မြန်မာနိုင်ငံ၏ အိပ်ခ်ျအိုင်ဗီ ကာကွယ် ရေးလုပ်ငန်းများတွင်
အသုံးပြုရန် ဩစတြေးလျဒေါ်လာ ၇၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ခုနစ်သိန်းနီးပါး)ကို ဩစတြေးလျအစိုးရက
ထောက်ပံ့မည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
ဩစတြေးလျအစိုးရသည် ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ်အဖြစ်
ဩစတြေးလျဒေါ်လာ သုံးသန်းကို မြန်မာ၊ အင်ဒိုနီးရှားနှင့် ပါပူအာ နယူးဂီနီနိုင်ငံတို့ရှိ
အိပ်ခ်ျအိုင်ဗီကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ထောက်ပံ့မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။
မြန်မာနိုင်ငံသို့ ထောက်ပံ့သော ရန်ပုံငွေကို ရောဂါသုံးမျိုး
ရန်ပုံငွေ အဖွဲ့မှတစ်ဆင့် နိုင်ငံတွင်းရှိ လိင်တူ ဆက်ဆံသူ အမျိုးသားများနှင့်
အခြားသောရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်မားသူများနှင့် ပတ်သက်သည့် ရောဂါကာကွယ်ရေး
လုပ်ငန်းစဉ်များတွင် အသုံးချရန် ထောက်ပံ့ခြင်းဖြစ်သည်။
ကျန်ရှိသော ရန်ပုံငွေအနက် ဒေါ်လာ ၁ ဒသမ ၅ သန်းကို
အင်ဒိုနီးရှားနိုင်ငံရှိ လိင်တူဆက်ဆံသူ အမျိုးသားများအတွက် အမျိုးသားအဆင့် စီမံကိန်းကို
အကောင်အထည် ဖော်ရာတွင် အသုံးပြုမည်ဖြစ်ပြီး ကျန်ဒေါ်လာ ၇၅၀,၀၀၀ကို ပါပူအားနယူးဂီနီ လိင်တူဆက်ဆံသူ အမျိုးသားများနှင့် ပတ်သက်သော
မူဝါဒနှင့် ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများနှင့်
အသိပညာပေးခြင်း တို့တွင် အသုံးပြုမည်ဖြစ်သည်။
မြန်မာနိုင်ငံ၌ ၂၀၀၀ ပြည့်နှစ်တွင်
အိပ်ခ်ျအိုင်ဗီဖြစ်ပွားမှု ၁ ဒသမ ၅ ရာခိုင် နှုန်း ရှိခဲ့ရာမှ ၂၀၀၅ ခုနှစ်တွင် ၁ ဒသမ
၃ ရာခိုင်နှုန်းနှင့် ၂၀၀၇ ခုနှစ်တွင် သုည ဒသမ ၆၇ ရာခိုင်နှုန်းအထိ လျော့ကျခဲ့
ကြောင်း သိရသည်။
မြန်မာတိုင်းမ် -
အိပ်ခ်ျအိုင်ဗီ ကာကွယ်ရေး ဩစတြေးလျ ထောက်ပံ့




