လူငယ်အများစုမှ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်(စ်)
ရောဂါ ဖြစ်ပွားနှုန်း မြင့်မား လာသောကြောင့် လူငယ် အများစုအား အဓိကထားကာ အသိပညာပေး လုပ်ငန်းများ
ပိုမို လုပ်ဆောင် နေရကြောင်း မြန်မာနိုင်ငံ ကြက်ခြေ နီအသင်းမှ အိပ်ခ်ျအိုင်ဗွီ၊
အေအိုင်ဒီအက်(စ်) စီမံချက် အရာရှိ ဒေါက်တာဌေးဝင်းက ပြောသည်။ ယခင်က ကူးစက်လွယ်သည့်
အုပ်စု ဖြစ်သော အဝေးပြေး ယာဉ်လုပ်သားများအား ဦးတည်အုပ်စုအဖြစ် အဓိကထား ပညာပေး
ဆောင်ရွက်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့ပြီး ယခုအခါ အမြင့်မားဆုံးမှာ လူငယ်များ ဖြစ်သောကြောင့်
၎င်းအုပ်စုကို လွန်ခဲ့သည့် နှစ်ကုန် ပိုင်းမှ စတင်ခါ ဦးတည် အုပ်စုအဖြစ် ဆောင်ရွက်ခဲ့ကြောင်း
၎င်းကဆိုသည်။
"လူငယ်ထုကို အဓိက ဦးတည်တယ်။ အခုခေတ်မှာ တော်တော်များများ
လူငယ်တွေက ကာရာအိုကေတွေကို သွားကြတယ်။ အသောက်အစားတွေ ပါလာတယ်။ သောက်ပြီးရင် မူးလာတော့
အပျော်ရှာ ကြတယ်။ မြန်မာနိုင်ငံ ကြက်ခြေနီ အနေနဲ့ အသက် ၁၅ -၂၄ နှစ်ကို လူငယ်အုပ်စုလို့
သတ်မှတ်ပြီး အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်(စ်) ကူးစက်ပုံကို ပြောပြတယ်။ ရှောင်နိုင်ရင်ရှောာင်
မရှောင် နိုင်ရင် ဆောင်ဆိုပြီး နည်းတွေ ပြသတယ်။ ကွန်ဒုံးတွေကို ဝေပေးတယ်" ဟု
ဒေါက်တာ ဌေးဝင်းက ပြောသည်။ ဒုတိယ အုပ်စုအဖြစ် အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်(စ်)
ရောဂါကူးစက်မှုနှင့် နှီးနွှယ်သည့် ခန္ဓာကိုယ်နှင့် ရင်း၍ ၀င်ငွေရှာသော အမျိုးသမီး
အုပ်စုများအား ပညာပေး ဆောင်ရွက် သွားမည်ဖြစ်ပြီး တတိယအုပ်စုမှာ လိင်တူ ဆက်ဆံသည့်
အုပ်စု ဖြစ်ကြောင်း ၎င်းက ပြောသည်။ "ဘယ်နိုင်ငံ ဘယ်လူ မျိုးမဆို အပျော် အပါးတော့
ရှိကြတယ်။ ရှာကြတယ်။ ရှာတဲ့ အခါမှာ မိန်းမတွေရှိနေဖို့ လိုတယ်။ လူငယ်မှ မဟုတ်ဘူး။
ကူးစက်လွယ်တဲ့ အမူအကျင့်ရှိတဲ့သူတိုင်း ကူးစက်ပါတယ်။ လူငယ် အများစု ကတော့
လက်တည့်စမ်း ချင်တယ်။ အမြင်သစ်၊ အတွေးသစ်ကို ရှာချင်တယ်။ အပျော် ရှာတဲ့ အခါ မှာလည်း
ခန္ဓာကိုယ်နဲ့ ရင်းပြီး ၀င်ငွေရှာတဲ့ အမျိုးသမီး တွေဆီကို သွားမယ်။ ၎င်းတို့ ကလည်း
ဖြစ်နိုင်ခြေများတဲ့ အုပ်စုထဲမှာ ပါတယ်" ဟု ဒေါက်တာ ဌေးဝင်းက ပြောသည်။
အဆိုပါ ပြည့်တန်ဆာ များအား စည်းရုံးသည့် အခါ
၎င်းတို့အား ချုပ်ကိုင်သည့် သူ့ကို ကြိုတင် အသိပေး စည်းရုံးပြီး ၎င်းမှတစ်ဆင့်
ပြည်တန်ဆာများအား အသိပညာပေး စည်းရုံး ရကြောင်း ၎င်းက ပြောသည်။ "ပြည့်တန်ဆာတွေကို
စည်းရုံးပြီး အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်(စ်) ရောဂါက ကြောက်စရာ ကောင်းတဲ့
ရောဂါအဖြစ် ပြောပြတယ်။ မဖြစ်မနေ ကွန်ဒုံး သုံးစွဲဖို့ ပြောခိုင်းတယ်။ ပိုက်ဆံ
ပိုပေးလည်း ကွန်ဒုံး သုံးအောင် စည်းရုံးခိုင်းတယ်" ဟု ၎င်းက ပြောသည်။ ယခင်က
ပညာပေး အဖွဲ့အစည်း ၀န်ထမ်းများ အနေဖြင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်
ရာနှုန်းပြည့် ထိရောက်မှု မရှိ ခဲ့ခြင်းကြောင့် အုပ်စုတူ၊ အသက်အရွယ်တူ၊ အကျင့်
စရိုက်တူ၊ လုပ်ငန်းတူ၊ လိင်တူများအား အချင်းချင်း ပညာပေးခြင်း များက ပိုမို
ထိရောက်မှု ရှိကြောင်း ၎င်းကဆိုသည်။ ပြည့်တန်ဆာများ၊ ယောက်ျားချင်း လိင်တူ ဆက်ဆံ
မှုများ၊ အဝေးပြေးယာဉ် လုပ်သားများအား အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်(စ်) ရောဂါ
ကူးစက်မှု လျော့ကျရေး အတွက် အဓိကထား လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။
"ကျန်းမာရေး ပညာပေး ဆောင်ရွက်တာ တီဗွီ၊ ဗွီဒီယို
တွေထဲမှာ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်(စ်) နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ကြွယ်ဝ
လာအောင် လုပ်ပေးပါတယ်။ သွေးသွင်း ကုသတဲ့ နေရာတိုင်းမှာ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်(စ်)
ကူးစက်မှု အတတ်နိုင်ဆုံး လျော့နည်း စေဖို့အတွက်ပါပဲ" ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့် နှစ်တွင် အိပ်ခ်ျအိုင်ဗွီ ဖြစ်ပွားမှု ၁ ဒသမ ၅
ရာခိုင်နှုန်း ရှိခဲ့ရာမှာ ၂၀၀၅ ခုနှစ်တွင် ၁ ဒသမ ၃ ရာခိုင်နှုန်း လျော့ကျ ခဲ့ပြီး
၂၀၀၇ ခုနှစ်တွင် သုည ဒသမ ၆၇ ရာခိုင်နှုန်း ထပ်မံ လျော့ကြခဲ့သည်။ ကမ္ဘာ့ပေါ်တွင် အိပ်ခ်ျအိုင်ဗွီ
ကူးစက် ခံထားရသူ ၆၄ သန်းမျှ ရှိနေပြီ ဖြစ်ပြီး ၁၅ နှစ်မှ ၂၄ နှစ်အတွင်း
လူငယ်များတွင် အများဆုံး ဖြစ်ကြောင်း မြန်မာတိုင်း(မ်) ဂျာနယ် အတွဲ အမှတ် (၂၃ ၊
အမှတ် ၄၅၉) တွင် ဖော်ပြ ထားသည်။
၂
. ၄ . ၂၀၁၀
ဟံသာဝတီ - အိပ်ခ်ျအိုင်ဗွီ
တိုက်ဖျက်ရေးအတွက် လူငယ်လေးများအား ဦးတည်အုပ်စု အဖြစ် ဆောင်ရွက်လာ




