ရန်ကုန်မြို့၊ သင်္ကန်ကျွန်းမြို့နယ်မှာရှိတဲ့
မဂ္ဂင်ကျောင်းတိုက်မှာ အဖမ်းခံခဲ့ရသူ ၁၁ ဦး ၊ ဒီကနေ့ နေ့လည်ပိုင်းက ပြည်လည်လွတ်မြောက်လာတယ်လို့
စုံစမ်းသိရှိရပါတယ်။ မဂ္ဂင်ကျောင်း တိုက်မှာ AIDS ဝေဒနာရှင်တွေရဲ့ ၀ါဆိုသင်္ကန်းကပ်လှူပွဲ
အခမ်းအနားကို ကူညီပေးနေသူ ၁၁ ဦးကို ဧည့်စာရင်းမတိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီလ
၁၂ ရက်နေ့ ည ၁နာရီကျော်က ဖမ်းဆီးခဲ့ပြီး နောက် အာဏာပိုင်တွေက ခုလိုပြန်လွတ်ပေးခဲ့တာပါ။
ဖမ်းထားသူ ၁၁ ဦးကို
သင်္ကန်းကျွန်းမြို့နယ် အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီ (မယက) ရုံးကနေပြီး ကနေ့
နေ့လည် ၁ နာရီကျော်လောက်က ပြန်လွတ်ပေးခဲ့တာပါ။ မနေ့က သူ့တို့ တွေကို သင်္ကန်းကျွန်းရဲစခန်းကနေ
ရန်ကင်း၊ ပုဇွန်တောင်၊ ဒေါပုံရဲစခန်းတွေကို
ပြောင်းရွှေ့ပြီး ခွဲချုပ်ထားခဲ့ပါတယ်။ ဒီကနေ့ ပြန်လွတ်လာသူ ၁၁ ဦးကတော့ ရန်ကင်းရဲစခန်းမှာ
ချုပ်ခံ ထားရတဲ့ ကိုမျိုးသန့်၊ ကိုဝင်းနိုင်၊ ကိုကံမြင့်။ ကိုအေးနိုင်၊ ပုဇွန်တောင်ရဲစခန်းက
ကိုစိုးနိုင်၊ ကိုသန်းထိုက်အောင်၊ ကိုသန်းနိုင်၊ ကိုရွှေဂျိုးနဲ့ ဒေါပုံရဲစခန်းက ကိုမုန်းနိုင်၊
ကိုသန်းထွဋ်၊ ကိုရာဇာ တို့ပဲ ဖြစ်ပါတယ်။
HIV/ AIDS ဝေဒနာသည်တွေ
စုပေါင်းပြီးတော့ သင်္ကန်းကျွန်း မဂ္ဂင်ကျောင်းမှာ ၀ါဆိုသင်္ကန်းကပ်လှူပွဲ လုပ်ဖို့အတွက်
ဖဲကြိုးနီနှင့် သူငယ်ချင်းများဆိုတဲ့ ကူညီချက်ပြုတ်ပေးသူတွေကို အာ ဏာပိုင်တွေက ဧည့်စာရင်းမတိုင်ဘူးဆိုတဲ့
အကြောင်းပြချက်နဲ့ ဖမ်းဆီးခဲ့တာပါ။ ပြန်မလွှတ်ပေးခင်မှာ ခံဝန်ချက်လက်မှတ်ထိုးဖို့ အာဏာပိုင်တွေက
တောင်းဆိုပေမယ့် ၁၁ ယောက်စလုံး က သူတို့ ဧည့်စာရင်းတိုင်ပါရက်နဲ့ မတိုင်ဘူးလို့ မဟုတ်မှန်စွပ်စွဲတာဖြစ်တဲ့အတွက်
ခံဝန်မထိုးနိုင်ကြောင်း ငြင်းဆန်ခဲ့တယ်လို့ သိရတယ်ပါတယ်။ နောက်ဆုံးတော့ အာဏာပိုင်တွေက
ရုံး ထုတ်တာ၊ ခံဝန် ထိုးခိုင်းတာ၊ ဒဏ်ငွေရိုက်တာတွေ မလုပ်ဘဲ ပြန်လွှတ်ပေးခဲ့တာဖြစ်ကြောင်း
သူတို့ကို လိုက်ပါကူညီနေသူတွေက ပြောပြပါတယ်။
ဒါ့အပြင် RFA က
စုံစမ်းသိရတဲ့ သတင်းအရတော့ မဂ္ဂင်ကျောင်းက ဆရာတော်နဲ့ သံဃာတော်တွေကို ရန်ကုန်တိုင်း
သံဃာ့မဟာနာယကအဖွဲ့က သြဂုတ်လ ၁၄ ရကနေ့ နေ့လည် ၁၂ နာရီ လောက်က လာရောက်ခေါ် သွားကြောင်းလည်းသိရပါတယ်။
အသေးစိတ်ကို ဆက်လက်မသိရှိရသေးပါဘူး။
တခါ ဒီမဂ္ဂင်ကျောင်းအလှူဖြစ်မြောက်ရေး
အလှူရှင်တဦးလည်းဖြစ်တဲ့ ကိုသန်းလွင်ခေါ် အနိုင်ဟာ AIDSရောဂါ
နဲ့ပဲ ၁၂ရက် နေ့ညက အင်းစိန် ဝေဘာဂီကူးစက်ဆေးရုံမှာ ကွယ်လွန်ခဲ့ပြီး အနိုင်ရဲ့ အသုဘကိုတော့
ရေဝေး သုဿာန်မှာ သြဂုတ် ၁၄ ရက်နေ့ ညနေပိုင်းက မီးသဂြိုဟ်ခဲ့ကြောင်းသိရပါတယ်။
ဒီကနေ့ ပြန်လွတ်လာသူတွေရဲ့ အခြေအနေနဲ့
ပတ်သက်လို့ အသေးစိတ်ကိုတော့ RFA ၀ိုင်းတော်သား ဦးမင်းဇင်က စုစည်းတင်ပြထားပါတယ်။
ဖမ်းထားသူ
၁၁ ဦးကို သြဂုတ်လ ၁၄ ရက်နေ့ရုံးထုတ်မယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ ဒီကနေ့မနက်ပိုင်းကစလို့
သင်္ကကျွန်းတရားရုံးရှေ့မှာ မိသားစုဝင်တွေအပါအဝင် လူ ၈၀ ကျော် လောက် စုရုံးပြီးတော့ လာရောက်စောင့်ဆိုင်းနေခဲ့ကြပါတယ်။
အဖမ်းခံရသူ ၁၁ ဦးအတွက် လိုက်ပါကူညီဆောင်ရွက်ပေးသူ ရှေ့နေကြီးဦးအောင်သိမ်းကတော့ ဒီကနေ့
သူတွေ့ခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ RFA ကို အခုလိုပြောပြပါတယ်။
ဖြေ။ ဒီကနေ့ရုံးထုတ်မယ်ဆိုတော့ အန်ကယ်တို့အကြောင်းကြားတာ
အန်ကယ်တို့အမှုလိုက်ဖို့အတွက် သွားတာပေါ့နော်။ သင်္ကကျွန်းတရားရုံးမှာ တရားရုံးမှာ အန်ကယ်စောင့်နေတယ်
ပေါ့။ ၁ နာရီ ထိုးခါနီး လောက်ကျမှ ဒီ ၁၁ ယောက်ကို သူတို့ကားအသီးသီးနဲ့ ရဲစခန်းတွေကနေ
ခေါ်လာတာဖြစ်ပါတယ်။ ခေါ်ပြီးတော့ အန်ကယ်တို့က တရားရုံးဘက်မှာ တင်မယ်ဆိုရင် တရားရုံးဘက်မှာ
ပါဝါယူဖို့ ဘာလုပ်ဖို့ပေါ့နော် အဆင်သင့်သွားစောင့်နေဆိုတော့ တရားရုံးဘက်ကို မတင်လာပဲနဲ့
မယက ရုန်းထဲကိုခေါ်သွားတာပေါ့နော်။ မယက ရုံးထဲသူတို့ ခေါ်သွင်း သွားတော့ အန်ကယ်တို့အပြင်ကစောင့်နေတယ်။
သူတို့ထမင်းမစားရသေးဘူး၊ မပြုရသေးဘူးဆိုတော့ ၁၁ဦးနဲ့ ပတ်သက်တဲ့မိသားစုတွေကလည်း ရောက်နေတာပေါ့နော့်။
သူတို့ရောက် လာပြီး နာရီဝက် လောက်ကြာမှ အဲ့ဒီ ၁၁ ယောက်လုံးပြန်ထွက်လာတာပဲ။
ပြန်လွတ်လာတဲ့
၁၁ယောက်ထဲက တစ်ဦးဖြစ်သူ ကိုရွှေဂျိုးကို သင်္ကကျွန်း မယက ရုံးက ပြန်ထွက်လာလာခြင်းပဲ
RFA က ဆက်သွယ်မေးမြန်းခွင့်ရခဲ့ပါတယ်။ ပထမဦးဆုံး အဖမ်းခံခဲ့ရပုံကို ရှင်းပြပါဦးလို့မေးတော့
ကိုရွှေဂျိုးက အခုလိုဖြေပါတယ်။
ဖြေ။ ကျနော်တို့ဧည့်စာရင်းတိုင်တယ်။ အဲ့ဒါကို မတိုင်ဘူးဆိုပြီးခေါ်သွားတာ။
ကျနော်တို့ ဒီသင်္ကကျွန်း ဂတ်ထဲပေါ့။
မေး။ သင်္ကကျွန်းဂတ်ထဲကနေ နောက်ဘယ်ကိုပြောင်းလိုက်လဲ
သိလားခင်ဗျ။
ဖြေ။ ဟုတ်ကဲ့။ ကျနော်တို့ ပုဇွန်တောင်ကိုအပြောင်းမှာ
ကျနော်တို့ လူအုပ်တွေခွဲပစ်လိုက်တာပေါ့။
မေး။ သူတို့က ရဲစခန်းထဲမှာ ကိုရွှေဂျိုးတို့ကို ဘယ်လိုများ
ဆက်ဆံသလဲခင်ဗျ။
ဖြေ။ ကျနော်တို့ကို ဒီလိုပဲပေါ့ဗျာ။ တချို့ ဒီသင်္ကကျွန်းစခန်းထဲမှာကျတော့
နည်းနည်းပါးပါးမိုက်ရိုင်းတာပေါ့။
မေး။ ဟုတ်ကဲ့ မိုက်ရိုင်းတယ်ဆိုတာ ဘယ်လိုမျိုးလဲခင်ဗျ။
ဖြေ။ ဟေ့ကောင်တွေဘာတွေနဲ့ပေါ့ဗျာ။ ကျနော်တို့ကို
မလေးမစားခေါ်တာပေါ့သိလား။
မေး။ ရုံးထုတ်တဲ့အကြောင်းလေးနည်းနည်းရှင်းပြပါဦး။
ရုံးထုတ်တဲ့အခါမှာ ဘာတွေပြောလဲ၊ ခံဝန်ချက်ထိုးခဲ့ရတာတွေရှိလား ရှင်းပြပါဦး။
ဖြေ။ အခုကျနော်တို့ကို လက်မှတ်ထိုးခိုင်းတာပေါ့။
ကျနော်တို့က ဧည့်စာရင်းမတိုင်ဘူးဆိုတော့။ ဒါပေမယ့်ကျနော်တို့က မထိုးဘူး။ ဧည့်စာရင်းတိုင်တဲ့အတွက်မထိုးဘူး။
ဒါပေမယ့် ကျနော် တို့ကို အခု ပြန်လွှတ်ပေးလိုက်တယ်။
မေး။ သဘောက ခံဝန်ချက်လက်မှတ်ထိုးခိုင်းတယ်။ အဲ့ဒီခံဝန်ချက်လက်မှတ်မှာ
ဘာတွေပါသလဲခင်ဗျ။ ဘာတွေထိုးခိုင်းတာလဲသိလား။
ဖြေ။ ဒီလက်မှတ်ထိုးခိုင်းတာပေါ့။ သူတို့ဒီမှာ ဧည့်စာရင်းလာစစ်တဲ့အချိန်မှာ
ဧည့်စာရင်းမတွေ့ပါဘူး ဆိုတဲ့အကြောင်းကို။ ဧည့်စာရင်းမတိုင်တဲ့အနေနဲ့ ကျနော်တို့ကို
လက်မှတ်ထိုးခိုင်း တယ်။ ဒါပေမယ့်ကျနော်တို့က တိုင်တယ်။ ကျနော်တို့ ဒီဥက္ကဌတွေဘာတွေ ရက်ကွက်ဥက္ကဌတွေ
ဘာတွေကလည်းသိတယ်။ သူတို့ကိုယ်တိုင် ကျနော်တို့ဒီဘုန်းကြီးကျောင်းမှာလာပြီးတော့ ချက်တယ်။ ရတယ်၊ ကျနော်တို့ကို တိုင်ပြီးပြီးတာပဲဆိုပြီး ကျနော်တို့ကိုနေခိုင်းတယ်။
ဒါပေမယ့် ညဘက်ရောက်တဲ့အခါကျတော့ ကျနော်တို့ကို ဧည့်စာရင်းစာရွက်ပြခိုင်းတယ်။ ပြခိုင်းပြီး
တော့ ကျနော်တို့ကို ဒီအချုပ်ထဲထည့်တာပဲ။
မေး။ ကိုရွှေဂျိုးတို့အခုလိုပေါ့လေ အလျှူပွဲပျက်သွားတဲ့အတွက်ကြောင့်မို့ကောဘယ်လိုများခံစားရသလဲ၊
ဘာများပြောချင်လဲ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး။
ဖြေ။ ကျနော်တို့အခု ရှိတဲ့လူတွေကပြောတယ်။ အလျှူပွဲပျက်သွားတယ်တဲ့။
ပျက်ပြီးတော့ ကျနော်တို့ကို အတင်းအဓမ္မ မောင်းထုတ်တယ်တဲ့ ကျန်တဲ့ပရိသတ်ကို။
မေး။ အလျှူပွဲနဲ့ပတ်သက်ပြီး နောက်နောင်ပေါ့လေ အခုလိုမျိုး
AIDS/HIV ရောဂါသည်တွေကို ကိုရွှေဂျိုးတို့ အလျှူ
ဖြေ။ ကျနော်တို့ကတော့ အလျှူရှိလို့ရှိရင် ဆက်ပြီးတော့ပဲလုပ်နေမှာပဲ
ဘာပဲဖြစ်ဖြစ် ဘာအလျှူပဲဖြစ်ဖြစ်။
မေး။ အခုလိုမျိုး အာဏာပိုင်တွေက ဒါဟာနိုင်ငံရေးဆန်တယ်
ဘာညာဆိုပြီး ဖမ်းတယ်ဆီးတယ် ချိန်းခြောက်တယ် ဆိုတော့။ ဒီလိုမျိုးချိန်းခြောက်တယ်ဆိုတော့
ကိုရွှေဂျိုးတို့နောက်နောင်မှာ ပိုပြီးတော့သတိထားသွားတာမျိုး
ဖြေ။ ချိန်းခြောက်တာဆီးတာတော့သူတို့အလုပ်ပါ။ ကျနော်တို့ဘက်ကတော့
လုံဝကို ဒါတွေက ခေါင်းထဲလဲမရှိဘူး။ ကျနော်တို့မိသားစုတွေကလည်း အေးအေးဆေးဆေးပါပဲ။
အဖမ်းခံရသူတွေကို
အာဏာပိုင်တွေက ရဲစခန်းတွေမှာ စစ်ကြောရေးလုပ်ပြီးတော့ ဖဲကြိုးနီဆိုတာဘာလဲ။ ဖဲကြိုးနီအဖွဲ့ရဲ့နောက်ကွယ်မှာ
ဘယ်သူတွေရှိလဲစသဖြင့် စစ်ဆေးမေးမြန်းခဲ့ တယ်လို့ သိရပါတယ်။ ရှေ့နေကြီးဦးအောင်သိမ်းကတော့
ဒါနဲ့ပတ်သက်ပြီးအခုလိုရှင်းပြပါတယ်။
ဖြေ။ သူပြောပုံဆိုရင်တော့ ဒီက ဒီဖဲကြိုးနီဆိုတဲ့ကိစ္စနဲ့ပတ်သက်တဲ့ဟာတော့
သူတို့ကိုစစ်မေးတယ်ဆိုတာတော့သိရတယ်လေ။ ဖဲကြိုးနီဆိုတဲ့ဥစ္စာမှာ AIDS/HIV အမှတ်ကလေးပုံစံကို
သူတို့စိတ်ထဲမှာ ဘယ်လိုမြင်လဲ မပြောတက်ဘူးပေါ့။ ဆိုတော့ အဲ့ဒီဖဲကြိုးနီကို အာဏာပိုင်အဖွဲ့အစည်း
အနေနဲ့သူက ပဝါနီဆိုပြီးတော့၊ ပဝါနီဆိုတာ ဘယ်သူတွေလဲ ဒီဟာကို ဘယ်သူက ဦးစည်းလိုက်တာလဲ
ဘာလဲဆိုတဲ့ အဲ့ဒီလိုပြဿနာတွေမျိုးကို သူတို့ကိုမေးမြန်းတယ်လို့သိရတယ်ပေါ့။ အခုတော့
သူတို့ရှင်းရှင်းလင်းလင်းနဲ့ ဘာမှမလုပ်ပဲ လွှတ်လိုက်ပြီဆိုတော့ ကောင်းပါ တယ်။ အာဏာပိုင်အဖွဲ့အစည်းကနေပြီးတော့
ဒါမလိုအပ်တဲ့အမှားမျိုး မလိုအပ်တဲ့ပြဿနာတွေဖြစ်ရင် အကျိုးမရှိဘူးဆိုတာသူသိလို့ ဒီလိုချွင်းချက်မထားပဲ
လွှတ်လိုက်တယ်ဆိုတဲ့ အနေ အထားရပေါ့နော်။ အခုတော့ ဒီကိစ္စဟာ အေးအေးချမ်းချမ်းနဲ့ ပြီးသွားပြီလို့ပြောလို့ရပါတယ်။
မဖြူဖြူသင်းဟာ HIV/AIDS ဝေဒနာသည်တွေကို
အဓိက အကူအညီပေးနေသူတစ်ဦးဖြစ်ပြီးတော့ ဒီဝေဒနာရှင်တွေရဲ့ အလျှူပွဲဖြစ်မြောက်ရေးကိုလည်း
အထူးအားထုတ်ကြိုး ပမ်းခဲ့ သူဖြစ်ပါတယ်။ မဂ္ဂင်ကျောင်းမှာ ညအိပ်ညနေ မနေခဲ့တဲ့အတွက် မဖြူဖြူသင်းအဖမ်းဆီးမခံခဲ့ရပေမယ့်
အဲ့ဒီ ၁၂ရက်နေ့မှာပဲ သူ့ကို အာဏာပိုင်တွေက ဖိအားပေးခဲ့ကြောင်းသူက RFA ကို အခုလို ပြောပြပါတယ်။
ဖြေ။ ၁၂ရက်နေ့ကတော့ ကျမကိုခေါ်ပြီးတော့ ခဝတ ဥက္ကဌကတော့
ကျမကို အလျှူမလုပ်ဖို့တားပါတယ်။ သူကိုယ်တိုင်ပေါ့နော်။ လုံးဝလုပ်စရာမလိုဘူး လုံးဝလုပ်ခွင့်မပေးနိုင်ဘူး
ဆိုပြီး တော့လည်း သူ့ဘက်ကပြောပြီး ကျမကို ပြောပြီးပြန်လွှတ်လိုက်တာပေါ့နော်။ ကျမကလည်းရှင်းပြတယ်ပေါ့လေ။
ကျမတို့လုပ်တဲ့ ရည်ရွယ်ချက်ကဘာ ကျမတို့လုပ်တာကတော့ အဓိက ကတော့ လူနာတွေအတွက် ဦးဆောင်ပြီးလုပ်ပေးချင်တာဖြစ်တယ်။
နောက်တစ်ခုက လမ်းခုလက်မှာ ကွယ်လွန် ဟိုနင်းဖြစ်ကြတဲ့သူတွေဆိုတာကလည်း ဝေဒနာရှင်တွေကို
ရည်ညွှန်းပါ တယ်။ ဖဲကြိုးနီ ဆိုတာကလည်း ဒီ HIV/AIDS ကိုရည်ညွှန်းပါတယ်ဆိုပြီး ကျမရှင်းပြပေမယ့်လည်း၊
သူတို့လုံးဝလက်မခံဘူးပေါ့နော်။ သူကလုံးဝလက်မခံပဲနဲ့ လုပ်ခွင့်မပေးဘူးဆိုပြီးတော့ အဲ့လိုပဲ
အတင်းပဲ ပြောပါတယ်။
မေး။ အခုလိုမျိုးပေါ့နော် အာဏာပိုင်တွေကနေပြီးတော့
ဖမ်းတယ်၊ ဆီးတယ် ချိန်းခြောက်တာတွေ လုပ်တဲ့အခါကျတော့ နောက်နောင်မှာပေါ့လေ မဖြူဖြူသင်းတို့အနေနဲ့
ဒီလိုဝေဒနာ ရှင်တွေကို ကူညီဖို့အတွက် လှုပ်ရှားမှုတွေလုပ်တဲ့အခါမှာ အကန့်အသတ်တွေ အဟန့်အတားတွေဖြစ်လာနိုင်လား
ဘယ်လိုဖြစ်လာမယ်ထင်ပါသလဲခင်ဗျ။
ဖြေ။ အဲ့ဒါကတော့ အကန့်အသတ်အဟန့်အတား ဘယ်လိုပဲဖြစ်ဖြစ်ကျမတို့က
ဆက်လုပ်သွားမှာပါ။ နောက်တစ်ခုကတော့ ဒီလိုအကန့်အသတ်လုပ်တယ်ဆိုတာ ကျမတို့အတွကို ဘာမှ
မထိခိုက်ပါဘူး။ ဘူနာတွေအတွက် ကျမတော်တော်ကြီးစိတ်မကောင်းဖြစ်ရပါတယ်။ လူနာတွေဆိုတာက
တကယ်ဆိုလို့ရှိရင် ဥပမာ- နိုင်ငံရေး ပါတာလဲမရှိဘူး၊ သူတို့ပါသူတို့ ဝေဒနာခံစား နေပြီး
သူတို့လွတ်လွတ်လပ်လပ်လုပ်ချင်တာကို လုပ်ခွင့်မပေးတာကိုပဲ ကျမတော်တော်စိတ်မကောင်းဖြစ်တာပါ။
မေး။ ဟုတ်ကဲ့ မဖြူဖြူသင်းတို့ဟာ NLD နဲ့ပတ်သက်တဲ့အတွက်ကြောင့်မို့လို့
အခုလိုမျိုးအာဏာပိုင်တွေက ဝေဒနာရှင်တွေ ကိစ္စမှာနိုင်ငံရေးအရ ဝင်ပြီးရှုပ်တယ်လို့ထင်လို့
အရေးယူတာ ကော မဖြစ်နိုင်ဘူးလားခင်ဗျ။
ဖြေ။ ကျမတို့ မြန်မာနိုင်ငံမှာတော့လေ အခုအခြေအနေအရ
HIV ကိစ္စပဲဖြစ်ဖြစ် ဘာကိစ္စပဲဖြစ်ဖြစ် ဘာမှလုပ်ခွင့်မရှိတာပါ။ ကျမက NLD မှ ဘာမှ မို့လို့
သူတို့တွေအနေနဲ့ ပိတ်ပင်တား မြစ်တာ မဟုတ်ပါဘူး။ သူတို့တွေအနေနဲ့ ဘာလုပ်လုပ် လုပ်ခွင့်မပေးပါဘူး။
ဒါကတော့ HIV/AIDS ဝေဒနာသည်တွေကို အဓိက
ကူညီဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်တဲ့ မဖြူဖြူသင်းပြောဆိုသွားတာဖြစ်ပါတယ်ခင်ဗျာ။
http://www.rfa.org/burmese/news/arrested_HIV_volunteers_released-20060814.html?searchterm=None




