29
Jan

အိတ်ခ်ျအိုင်ဗီကြောင့် ထိခိုက်ခံစားရသောကလေးများ အိမ်နီးချင်းကလေးများနှင့် နှိုင်းယှဉ်ရာတွင် အစစအရာရာ နိမ့်ကျနေ

အိတ်ခ်ျအိုင်ဗီကြောင့် ထိခိုက်ခံစားရသော ကလေးများ၏ လူမှုရေးနှင့် အာဟာရဆိုင်ရာ ကျန်းမာရေးအခြေအနေများသည် ၎င်းတို့၏ အိမ်နီးချင်း ကလေးငယ်များနှင့် နှိုင်းယှဉ်ပါက လွန်စွာနိမ့်ကျလျက် ရှိနေကြောင်း သုတေသန စာတမ်းများအရ သိရသည်။

အိတ်ခ်ျအိုင်ဗီကြောင့် ထိခိုက်ခံစားရသော ကလေးများဆိုသည်မှာ ၎င်းတို့၌ အိတ်ခ်ျအိုင်ဗီပိုးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရောဂါပိုးရှိသည့် မိဘတစ်ဦးဦးမှ မွေးဖွားလာသည့် ကလေးငယ်များကို ဆိုလိုခြင်းဖြစ်သည်။

ယင်းရောဂါ၏ အကျိုးဆက်များနှင့် ဆက်နွှယ်ခံစားနေရသည့် ကလေးများ၏ လူမှုရေးနှင့် ကျန်းမာရေးအခြေအနေတို့ကို အိမ်နီးချင်းကလေးများနှင့် နှိုင်းယှဉ်လေ့လာရန် ရည်ရွယ်ချက်ဖြင့် တိုင်းနှင့်ပြည်နယ် ၁၃ ခုမှ မြို့နယ် ၃၀ ခုတို့၌ သုတေသနပြု ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါသုတေသနကို ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်)၊ အမျိုးသား ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်က အသက် (၁၈) နှစ်အောက်ဖြစ်ပြီး မိဘတစ်ဦး (သို့) နှစ်ဦးလုံးဆုံးပါးသွားသူ ကလေးငယ်များ၊ မိဘ၊ အုပ်ထိန်းသူရှိသူ ၁၁၅၀ ဦးနှင့် အိမ်နီးချင်း ကလေးများ၊ မိဘ၊ အုပ်ထိန်းသူပေါင်း ၁၁၅၀ ဦးတို့ကို နှိုင်းယှဉ်လေ့လာခဲ့သည်။

အိမ်နီးချင်း ကလေးများနှင့် နှိုင်းယှဉ်လျှင် လူမှုရေးအရ မူလနေထိုင်ရာအိမ်မှ ပြောင်းရွှေ့ရခြင်း (၂၄ ဒသမ ၃ ရာခိုင်နှုန်းနှင့် ၉ ဒသမ၄ ရာခိုင်နှုန်း)၊ မိသားစု တကွဲတပြားဖြစ်ရခြင်း (၁၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၄ ဒသမ ၁ ရာခိုင်နှုန်း)၊ အိမ်ထောင်စုစာရင်းတွင် ပါဝင်ခြင်းမှာ (၆၈ ရာခိုင်နှုန်းနှင့်  ၇၇ ဒသမ ၅ ရာခိုင်နှုန်း) စသည့် လူမှုရေး ထိခိုက်မှုများနှင့် အာဟာရအရ အသက် (၅) နှစ်အောက် ကလေးငယ်များတွင်လည်း ကိုယ်အလေးချိန်လျော့နည်းခြင်း (၃၆ ရာခိုင်နှုန်းနှင့် ၁၀ ဒသမ ၉ ရာခိုင်နှုန်း)နှင့် အရပ်ပုလွန်းခြင်း (၃၉ ရာခိုင်နှုန်းနှင့် ၁၃ ရာခိုင်နှုန်း)နှင့် ပိန်လှီခြင်း (၁၈ ဒသမ၂ ရာခိုင်နှုန်းနှင့်  ၅ ဒသမ ၈ ရာခိုင်နှုန်း) တို့ကို လေ့လာတွေ့ရှိရကြောင်း စာတမ်း၌ ဖော်ပြထားသည်။

ထို့ကြောင့် အာဟာရဖွံ့ဖြိုးမှု အတွက် ရေရှည်အစီအစဉ်များ  ချမှတ်ဆောင်ရွက်ရန်နှင့် မိခင်မှ ကလေးသို့ ရောဂါပိုးကူးစက်မှု ကာကွယ် တားဆီးရေး လုပ်ငန်းများကို ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း အိတ်ခ်ျအိုင်ဗီ/အေအိုင်ဒီအက်စ်ရောဂါ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်နေသူ အဖွဲ့အစည်းအချို့က အကြံပြုပြောကြားသည်။

ယင်းသုတေသနမှ တွေ့ရှိချက်များကို UNICEF အဖွဲ့၊ Myanmar Positive Group တို့မှ ကလေးများအတွက် အရေးဆိုတင်ပြရာ၌ ပြန်လည်အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

7 Day Daily - အိတ်ခ်ျအိုင်ဗီကြောင့် ထိခိုက်ခံစားရသောကလေးများ အိမ်နီးချင်းကလေးများနှင့် နှိုင်းယှဉ်ရာတွင် အစစအရာရာ နိမ့်ကျနေ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top