HHIGအဖွဲ့ အစည်းတခုက အိတ်ခ်ျအိုင်ဗွီပိုးရှိနေသူတွေကို တယ်လီဖုန်းလိုင်းကနေတဆင့် အခမဲ့နှစ်သိမ့် ပညာပေး နေပါတယ်။ HIV Hotline Initiative Group (HHIG) အဖွဲ့ ကနေ တယ်လီဖုန်းက နှစ်သိမ့်ပညာပေးတဲ့  လုပ်ငန်းကို ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလကစပြီး လုပ်ခဲ့ ရာမှာ သုံးလကျော်ကာလအတွင်း ဆက်သွယ်သူပေါင်း ၉၀ ကျော်ရှိခဲ့တယ်လို့ အဖွဲ့ မှာ ပါဝင်ခဲ့တဲ့ ကိုဝဏ္ဏက ပြောပါတယ်။
လက်ရှိမှာလည်း တနေ့ ပျှမ်းမျှ နှစ်ဦးလောက် ဆက်သွယ်မေးမြန်းနေတယ်လို့  ဆိုပါတယ်။ တယ်လီဖုန်းကတဆင့် အိတ်ခ်ျအိုင်ဗွီ ဝေဒနာသည် တွေကို နှစ်သိမ့် ပညာပေးနေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ကိုဝဏ္ဏကို မေးမြန်းထားပါတယ်။
မေး။ ။ ဖုန်းကနေပြီးတော့ မေးတဲ့ ရောဂါသည်တွေက ဘယ်လိုလူမျိုးတွေလဲ။
ဖြေ။ ။ အခြေခံလူတန်းစားက ပိုများမှာပေါ့နော်။ ပိုက်ဆံရှိတဲ့ လူတွေကတော့ သူ့ ဟာသူ အပြင်အထူးကုတွေနဲ့ ပြတဲ့  အပေါ်တန်း လူတန်းစားတွေ ပေါ့နော်။ ကျနော်တို့  အဓိက ရည်ရွယ်ထားတာက အောက်ခြေ လူတန်းစားနဲ့ လူလတ်ပိုင်းတွေပေါ့။ အဲဒီလိုမျိုး လူတွေကျတော့ ပိုက်ဆံလည်းမရှိဘူး။ ဘယ်သွားလို့  ဘယ်လာရမှန်းလည်း မသိဘူး။နောက်ပြီးတော့ အစိုးရ ဆေးရုံတွေကို သွားမယ်ဆိုရင်လည်း သူတို့ အနေနဲ့  ဘယ်လို တွေများ ဖြစ်လိမ့်မလဲပေါ့နော် အဲဒီလိုမျိုးတွေ စိုးရိမ်းပြီးတော့ သူတို့ ကြိတ်ကု နေရာကနေ နောက်ဆုံး ရောဂါ တော်တော်ကျွမ်းသွားတဲ့ လူတွေလည်း ကျနော်တို့  တွေ့ ခဲ့ရတယ်။ တကယ် ဗဟုသုတမရှိပဲနဲ့  ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့ လူတွေလည်း ကျနော်တို့  တွေ့ ခဲ့ရတယ်။ အဓိက ကျနော်တို့ က အဲဒီလူလတ်တန်းစားနဲ့ အောက်ခြေ လူတန်းစား အတွက်ကို ကျနော်တို့ က အဓိက ထားပြီးတော့ လုပ်တာပါ။
မေး။ ။အိတ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်ပြီးတော့ ဗဟုသုတ နည်းနည်းလေးမှ မရှိတဲ့ လူမျိုးတွေ ရော ဆက်သွယ်ပြီး မေးမြန်းတာ ကြုံရသေးလား။
ဖြေ။ ။ ကြုံရပါတယ်ခင်ဗျ။ မိသားစုလိုက်ကော အိပ်ခ်ျအိုင်ဗွီ ကာကွယ်တားဆီးခြင်း အနေနဲ့  လုပ်တော့ လုပ်နေကြတယ်။ INGO တွေ အများကြီးပေါ့နော် လုပ်တော့ လုပ်နေ ကြတယ်။ လုပ်တော့ လုပ်နေကြပေမယ့်လည်း တကယ်မသိတဲ့လူတွေက လုံးဝကို မသိသေးတဲ့ဟာကို ကျနော်တို့ က အများကြီးမြင်ခဲ့ရတယ်။ ဥပမာဆို သူ့ ဆီကို
ခြင်ကိုက်တယ်၊ ခြင်ကိုက်ပြီးတော့ ကိုယ်မိသားစုကို အဲဒီ ကိုက်တဲ့ခြင်ကများ ကူးနိုင် မလားပေါ့နော်။ အဲဒီလိုမျိုးမိသား သားစုကအစ ကျနော်တို့ က တွေ့ ခဲ့ရတယ်။
မေး။ ။ ဖုန်းထဲကနေ ပြန်ပြီးတော့ ဆွေးနွေးခဲ့တဲ့ အထဲမှာ တော်တော်လေးစိတ်ဝင်စားဖို့  ကောင်းတဲ့ မှတ်မှတ်ရရ ဖြစ်နေတဲ့ဟာလေး ရှိရင် ပြောပြပါလား။
ဖြေ။ ။ မှတ်မှတ်ရရကတော့ အများကြီးပဲ ပေါ့နော်။ အခုရက်ပိုင်းလေးမှာ ဖြစ်သွားတဲ့ ဟာကတော့ တကယ့်ဝန်ထမ်း တကယ့် ရိုးရိုးရှင်းရှင်းလေးပါပဲနော်။ သူ့ အဖေ အမေ ဆိုရင်လည်း ပင်စင်စားတွေပေါ့နော်။ သမီးလေးက တရုတ်ပြည်မှာ အလုပ်သွားလုပ်မယ် ဆိုပြီးတော့ သွားလိုက်တာပေါ့နော်။ မတ်လ လောက်ကမှ ပြန်ရောက်လာတယ်၊ ပြန်ရောက်လာတဲ့ အချိန်မှာ လုံးဝကို အရုပ်ကြိုးပြတ် ဖြစ်သွားပြီပေါ့။ အလုပ် မလုပ်စား နိုင်ဘူး ဆိုပြီးတော့ ပြန်ရောက်လာတယ်။ ပြန်ရောက်ပြီးတော့ အပြင်ဆေးခန်းမှာ အဲဒီလို လိုက်ကုတာပေါ့။ ကုရင်း ကုရင်းနဲ့  သူတို့ ဘာဆေးမှန်း မသိဘဲနဲ့  ဝယ်သောက်၊ သူ့ ရဲ့ CD4 အကောင့်ကလည်း ဘယ်လောက်ရှိသလဲ ဆိုတော့ ၁၆ ပဲ ကျန်တော့တယ်။ အခု ၁၆ ပဲ ကျန်တော့တဲ့ အချိန်မှာ အပြင်ဆေးကနေ သူ့ ကို အေအာရ်တီ ဖမ်းတိုက်လိုက်တယ်။ ဖမ်းတိုက်လိုက်တော့ သူက ဆေးရဲ့ ဒဏ်ကို မခံနိုင်တော့ ဘူး။ ဒဏ်ကို မခံနိုင် ဖြစ်သွား တာပေါ့။ ဒဏ်မခံနိုင်ပဲ ဖြစ်ပြီးတော့ သူက အိပ်ယာထဲ ဘုန်းဘုန်းလဲသွားတယ်။ လဲသွားတဲ့ အခါကျတော့ အဘိုးကြီး အဘွားကြီးကလည်း တကယ့်ကို အိပ်ခ်ျအိုင်ဗွီနဲ့  ပတ်သက်ပြီး ဘာမှကို မသိတာ။ မသိတော့ သူတို့ ဘာလုပ်ရမှန်းမသိပဲနဲ အဲဒီအတိုင်း ပစ်ထားတာ ပေါ့နော်။ ပစ်ထားပြီးတော့ ကျနော်နဲ့ လာပြီး အဆက်အသွယ် ရတဲ့အချိန်မှာ လုံးဝကို အခြေအနေက အရမ်းဆိုးသွားပြီ။ ဒါပေမဲ့လည်း ကျနော်အနေနဲ့ ရအောင် သူ့ ကိုဆေးရုံ တင်ပေး လိုက်တယ်။ အဓိက နောက်ဆုံး သူ့ အဖေရဲ့  ပြောပြချက်အရ သူ့ သမီးလေး လူရောင်းစား ခံလိုက်ရတယ် ပေါ့နော်။ အဲဒီ ကောင်မလေးက လွန်ခဲ့တဲ့ တပတ် လောက်ကမှ သေသွားတယ်။ အဓိက ဒီ sex နဲ့ ပတ်သက်ပြီးတော့ အများဆုံး ပိုများတယ်။
မေး။ ။ အမျိုးသားနဲ့ အမျိုးသမီးယှဉ်ရင်တော့ ဘယ်သူပိုများလဲခင်များ။
ဖြေ။ ။ အမျိုးသားက ပိုများသလောက်ဖြစ်နေတာပေါ့။ အမျိုးသားကနေ အမျိုးသမီးပေါ့။ အဲဒီလိုမျိုး ပုံစံနဲ့ ဆိုတော့ အမျိုးသားက ပိုများနေတယ်။မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗွီပိုး ကူးဆက်သူ ၂သိန်းခွဲ လောက်ရှိမယ်လို့  ခန့် မှန်းထား ပါတယ်။ ရောဂါပိုး ထိန်းချုပ်နိုင်တဲ့ အေအာဗွီဆေး လိုအပ်နေသူ ခုနှစ်သောင်း ခြောက်ထောင်း လောက် ရှိပြီး သုံးသောင်း လောက်ပဲ ဆေးဝါးရကြပါတယ်။
မေး။ ။ တချို့ အပိုင်းတွေမှာ ကျနော်လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ကြံဖူးတာ မိသားစုထဲမှာ ဖြစ်တယ်ဆိုရင် သူ့ မိသားစုကပေါ့ဗျာ များသောအားဖြင့် အမျိုးသမီးတွေက သူတို့ အကို တွေ မောင်တွေ အသိမခံချင်ဘူးဗျ။ အဲဒါမျိုးတွေကော တွေ့ ရလား။
ဖြေ။ ။ အခုနောက်ပိုင်းမှာတော့ တော်တော်လေးကို ပြောရရင် NGO တွေအကုန် ပူပေါင်းပြီးတော့ လုပ်နေတဲ့အခါ ကျတော့ ဒီခွဲခြားမှုလေးတွေကတော့ အရမ်းကြီးကို နည်းသွားပြီပေါ့နော်။ ဒါပေမဲ့ တချို့ နေရာမှာလည်း ရှိသေးတာပေါ့နော်။ ခွဲခြားတယ်ဆိုတာ။ ဒါပေမဲ့ အရင် ၂၀၀၄-၂၀၀၅ ကျနော်တို့  စသိခဲ့တဲ့ ၂၀၀၀ ခုနှစ် လောက်ကထက် စာရင်တော့ တော်တော်လေး လျှော့ကျလာပြီပြောရမယ်။
မေး။ ။ ဝေဒနာရှင်တွေ ကိုဝဏ္ဏတို့ ကို ဆက်သွယ်လာတဲ့အခါမှာ ခုနကလိုပေါ့ဗျာ ဘာမှန်းညာမှန်းတောင် မသိဘူး ဆေးသောက်ရမှန်းလည်း မသိဘူးဆိုတဲ့ လူနာမျိုးတွေကို ဒီဆေးရုံ ဆေးခန်းကို ညွှန်းတော့ ဒီဆေးတွေကလည်း အလုံအလောက် မရဘူးဆိုတော့ ဘယ်လိုလုပ်လဲ ခင်ဗျ။ အခက်အခဲ မတွေ့ ဘူးလား။
ဖြေ။ ။ အခက်အခဲ မတွေ့ ဘူးလားဆိုတော့ ဘယ်လိုပြောရမလဲ။ ဆေးသောက်ရမယ့် သူတွေကတော့ များတာပေါ့။ ဒီကိစ္စ ဦးစားပေးရမယ်ဆိုတာ CD4 အရေအတွက်နဲ့ ပဲ သူ့ ကိုကြည့်သွားတာပေါ့နော်။ အခု ကျနော်တို့  WHO က သတ်မှတ်ထားတယ်။ CD4 ၃၀၀ အောက်ဆိုရင် ဘယ်criteria ဝင်နိုင်လဲဆိုတော့ အခု အေဇက်တီ သာကေတဆိုရင် CD4 ၁၀၀ အောက်ဆိုရင် လူနာလာသမျှကို ဆေးပေးတယ်။ အဲဒါမျိုး ရှိသလို သူ့ ဆီကို ရောက်လာတဲ့ သူ့ ရဲ့  CD4 အရေအတွက်ကို ကြည့်ပြီးတော့ ဘယ်အခွင့်နဲ့ သင်တော် နိုင်သလဲ ကျနော်တို့ က စဉ်းစား ပြီးတော့ လိုက်ပို့ ရတာပေါ့နော်။ လိုက်ပို့ တဲ့အခါမှာလည်း ချက်ချင်းသွားရင် ချက်ချင်း ရတယ်လို့ တော့ မဟုတ်ဘူး။
မေး။ ။ ဘယ်ဒေသက လူတွေများလဲ၊ ရန်ကုန်များလား အခြားဒေသတွေက များလား။
ဖြေ။ ။ ရန်ကုန်လည်းများတယ်၊ နယ်လည်း များပါတယ်။
မေး။ ။ ဖုန်းနဲ့ ပညာပေးဆွေးနွေးတဲ့ နေရာမှာ တွေ့ ရတာ ဘယ်လိုလူမျိုးတွေ များ လဲခင်ဗျ။ ဆိုလိုတာက အရင် တုန်းကဆိုရင် ဘိန်းဖြူထိုးတဲ့ လူတွေများတယ်။ ဆေးသုံးတဲ့ လူတွေ များတယ်ပေါ့။ ရောဂါကူးစက်ခံရတဲ့ လူတွေက ဘယ်လိုအကြောင်းတွေကြောင့် များလဲခင်ဗျ။
ဖြေ။ ။အဓိကကတော့လိင်ပိုင်းဆိုင်ရာကူးဆက်မှုကပိုများတယ်။လိင်နဲ့ပတ်သက်တဲ့ဟာက ပိုများနေတယ်။
မေး။ ။ ဆိုလိုတာက ပြည်တန်ဆာတွေလား။
ဖြေ။ ။ ဟုတ်တယ် အဲဒီအပိုင်းကတွေက ပိုများနေတယ်။ အမျိုးသမီး ကိုယ်ဝန်ရှိတယ်၊ ကိုယ်ဝန်ရှိလို့  တခါလေး သွားမိတယ်၊ သွားမိတာနဲ့ ပဲ အဲဒါမျိုး ဖြစ်ခဲ့တဲ့ လူတွေက ပိုများတယ်။
ရွှေအောင် (၀၃-၀၆-၂၀၁၁)
ဒီဗွီဘီ - အိတ်ခ်ျအိုင်ဗွီဝေဒနာသည်များကိုဖုန်းဖြင့်ပညာပေးဆွေးနွေး




