16
Jun

အိပ်ခ်ျအိုင်ဗွီ ကွန်ယက်ခုနစ်ခုက အမှတ်တရ ဖယောင်းတိုင်မီးထွန်း ဆုတောင်းပွဲကျင်းပ

အိပ်ခ်ျအိုင်ဗွီနှင့်ပတ်သက်ပြီး ကိုယ်တိုင် ခံစားနေရသူများနှင့် ၎င်းတို့ နှင့်ပတ်သက်ဆက်နွှယ်နေသူများမှ ပထမဦးဆုံးအကြိမ် ပူးပေါင်း ဆောင်ရွက်သော 'အမှတ်တရ ဖယောင်းတိုင်မီးထွန်း ဆုတောင်းပွဲ' အခမ်းအနားကို မေလ ၂၆ ရက်နေ့က ကမာရွတ်မြို့နယ်ရှိ ဂျပ်ဆင်တာ တွင် ကျင်းပပြုလုပ်ခဲ့သည်။

"ဒီနေ့မီးထွန်းပွဲက အိပ်ခ်ျအိုင်ဗွီနဲ့ အသက်ဆုံးသွားသူတွေကို ဆုတောင်း ပေးရင်း တစ်ဖက်ကလည်း ကူးစက်ခံရသူတွေကိုလည်း ပျော်ပျော် ရွှင်ရွှင်နဲ့ နေထိုင်သွားဖို့ အားပေးတယ်။ ဆေးရဖို့၊ အလုပ်အကိုင် ရရှိရေးတွေကို တတ်နိုင်သလောက် ကူညီပေးသွားဖို့ဟာ ဒီပွဲအတွက် ရည်ရွယ်ချက်ပါ" ဟု Myanmar Positive Women ဥက္ကဋ္ဌ ဒေါ်နော် ရှဲဝါးက မြန်မာတိုင်း(မ်)ကိုပြောသည်။

အိပ်ခ်ျအိုင်ဗွီရောဂါ ကူးစက်ခံရသော သူများအား လူ့ပတ်ဝန်းကျင်မှ ခွဲခြားဆက်ဆံမှုများ လျော့ပါးစေရန် လူထုပညာပေးလုပ်ငန်းများ လိုအပ်သေးကြောင်းနှင့် ၎င်းပညာပေး လုပ်ငန်းများတွင် ဝေဒနာရှင်များပါဝင် လှုပ်ရှားသင့်ကြောင်း UNAIDS မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာဆွန်ဂန်းက ပြောသည်။

National Drug User Network Myanmar မှ အဖွဲ့ဝင်တစ်ဦးကလည်း အိပ်ခ်ျအိုင်ဗွီရောဂါ ကူးစက်ခံနေရသူများအတွက် အခမ်း အနားများကျင်းပပေးခြင်းသည် ၎င်းတို့အတွက် အင်အား တစ်ရပ်ဖြစ်ကြောင်း ဆိုသည်။

"ကျွန်တော်ကိုယ်တိုင် မူးယစ်ဆေးသုံးပြီး လက်ရှိအချိန်မှာ ဆေးသောက်နေရသူပါ။ ဒါပေမယ့် အားငယ်နေ၊ နောင်တတွေရနေလို့ လူ့ပတ်ဝန်းကျင်ကနေရှောင်ပြေး နေဖို့ မဖြစ်ဘူး။ မူးယစ်ဆေးဝါးကိုမသုံးဖို့၊ သုံးနေသူတွေကို ဆက်မသုံးဖို့၊ ရောဂါရနေသူတွေကို အားပေးကူညီပေးဖို့ ကျွန်တော်တို့အဖွဲ့ လုပ်ပေးနေပါတယ်"ဟု ၎င်းကပြောသည်။

ထို့ပြင် အိပ်ခ်ျအိုင်ဗွီဝေဒနာရှင်များအတွက် အထောက်အပံ့၊ ဆေးဝါးနှင့် အသိပညာပေးလုပ်ငန်းများကို ရရှိနိုင်ရန်အတွက် သတင်း အချက်အလက်များ အပြန်အလှန် ရရှိရန်လိုအပ်ကြောင်း ဒေါ်နော်ရှဲဝါးကပြောသည်။

အဆိုပါ အမှတ်တရ ဖယောင်းတိုင် မီးထွန်း ဆုတောင်းပွဲကို ၁၉၈၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ စတင် ကျင်းပခဲ့ပြီး ကမ္ဘာတစ်ဝန်း နိုင်ငံများတွင်လည်း နှစ်စဉ် မေလတတိယပတ်တွင် ကျင်းပလျက်ရှိကာ မြန်မာနိုင်ငံတွင်လည်း အိပ်ခ်ျအိုင်ဗွီ လူမှုအဖွဲ့အစည်းများမှ သက်ဆိုင်ရာမြို့များအလိုက် ဆုတောင်းပွဲကို ကျင်းပ လျက်ရှိသည်။

မြန်မာတိုင်းမ် - အိပ်ခ်ျအိုင်ဗွီ ကွန်ယက်ခုနစ်ခုက အမှတ်တရ ဖယောင်းတိုင်မီးထွန်း ဆုတောင်းပွဲကျင်းပ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top