3
Dec

အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ပျံ့နှံ့မှုမှာ စိုးရိမ်ဖွယ် အနေအထားတွင် ရှိနေ

မြန်မာနိုင်ငံရှိ အသက် ၂၅ နှစ်အောက် ဆယ်ကျော်သက် လူငယ်များအကြား အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ပျံ့နှံ့မှု မြင့်တက်လျက်ရှိပြီး စိုးရိမ်ဖွယ် အနေအထားတွင် ရှိနေကြောင်း WHO၊ UNAIDS နှင့် UNICEF တို့ ပူးပေါင်း စစ်တမ်း ကောက်ယူထားပြီး သတင်းထုတ်ပြန်ချက် တစ်ရပ်ကို နိုဝင်ဘာ ၂၉ ရက်က ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံရှိ အိပ်ခ်ျအိုင်ဗွီရောဂါပိုး ကူးစက်ခံရသော အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခြေအနေမှာ ကောင်းမွန်နေသော်လည်း ဆယ်ကျော်သက် လူငယ်များမှာ အိပ်ခ်ျအိုင်ဗွီအေ့ဒ်(စ်) ရောဂါကူးစက်မှု အန္တရာယ် ဆိုးရွားစွာ ကြုံတွေ့နေရကြောင်း ဖော်ပြထားသည်။

လက်ရှိ ရန်ကုန်မြို့တွင် ကူးစက်မှုမြင့်မားသည့် အသက် ၂၅ နှစ်အောက် လူငယ်များအကြား အိပ်ခ်ျအိုင်ဗွီရောဂါ ဖြစ်ပွားနှုန်း မြင့်တက်နေပြီး မူးယစ်ဆေးထိုးမှုကြောင့် ကူးစက်မှု ၁၃ ဒသမ ၃ ရာခိုင်နှုန်း၊ လိင် လုပ်သားများ အတွင်း ကူးစက်မှု ၅ ဒသမ၉ ရာခိုင်နှုန်းနှင့် အမျိုးသား အချင်းချင်း လိင်တူဆက်ဆံမှုကြောင့် ကူးစက်မှု ၄ ဒသမ ၅ ရာခိုင်နှုန်း အသီးသီးရှိကြောင်း သိရသည်။

အသက် ၂၅ နှစ်အောက် အိပ်ခ်ျအိုင်ဗွီ ရောဂါဖြစ်ပွားမှု အန္တရာယ်များသည့် အသိုင်းအ၀ိုင်းအတွင်း ကွန်ဒုံးသုံးစွဲမှုမှာ မြင့်မားလာသော်လည်း လူဦးရေ အချိုးအစား အနည်းငယ်သာ အိပ်ခ်ျအိုင်ဗွီ ရောဂါပိုး စစ်ဆေးမှု ခံယူခဲ့ကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲသူ သုံးဦးလျှင် တစ်ဦးနှုန်း၊ လိင်လုပ်သား သုံးဦးတွင် နှစ်ဦးနှုန်း၊ အမျိုးသား အချင်းချင်း လိင်တူဆက်ဆံ သူများတွင် ထက်ဝက်နှုန်းခန့် ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

''မြန်မာအစိုးရဟာ အိပ်ခ်ျအိုင်ဗွီရောဂါပိုး စမ်းသပ်စစ်ဆေးမှု အတွက် ၀န်ဆောင်မှုတွေ တိုးမြှင့်ရမှာ ဖြစ်တယ်။ ရောဂါပိုး အဓိက ကူးစက်နေတဲ့ လူ့အဖွဲ့အစည်းတွင်းမှာ ဆယ်ကျော်သက် လူငယ်များကို အထူး ဦးစားပေးထားတဲ့ ၀န်ဆောင်မှုတွေ လက်လှမ်းမီရရှိရာမှာ ဖြစ်ပေါ်နေတဲ့ အတားအဆီးတွေကို အစိုးရပိုင်းက လျှော့ချပေးရမှာပါ'' ဟု ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (မြန်မာ)မှ ဌာနေကိုယ်စားလှယ် မစ္စတာဘက်ထရန် ဗိန်းဘဲ(လ်)က ဆိုသည်။

ယင်းထုတ်ပြန်ချက်တွင် ကမ္ဘာတစ်ဝန်း အသက် ၁၀ နှစ်မှ ၁၉ နှစ်အရွယ် ဆယ်ကျော်သက် လူငယ်များအကြား အေ့ဒ်(စ်)ရောဂါ ဖြစ်ပွားမှုကြောင့် သေဆုံးမှုနှုန်းမှာ ၂၀၀၅ ခုနှစ်တွင် လူဦးရေ ၇၁၀၀၀ မှ ၂၀၁၂ ခုနှစ်တွင် ၁၁၀၀၀၀ အထိ (ရာခိုင်နှုန်းအားဖြင့် ၅၀ ရာခိုင်နှုန်း) မြင့်တက်ခဲ့ကြောင်းနှင့် ၂၀၁၂ ခုနှစ်တွင် အိပ်ခ်ျအိုင်ဗွီ ရောဂါပိုး ကူးစက်ခံရသည့် ဆယ်ကျော်သက် လူငယ် ၂ ဒသမ ၁ သန်းခန့် ရှိကြောင်း ခန့်မှန်းထားသည်။

Eleven Media Group - အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ပျံ့နှံ့မှုမှာ စိုးရိမ်ဖွယ် အနေအထားတွင်ရှိနေ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top