သူတို့အသံက ဝဲသည်။ သူတို့ အကြည့်များက တောက်ပမှုကင်းစွာ...။ အနွေးထည်အောက်က ခန္ဓာကိုယ်များက ခပ်ပါးပါး ဖျော့တော့တော့၊ ခုံတန်းရှည်ပေါ် နွမ်းလျမှီခိုနေသည်။ ထိုသင်္ကေတက ဗန်းမော်ခရိုင်ဆေးရုံ အမျိုးသား ကာလသားနှင့် ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန (National AIDS Programme) NAP ဆေးပေးနေရာကို ရောက်လာသူ လူနာတချို့တွင် တွေ့ရသည်။ ထိုသူများမျှော်လင့်နေသည်မှာ အနောက်တိုင်းဆေး၊ တစ်နည်းဆိုသော် ART ဆေးဖြစ်သည်။
ဒီဇင်ဘာလကုန်ပိုင်းက ကချင် ပြည်နယ် ဗန်းမော်ခရိုင်ကို ရောက်ရှိခဲ့သည်။ အေးမြသည့် ရာသီ ကာလတွင် ဒေသခံပြည်သူများက ရုပ်လက္ခဏာ ကြည်လင်ကြသည်။ ဗန်းမော်ခရိုင်တွင် ကချင်၊ မြန်မာ၊ ရှမ်းနှင့် တရုတ် လူမျိုးအများစု နေထိုင်ကြပြီး အခြားလူများစု အနည်းငယ်လည်း နေထိုင်ကြသည်။ ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာဝင် အများစုဖြစ်သည်။ တရုတ်နယ် စပ်မြို့သွားရာ လမ်းလည်းရှိရာ မူးယစ်ဆေးဝါးနှင့် ပတ်သက်လျှင် နာမည်ကြီး နယ်မြေဖြစ်သည်။ ကချင် ပြည်နယ်အတွင်း ရှိတောင်ပေါ် နေရာတချို့တွင် တိုင်းရင်းသား လက်နက်ကိုင်များ၏ စခန်းများ ရှိရာ ရံဖန်ရံခါ တိုက်ပွဲများကြားတွင် မြေစာပင် ဖြစ်ခဲ့ရသော တိုင်းရင်းသားများထဲမှ တချို့မှာ မှောင်ခိုပစ္စည်း သယ်ဆောင် ရောင်း ချရင်း မူးယစ်ဆေးဝါး သားကောင် ဖြစ်လာကြောင်း မိုးမောက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ထွန်းက ပြောသည်။
ကချင်ပြည်နယ် ဗန်းမော်ဒေသ တွင် မူးယစ်ဆေးသုံးစွဲသူ မည်မျှ ရှိသည်ကို သိချင်စိတ်ဖြင့် ဗန်းမော် ခရိုင် ပြည်သူ့ဆေးရုံ၏ ဆေးရုံအုပ် ဒေါက်တာ ခင်မောင်မြင့်၊ အမျိုးသား ကာလသားနှင့် ကူးစက်ရောဂါထိန်းချုပ်ရေးဌာန (National AI-DS Programme) ဗန်းမော်ခရိုင် တာဝန်ခံဒေါက်တာနီလာမောင်တို့ကို သွားရောက်တွေ့ဆုံခဲ့သည်။
''ဗန်းမော်ခရိုင် ဆေးရုံမှာတော့ အမျိုးသားကာလသားနှင့် ကူးစက် ရောဂါထိန်းချုပ်ရေးဌာန (National AI-DS Programme) နှစ်ခုရှိ တယ်။ HIV နဲ့ တီဘီရောဂါပါ။ တီဘီလူနာတွေကို သုတေသန လုပ် တဲ့အခါ တစ်နိုင်ငံလုံးရှိတဲ့ တီဘီဆေး သောက်နေတဲ့ အထဲမှာ ၂၅ ရာခိုင် နှုန်းလောက်က အိတ်ခ်ျအိုင်ဗွီပိုး ရှိတယ်လို့ သွားတွေ့ရတယ်။ အဓိက ကတော့ သွေးစစ်တာနည်း တာပေါ့။ ကိုယ့်ကိုယ်ကိုယ် HIV ပိုး ရှိမှန်း၊ မရှိမှန်း မသိသေးဘဲနဲ့ တီဘီကို သိလာတယ်။ သိတော့ တီဘီဌာနသွား တယ်။
အဲဒီမှာ သုတေသနတွေ ဝင်လာတဲ့ အခါကျတော့ လူနာတွေထဲက ၂၅ ရာခိုင်နှုန်းလောက်က HIV ရှိလာတယ်။ National Data ကတော့ ၁၈ ရာခိုင်နှုန်း ဌာနဘက်ကလည်း ပိုး ရှိတဲ့သူတွေကို မရှိအောင်လို့ တီဘီရဲ့ လက္ခဏာ တွေ့ပြီးရင် လတိုင်း Care လုပ်တာတွေ။ လုံးဝမရှိတဲ့ သူဆို ကာကွယ်ဆေးပေးတာမျိုး တွေလုပ်ပါတယ်'' ဟု HIV ဗိုင်း ရပ်စ်ကာကွယ်ရေး ဆောင်ရွက်မှု နှင့် ပတ်သက်၍ ဒေါက်တာနီလာ မောင်က ရှင်းပြသည်။ ဆေးရုံ မှတ်တမ်းများအရ တီဘီဆေး သောက်နေသည့် ကာလတွင် HIV ပိုး စစ်ဆေးတွေ့ရှိသူ များပြားလာ ခြင်းများကြောင့် မူးယစ်ဆေးကို အကြောထဲ ထိုးသွင်းသူများ၊ ထိုမှ တီဘီရောဂါဖြစ်ပွားသူများလာကာ ဆင့်ပွားဖြစ်ပွားမှုနှုန်းက ခြိမ်းခြောက် နိုင်သည့်ပမာဏ တစ်ရပ်သို့ ညွှန်ပြ နေသည် ဟုသိရသည်။
''တီဘီဆေးစသောက်လို့ HIV ဗိုင်းရပ်စ်စတွေ့လာရင် ကာကွယ်ဆေးနဲ့ စကြတယ်။ ကိုယ်ခံအား သိပ်ကျလာလို့ Urgent လို နေတဲ့ သူရှိသလို သွေးဖြူဥ ၆ဝဝ ကျော်နေတဲ့ တီဘီလူနာတွေလည်း ရှိတယ်။ အဲဒီအခါကျတော့ သွေး ဖြူဥ ၆ဝဝ ကျော်ရင် တီဘီဆေးက အနည်းဆုံး ခြောက်လသောက်ရ တယ်။ ပထမနှစ်လက ဆေးလေးမျိုး ပါတယ်။ အဲဒီလေးမျိုးပြီးတော့မှ ကိုယ်ခံအားကောင်းတဲ့ သူတွေက အေအာရ်တီဆေး စသောက်ရတယ်။ တချို့ကျတော့ မါနညအ တွေ။ သွေး ဖြူဥက ၁ဝဝ အောက်၊ ၂ဝဝ အောက်ရှိရင် ရှိမယ်။ အဲဒီလို လူမျိုးကျတော့ တီဘီဆေး အနည်းဆုံး နှစ်ပတ်ပြီးတော့မှ အေအာရ်တီ စတယ်။ အေအာရ်တီ ဝင်တဲ့အခါ တီဘီဆေး မဖြတ်ဘူး'' ဟု တီဘီဝေဒနာရှင် များနှင့် HIV ကို ထိန်းချုပ်ပေးသည့် ART အကြောင်း ဒေါက်တာနီလာ မောင်ကပြောပြသည်။
ကချင်ပြည်နယ်တွင် HIV ဗိုင်းရပ်စ်ကူးစက်မှု အဖြစ်အများ ဆုံးလူတန်းစားမှာ မူးယစ်ဆေးဝါး များကို အကြောထဲထိုးသွင်း သူများ (IDU) ဖြစ်ပြီး ဥပဒေအရ အရေးယူ ခံရနိုင်သူများ ဖြစ်သောကြောင့် HIV ကူးစက်ခံရပြီး သူကို အေအာရ်တီဆေးဖြင့် ကုသပေးရာတွင် အခက်အခဲများစွာ ရှိကြောင်း သိရသည်။
''အေအာရ်တီရဲ့ အဓိကပြဿနာက IDU ပဲ။ တချို့က အသက်ကလဲ ငယ်တယ်။ အငယ်ဆုံးဆို ၁၅ နှစ်လောက်ပဲ ရှိတယ်။ ဆေးအကြောင်းသူ့ကို နည်းနည်းလေးပြောနိုင်တဲ့သူ တစ်ယောက်လောက် ရမှပဲ အေအာရ်တီဆေး ပေးလို့ ရမှာပါ။ ရောဂါဖြစ်နေသူ တချို့က မိသားစုကို အသိမပေးဘူး။ အဲဒီတော့ အမေပါလာဖို့၊ အစ်မပါလာဖို့ မလွယ်ဘူး။ တစ်ယောက်တည်း လာဖို့တောင်မှ ဟိုဘက်ကနေ မော်တော်ကားခ မရတာ။ မောင်နှမနှစ်ယောက် လာဖို့ ခရီးစရိတ်မရှိတဲ့ အခက်အခဲမျိုးတွေ ရှိပါတယ်။ ဆေးသောက်တာမှ တစ်လ၊ နှစ်လပဲ ရှိသေးတယ်။ လူနာနဲ့ အဆက်အသွယ်မရတော့ဘူး။ ပြန်လိုက်တဲ့ အခါကျတော့ အလုပ်ထွက်သွားပြီ။ ရွှေတွင်းသွားပြီဆိုတဲ့ အဖြစ်မျိုး တွေဖြစ်လာတယ်'' ဟု ၄င်းက ပြောသည်။
အေအိုင်ဒီအက်စ်ရောဂါဖြင့် နေထိုင်သူများကို ဗန်းမော်ဆေးရုံ၊ သဇင်ဆေးခန်းများက ART ဆေး ပေးနေပြီး ၂ဝ၁၃ ခုနှစ်စာရင်းများ အရ တစ်နှစ်ပျှမ်းမျှသေဆုံးသူ ၅ဝ ကျော်ရှိကြောင်းသိရသည်။ HIV ကူးစက်ခံရသူများမှ တစ်ဆင့် ရောဂါ ပြန့်ပွားရခြင်းမှာ အဓိကအားဖြင့် မသန့်ရှင်းသော ဆေးထိုးအပ်များ အသုံးပြုခြင်းနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း ကြောင့်ဖြစ်သည်။
''ဆေးထိုးအပ် သမားတွေက အသေမြန်တယ်ပေါ့။ သူတို့က Disease Progression လဲ မြန် တယ်။ သူတို့မှာ HIV တစ်ခု တည်းမှမဟုတ်တာ။ အသည်းရောင် အသားဝါ (ဘီ) လဲ ရှိနိုင်တယ်။ (စီ) လဲ ရှိနိုင်တယ်။ တီဘီဆေးလဲ မှန်မှန်မသောက်ဘူး။ မူးယစ်ဆေးကလဲ သုံးတယ်ဆိုတော့ သေတယ်။ မက်သဒုန်းကို ဆရာဝန်ကြီးတွေက ဖြတ်စေချင်တယ်။ ကျွန်မတို့ NAP ကတော့ သူတို့ သောက် နိုင်သလောက်သောက်။ မက်သဒုန်း ဖြတ်ရင်တောင် တော်ရုံတန်ရုံ စိတ် ပြန်လည်ပြီးတော့ သုံးမှာ။ ကျွန်မတို့က အဲဒီလို မဖြစ်စေချင်ဘူး။ အပ်ပြန်မသုံးစေချင်ဘူး။ အပ်ပြန်သုံးရင် HIV ရှိတဲ့သူက သေလွယ် မယ်'' ဟု ဒေါက်တာနီလာမောင်က ပြောသည်။
အေအာရ်တီဆေးပေးသော နေရာများမှာ မြို့ကြီးများတွင်သာ တည်ရှိနေခြင်းသည် မြို့ငယ်များတွင် နေထိုင်သော HIV ရှိသူများ အတွက် တည်းခိုစရိတ်၊ လမ်းစရိတ်ကုန်ကျမူများကြောင့် အေအာရ်တီ ဝန်ဆောင်မှုများ လက်လှမ်းမီရေးမှာ အရေးပါသော အခက်အခဲ တစ်ခုဖြစ်နေသည်ဟု တွေ့မြင်ခဲ့ရသည်။
ဗန်းမော်ခရိုင် အတွင်းရှိ မြို့ ငါးမြို့တွင် SARA ကဲ့သို့ စွဲစေ တတ်သော မူးယစ်ဆေးသုံးစွဲသူများ အတွက် သုတေသနအဖွဲ့ (LOC-ALNGO) မျိုးရှိနေသည်။ သို့သော် တချို့သော ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုပေး သည့်နေရာများရှိ ဝန်ထမ်းများ၏ ခွဲခြား ဆက်ဆံလိုသည့် သဘောထားများနှင့် အရည် အသွေးနိမ့်သော ဝန်ဆောင်မူများ ကြောင့် HIV ရှိသူများသည် ဝန်ဆောင်မှုများ လာရောက်ခံယူရန် စိတ်မဝင်စား၊ စိတ်မပါမှုများ ဖြစ်ပေါ်စေကြောင်း မူးယစ်ဆေး အကြောထဲ ထိုးသွင်းခဲ့ဖူးပြီး သုံးလ တစ်ကြိမ် သွေးစစ်ဆေးနေရသည့် မိုးမောက်မြို့နေ အမျိုးသားတစ်ဦး က ပြောသည်။
ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် လာမည့် ၂ဝ၁၆ ခုနှစ်တွင် ဌာန ဘတ်ဂျက်ဖြင့် အေအာရ်တီဆေး ပိုမိုပေးဝေနိုင်ရေးကို အလေးမူ ဆောင်ရွက်နေသည့် ယနေ့ကာလတွင် မြန်မာပြည်မြောက်ဖျားက အကြောင်းကြောင်းကြောင့်လမ်းမှား ခဲ့ပြီး မူးယစ်ဆေး သုံးစွဲရာကနေ HIV ဗိုင်းရပ်စ် ကူးစက်ခံရသူများကိုလည်း လိုအပ်သည့် စောင့်ရှောက်မှု ပေးနိုင်ရန် မျှော်လင့်မိသည်။
HIV ပိုး ကူးစက်ခံရသူများ အေအာရ်တီဆေးရရန် ရှေ့ထွက် လာပြီး ကျန်းမာရေးဝန်ဆောင်မှု များခံယူရန် အတွက် အမှန်တကယ် လိုအပ်နေသည့် အခန်းကဏ္ဍများ နှင့် တာဝန်များအတွက် တာဝန်ခံ နိုင်မှုနှင့် အခြားသော ဖွံ့ဖြိုးရေး အပိုင်းများသို့ တိုးချဲ့လုပ်ကိုင်မှု များကို လုပ်ဆောင်နိုင်ရန် တိုက်တွန်း ရေးသား လိုက်ရပါသည်။
ပြည်ထောင်စု နေ့စဉ် - အိတ်ခ်ျအိုင်ဗွီဖြစ်သူ လက်တွဲကူ၊ အမြန်ပေးဝေ ART ဆေးတွေ




