို ပြင်လိုက်သလို လူနာ ကောင်လေးကိုလည်း
အေအာရ်ဗီဆေးရော တီဘီဆေးပါ တိုက်ကျွေးလိုက်ကြပါတယ်။ အစာကအစ ပံ့ပိုးလိုက်တဲ့ အတွက်
နောက်ခြောက်လ အကြာမှာ ကောင်လေးဟာ သေရွာပြန်လို့ မထင်ရလောက်အောင်
ဝဖြိုးစိုပြည်လာပြီး ဘ၀တူ အိပ်ခ်ျအိုင်ဗီ ဝေဒနာရှင်တွေ အတွက် ပညာပေးသူ အဖြစ်ပါ
အလုပ်လုပ်လာနိုင်ပါတယ်။

 

အဲဒီ နမူနာအရ ပေါလ်က တန်ဖိုး
ဆိုတာ ဆေးဖိုးကို ဆိုလိုတာလား၊ ဘ၀တစ်ခုရဲ့ တန်ဖိုးကို ဆိုလိုတာလားဆိုတာကို ဘ၀တူ
သုတေသီတွေကို မေးခွန်းထုတ်ပါတော့တယ်။ ကုန်ကျစရိတ် ကိန်းဂဏန်းတွေကို ယှဉ်ကြည့်မယ်
ဆိုရင်တော့ ကာကွယ်ရေးနဲ့ ကုသရေး ချိန်ခွင် လျှာဟာ တစ်ဖက်စောင်းနင်း
ဖြစ်ကောင်းဖြစ်မှာပါ။ ဒါပေမယ့် အိပ်ခ်ျအိုင်ဗီလို၊ အေအိုင်ဒီအက်စ်လို
ပြဿနာမျိုးမှာတော့ လူတစ်ဦးချင်းစီရဲ့ ဘ၀ပြဿနာ၊ ခံစားချက်တွေကို အကောင်းဆုံး
တန်ဖိုးအရှိဆုံး ဖြစ်အောင် ပြောင်းလဲ ပေးနိုင်တာဟာ ကာကွယ်ရေးလည်းဟုတ်၊ ကုသရေးလည်း
ဟုတ်ပါတယ်။ အဓိကက ကုန်ကျစရိတ်တွေကို အချိန်မီနဲ့ နေရာတကျ သုံးစွဲ ကျခံခွင့်ရရေးပါ။
ကာကွယ်လို့ မရတော့တဲ့ လူနာဖြစ်ပြီးသား လူသားတွေအတွက် ကုသရေးဆိုတာ ရာနှုန်းပြည့်
အကျိုးရှိနေမှာပါ။ ကုသခွင့် ရရေး အတွက်သာ အားထုတ်ဖို့ လိုရင်းပါ။

 

ဟေတီက လူနာအတွက် ပေါလ်တို့
အားထုတ်ခဲ့သလို သက်ဆိုင်ရာ ဒေသခံတွေကလည်း ပေါလ်တို့ လုပ်ပေးချင်သမျှတွေ
လုပ်ပေးနိုင်အောင် အမြဲတစေ အဆင်သင့် ဖြစ်နေခဲ့ကြတာဟာ အင်မတန်ကောင်းတဲ့ လက္ခဏာပါ။
ဒီလို ပူးပေါင်း ဆောင်ရွက်မှုဟာ ပညာပေးတာထက် ပိုအောင်မြင်တဲ့ ကာကွယ်ရေး နည်းလမ်း
ဆိုရင်လည်း မမှားပါဘူး။ ရောဂါမဖြစ်အောင် ကာကွယ်ကြရမှာ ဖြစ်သလို
ဖြစ်ပြီးသားရောဂါရဲ့ ဆိုးဝါးတဲ့ အကျိုးဆက်တွေ နည်းနိုင်သလောက် နည်းအောင်
ကာကွယ်ရမှာကလည်း ကျန်းမာရေး လုပ်သား အပါအ၀င် သက်ဆိုင်သူတွေ အားလုံးရဲ့ တာဝန်ပါ။


ဒါမှလည်း ကျန်းမာရေး စောင့်ရှောက်မှုကို မညီမမျှ ရရှိတာမျိုး မဖြစ်တော့ဘဲ လူသား
မဆန်တဲ့ ထိတ်လန့်စရာ လူ့အဖွဲ့အစည်း ဆိုတာမျိုး မဖြစ်သွားအောင်လည်း ကာကွယ်ရာ
ရောက်ပါတယ်။ အဲဒါကြောင့် သက်ဆိုင်သူတွေ အားလုံးရဲ့ ပူးပေါင်း ဆောင်ရွက်မှု ဆိုတာဟာ
ငွေကြေး ရင်းနှီး မြှုပ်နှံမှုနဲ့ ဆေးဖိုး ကုန်ကျ စရိတ်တွေထက် အရေးပါတဲ့ ကာကွယ်ရေး၊
ကုသရေး လက်နက်ဖြစ်ပါကြောင်း ဖူးငုံတို့ကို အသိပေးလိုက် ရပါတယ်။ ဖူးငုံတို့လည်း
သက်ဆိုင်လာရင် ပူးပေါင်း ပါဝင်ဖို့ အဆင်သင့်ဖြစ်နိုင်ပါစေ။

အိတ်ခ်ျအိုင်ဗွီ နှင့် နေထိုင်သူများ  ဘ၀ပြဿနာနှင့် ခံစားချက်များ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top