10
Jun

အိပ်ခ်ျအိုင်ဗွီ/အေ့ဒ်စ် တွေ့ရှိမှု အနှစ် ၃၀ ပြည့်မြောက်

၁၉၈၁ ခုနှစ်၊ ဇွန် ၅ ရက်တွင် အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိဒ် မြို့ရှိ လူငယ် မိန်းမလျာ ငါးဦး၌ အိပ်ခ်ျအိုင်ဗွီပိုး စတင် တွေ့ရှိကြောင်း အမေရိကန် သိပ္ပံပညာရှင်များက အတည်ပြုခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်း ပျံ့နှံ့ခဲ့သောအေ့ဒ်စ်ရောဂါ ဖြစ်ပွားမှုမှာ ယခုနှစ် ဇွန် ၅ ရက်တွင် အနှစ် ၃၀ ပြည့်ခဲ့သည်။

အရေးကြီးသော ART ဆေး

ယခုအချိန်တွင် ကမ္ဘာတစ်ဝန်း၌ အိပ်ခ်ျအိုင်ဗွီပိုး ရှိသူ ၃၃ ဒသမ ၃ သန်း ရှိပြီး ချမ်းသာသော နိုင်ငံများမှ ထည့်ဝင်သော အလှူငွေများဖြင့် ဖြန့်ဖြူးပေးသည့် ဆေးဝါးများကြောင့် လူသန်းပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သည်။အေ့ဒ်စ်ရောဂါ စတင် ဖြစ်ပွားကြောင်း အတည်ပြုခဲ့သော ၁၉၈၁ ခုနှစ် နောက်ပိုင်း အနှစ် ၃၀ အတွင်း ယင်းရောဂါဖြင့် လူ ၃၄ သန်းခန့် သေဆုံးခဲ့ကြောင်း UNAIDS က ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နောက်ဆုံး ထုတ်ပြန်ခဲ့သော အချက်အလက်များ အရ ပြီးခဲ့သောနှစ်တွင် ဆင်းရဲသော နိုင်ငံများ၌ ဆေးဝါးရရှိမှုမှာ မြင့်တက်ခဲ့ပြီး ယင်းနှစ်၏ ရှေ့နှစ်ကထက် ၁ ဒသမ ၄ သန်း ပိုရရှိခဲ့သည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် အိပ်ခ်ျအိုင်ဗွီပိုး ရှိသူ ၆ ဒသမ ၆ သန်းခန့်သည် ရောဂါ ပိုမို မဆိုးရွားစေရန် ဟန့်တားပေးနိုင်သော ART ဆေးကို ရရှိခဲ့သဖြင့် ယမန်နှစ်က ဆေးရရှိခဲ့သူများထက် အရေအတွက် ပိုမို များပြားခဲ့ကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သည်။  Anti-retroviral Treatment(ART) ဆေးဖြင့် ကုသမှုခံယူသူ အရေအတွက်မှာ ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ် အတွင်း ၁၆ ဆ မြင့်တက်လာခဲ့သည်။ သို့သော် ၀င်ငွေနိမ့်၊ အလယ်အလတ် ၀င်ငွေရှိသော နိုင်ငံများရှိ လူကိုးသန်းကျော်မှာ ဆေးများ ရရှိရန် လိုအပ်နေကြောင်း UNAIDS အစီရင်ခံစာက ဖော်ပြခဲ့သည်။

''အိပ်ခ်ျအိုင်ဗွီပိုး တွေ့ပြီး အနှစ် ၃၀ အတွင်း တုံ့ပြန် လုပ်ဆောင်မှုတွေထဲမှာ ပြီးခဲ့တဲ့နှစ်က အချက်အလက်တွေက သမိုင်းမှတ်တိုင် တစ်ခုပါပဲ။ ဒါပေမဲ့ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက် ပြည့်မီဖို့ အများကြီး လုပ်ရဦးမယ်''ဟုကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မာဂရက်ချန် က ပြောကြားသည်။

မကြာသေးမီက စမ်းသပ်မှု တစ်ခုအရ ART ဆေးသောက်သုံးသူများမှာ ကောင်းမွန်စွာ နေထိုင်နိုင်သည့် အပြင် ၎င်းတို့၏ လိင်ဆက်ဆံသည့် အဖော်များထံ ကူးစက်မှုကိုလည်း ဟန့်တားပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်ဟု သိရသည်။

''ကုသမှုရခြင်း၊ မရခြင်းက လာမည့် ဆယ်စုနှစ်မှာ အပြောင်းအလဲ ဖြစ်စေလိမ့်မယ်။ ဆေးရရှိအောင် အရှိန်မြှင့် လုပ်ဆောင်ဖို့နဲ့ ကုသရေး နည်းလမ်းသစ်တွေ ရှာဖွေရာမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သင့်ပါတယ်။ ART ဆေးနဲ့ကုသနည်းဟာ ရောဂါဖြစ်နေသူတွေ အခြေအနေ ကောင်းအောင် ကာကွယ်ပေးနိုင်ရုံတင် မကဘဲ အိတ်ခ်ျအိုင်ဗွီကို အမျိုးသမီး၊ အမျိုးသား၊ ကလေးတွေဆီ မကူးစက်အောင် ဟန့်တားပေးနိုင်တယ်''ဟု UNAIDS အမှုဆောင်ဒါရိုက်တာ မိုက်ကယ်ဆီဒီဘယ်က ပြောကြားသည်။

လိုအပ်နေသော ရန်ပုံငွေ

အေ့ဒ်စ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်း အတွက် ထောက်ပံ့သော ငွေကြေး လျော့နည်း ကျဆင်းပါက အန္တရာယ် ကြုံရနိုင်ကြောင်း ကျွမ်းကျင် ပညာရှင်များက သတိပေးခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် ပထမဆုံးအကြိမ် အဖြစ်အေ့ဒ်စ်ရောဂါ တိုက်ဖျက်ရေး ရန်ပုံငွေ ကျဆင်းခဲ့သည်။ ယခုအချိန်တွင် ရောဂါ တိုက်ဖျက်ရေး အတွက် ရင်းနှီးမြှုပ်နှံမှု မလုပ်ပါက အနာဂတ်တွင် ယခုထက် အဆပေါင်းများစွာ ပေးဆပ်ရမည် ဖြစ်ကြောင်း ဆီဒီဘယ်ကသတိပေးသည်။

အေ့ဒ်စ်ရောဂါ တိုက်ဖျက်ရေး အတွက် ယခုမှစ၍ ၂၀၁၅ ခုနှစ်အကြား ဒေါ်လာ ၂၂ ဘီလျံ လိုအပ်မည် ဖြစ်ကြောင်း၊ ယခုနှစ်အထိ ရရှိထားသမျှတွင် ဒေါ်လာ ခြောက်ဘီလျံခန့် လိုနေသေးကြောင်း UNAIDS အစီရင်ခံစာ အရ သိရသည်။ ကမ္ဘာတစ်ဝန်းရှိ အစိုးရများကလည်း အေ့ဒ်စ်ရောဂါ တိုက်ဖျက်ရေး အတွက် ငွေကြေးထောက်ပံ့မှု ပိုမို ပြုလုပ်ရန် သြစတြေးလျ ကျွမ်းကျင်ပညာရှင် တစ်ဦးက တိုက်တွန်းခဲ့သည်။ ''ပြဿနာက အခုအချိန်မှာ ကုသမှု လိုအပ်နေတဲ့ သူတွေကို ကုသမှုပေးနိုင်ဖို့ အဲဒီနိုင်ငံက အစိုးရတွေက မတတ်နိုင်ဘူး ဖြစ်နေတယ်။ နှစ်တိုင်း ကူးစက်မှု အသစ် ခံရသူတွေ ရှိနေတယ်။ ရောဂါ ကူးစက်ပျံ့နှံ့မှုကို မကာကွယ်နိုင်ဘူး ဆိုရင် ကုသမှုတွေကိုလည်း အဲဒီ အစိုးရတွေ လုပ်နိုင်မှာ မဟုတ်ဘူး။ ကုသမှုပေးခြင်းဟာ အတော် ခရီးရောက်ပါတယ်။ ဒါပေမဲ့ အခုချိန်မှာ အဲဒီ စရိတ်တွေက အရမ်းကြီးနေတယ်''ဟု အေ့ဒ်စ်ရောဂါ ကာကွယ်ရေးတွင် ကုလသမဂ္ဂနှင့် ပူးပေါင်း လုပ်ဆောင်နေသော ပါမောက္ခ ဆူစန်ကစ်ပက်စ် က ပြောကြားသည်။

အေ့ဒ်စ်ရောဂါ တိုက်ဖျက်ရေးတွင် အောင်မြင်မှု ပိုမို ရရှိရန် အတွက် ငွေကြေးပိုသုံးခြင်း၊ မလိုအပ်သော အလုပ်ရုံ ဆွေးနွေးပွဲ၊ ကွန်ဖရင့်များကို အရေအတွက် လျော့ချ ပြုလုပ်ခြင်း၊ ပိုမို ထိရောက်သော အစီအမံများ လုပ်ဆောင်ခြင်း တို့ကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။

ကူးစက်မှု ကျဆင်းခဲ့သော လူငယ်ထု

ကမ္ဘာ့လူငယ်ထုကြားတွင် အိပ်ခ်ျအိုင်ဗွီ ကူးစက်မှုသည် ၁၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ သို့သော်လည်း ကမ္ဘာ့ခေါင်းဆောင်များက ရည်မှန်းထားသည့် ၂၅ ရာခိုင်နှုန်းကို မပြည့်မီခဲ့ကြောင်း ကုလသမဂ္ဂ ကလေးသူငယ်နှင့် ပညာရေး ရန်ပုံငွေ အဖွဲ့ ယူနီဆက်က ဇွန် ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

''တိုးတက်သလား ဆိုရင် ဟုတ်ပါတယ်။ လုံလောက်ပြီလား ဆိုရင်တော့ မဟုတ်ပါဘူး''ဟု ယူနီဆက်၏ အာဖရိက အရှေ့ပိုင်းနှင့် တောင်ပိုင်းဆိုင်ရာ ညွှန်ကြားရေးမှူး အီဟအက်ဆီက ပြောကြားခဲ့သည်။ အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြား ကမ္ဘာ့လူဦးရေ၏ ငါးသန်းခန့်သည် အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံထားရပြီး ၂၀၀၁ ခုနှစ်ကထက် ၁၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း၊ သို့သော်လည်း နေ့စဉ် ကမ္ဘာ့လူငယ် ၂၅၀၀ ခန့်ကို အိပ်ခ်ျအိုင်ဗွီ ကူးစက်နေကြောင်း အစီရင်ခံစာက ဆိုသည်။ အမျိုးသမီးငယ်များမှာ အိပ်ခ်ျအိုင်ဗွီ ကူးစက်မှုကို အများဆုံး ခံနေရကြောင်း အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံထားရသော လူငယ်ထု၏ ၆၀ ရာခိုင်နှုန်းကျော်သည် အမျိုးသမီးများ ဖြစ်သည်။

အာဖရိက လူငယ်ထုသည် အိပ်ခ်ျအိုင်ဗွီ အန္တရာယ်နှင့် ၀န်ထုတ်ဝန်ပိုးကို အများဆုံး ခံနေရပြီး အာဖရိက ဆာဟာရ အောက်ပိုင်း ဒေသတွင် အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံထားရသူ ၇၂ ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။

၂၀၀၁ ခုနှစ်နှင့် ၂၀၀၉ ခုနှစ် အကြား ကမ္ဘာတစ်ဝန်း အိပ်ခ်ျအိုင်ဗွီ ကူးစက်မှုမှာ ၂၅ ရာခိုင်နှုန်း နီးပါး ကျဆင်းခဲ့ကြောင်း UNAIDS က ထုတ်ပြန်ခဲ့သည်။ သို့သော် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူ အသစ် အရေအတွက်မှာမြင့်တက်လျက် ရှိနေသေးပြီး နေ့စဉ် လူ ၇၀၀၀ ခန့် ကူးစက်ခံရနေကြောင်း၊ ယမန်နှစ်တွင် ၂ ဒသမ ၆ သန်း ကူးစက်ခံရကြောင်း၊ အိပ်ခ်ျအိုင်ဗွီပိုး ရှိသူ ၃၄ သန်းအနက် ထက်ဝက်ခန့်မှာ ၎င်းတို့တွင် ရောဂါပိုး ရှိသည်ကို မသိရှိကြောင်း၊ ဖွံ့ဖြိုးဆဲ နိုင်ငံများမှ ဆေးဝါး လိုအပ်သူ သုံးပုံတစ်ပုံခန့်သာ ဆေး ရရှိကြောင်း သိရသည်။ ART ဆေးကို ကာလရှည် သုံးစွဲသူများတွင် ကုသမှု ပျက်ကွက်ခြင်း၊ ဆေးအဆိပ်သင့်ခြင်း၊ ဘေးထွက်ဆိုးကျိုး ခံစားရခြင်း၊ ဆေးမတိုးတော့ခြင်း စသည့် ကျန်းမားရေး ပြဿနာ ကြုံရမှုများလည်း ရှိကြောင်း လေ့လာမှုများ အရ သိရသည်။

Eleven Media Group - အိပ်ခ်ျအိုင်ဗွီ/အေ့ဒ်စ် တွေ့ရှိမှု အနှစ် ၃၀ ပြည့်မြောက်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top