9
Feb

အိပ်ခ်ျအိုင်ဗွီရန်ပုံငွေပွဲ အလှုငွေ သိန်း ၂၀၀ ကျော်ရရှိ

အိပ်ခ်ျအိုင်ဗွီ-အေ့ဒ်စ် ကာကွယ်ရေး၊ ကုသရေးနှင့် ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများအတွက် ရန်ပုံငွေ ဂီတ ဖျော်ဖြေပွဲကို ယခုလ ၂ ရက်နေ့က ရန်ကုန်မြို့၊ ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ကျင်းပခဲ့ရာ လာရောက်ကြည့်ရှု သူများက ဝေဒနာရှင်များအတွက် အလှူငွေများ ထည့်ဝင်ခဲ့ကြပြီး အလှူငွေစုစုပေါင်း ကျပ်သိန်း ၂၁၀ ခန့်ရရှိခဲ့သည်ဟု သိရသည်။
 
အဆိုပါ ရန်ပုံငွေပွဲကို အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံထားရသော လူနာများအတွက် ကူညီပံ့ပိုးဝန်ဆောင်မှုများ ပေးနေသော ရပ်ရွာအခြေပြု အဖွဲ့အစည်းများ စုပေါင်းဖွဲ့စည်းထားသည့် အေးမြမေတ္တာ ကျန်းမာရေးစောင့်ရှောက်မှု ဖောင်ဒေးရှင်း မှ ဦးစီးကျင်းပခြင်းဖြစ်သည်။
 
"ကျွန်တော်တို့ရဲ့မူအရ ကိုယ့်ပြည်သူကို ကိုယ်အားကိုးတယ်။ ကိုယ့်ပြည်တွင်းမှာပဲ ရန်ပုံငွေတတ်နိုင်သမျှ ရှာဖို့ ရည်ရွယ်ပါတယ်။ ဒီပွဲဟာ ရန်ပုံငွေထက် ကျွန်တော်တို့လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ဘယ်လို အခက်အခဲတွေရှိတယ် ဆိုတာ ပြည်သူလူထုကိုသိစေချင်တာပါ"ဟု အေးမြမေတ္တာကျန်းမာရေး စောင့်ရှောက်မှုဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
 
ရန်ပုံငွေပွဲတွင် အလှူခံဌာနထားရှိကာ အလှူငွေများကို လက်ခံခဲ့ပြီး လူနာများ၏ ရန်ပုံငွေအတွက်ရည်ရွယ်၍ ရောင်းချသော တီရှပ်များတွင် ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များက အမှတ်တရ လက်မှတ် ရေးထိုးပေးခဲ့ကြသည်။
 
"ကိုယ်ခံစွမ်းအားကျဆင်းမှုကို ခံစားနေရတဲ့ ဝေဒနာရှင်တွေအတွက် တတ်နိုင်သလောက်ကူညီချင်တာ ကျွန်တော်တို့ရဲ့ အခြေခံ စိတ်ရင်းပါ။ ဒီဝေဒနာကြောင့် မျှော်လင့်ချက်ကင်းမဲ့ပြီလို့ ခံစားနေရတဲ့ ဝေဒနာရှင်တွေအတွက် ကျွန်တော်တို့ အားလုံးဟာ သူတို့နဲ့ တစ်သားတည်း မျှဝေခံစားနေတယ်ဆိုတာ သူတို့ကိုသိစေချင်ပါတယ်"ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုကိုကြီးက မြန်မာတိုင်း(မ်)ကို ပြောသည်။
 
"နောက်နောင် အဲဒီလိုစာနာတဲ့စိတ်၊ လူသားချင်းရိုင်းပင်းတဲ့စိတ်၊ လူ့လောကရဲ့ မနက်ဖြန်ကို ပိုပြီးတော့ သာယာလှပ အောင်ဖန်တီးလိုတဲ့ စိတ်တွေနဲ့သာ ကျွန်တော်တို့ ညီညွတ်ကြမယ်၊ အလုပ်လုပ်ကြဦးမယ်ဆိုရင် ကျွန်တော်တို့ရဲ့ အနာဂတ်ဟာ ပိုပြီးတော့ လှပမှာပါ။ ကျွန်တော်တို့ ရင်သွေးများရဲ့ အနာဂတ် ကျွန်တော်တို့ ယုံကြည်လို့ရသွားပါပြီ"ဟု ကိုမင်းကိုနိုင်က ပြောသည်။
 
အဆိုပါ ဖောင်ဒေးရှင်းသည် လူနာပေါင်း ၂,၀၀၀ ကျော်ခန့်ကို စောင့်ရှောက် ထားသည့်အပြင် အိပ်ခ်ျအိုင်ဗွီ-အေ့ဒ်စ် ရောဂါပညာပေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ အိမ်တိုင်ရာရောက်ပြုစု စောင့်ရှောက်ပေးခြင်း၊ ဆေးကုသမှုခံယူနိုင်ရန် ပံ့ပိုးပေးခြင်း၊ အာဟာရပံ့ပို ပေးခြင်းနှင့် နာရေးကူညီမှု ငွေပံ့ပိုးပေးခြင်းစသော ကိစ္စရပ်များကို ဆောင်ရွက်ပေးနေသည်။
 
ဖောင်ဒေးရှင်းကို ရန်ကုန်မြို့ရှိ ကရုဏာလရိပ်အဖွဲ့နှင့် ခိုနားရာအဖွဲ့၊ မန္တလေးမြို့ရှိ မေတ္တာရတနာအဖွဲ့၊ ကျောက်ပန်းတောင်းမြို့ရှိ ပဒုမ္မာအဖွဲ့၊ ဘားအံမြို့ရှိ ကလိုကလူအဖွဲ့နှင့် ရွှေဘို မြို့ရှိ ရွှေခြင်္သေ့ လူမှုစောင့်ရှောက်ရေး အဖွဲ့တို့ ပူးပေါင်းတည်ထောင်ထားခြင်း ဖြစ်သည်။ လှူဒါန်းလိုသူများသည် အမှတ် (၁၀၉)၊ ငါးလွှာ၊ ၅၁ လမ်း (အလယ်)၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၉၇၃- ၁၀၂ ၂၅၀သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
 
မြန်မာတိုင်းမ် - အိပ်ခ်ျအိုင်ဗွီရန်ပုံငွေပွဲ အလှုငွေ သိန်း ၂၀၀ ကျော်ရရှိ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top