အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရပြီးနောက် ခုခံ အားကျဆင်းမှု ကူးစက်ရောဂါ ဖြစ်ပွား သည့် အဆင့်မရောက်စေရန် သောက်ရ သည့် အေအာရ်တီဆေးကို ၂၀၁၅ အကုန်ထိ ဝေဒနာရှင် ၄၇,၀၀၀ အတွက် သာ စီစဉ်ပေးထားနိုင်၍ ဆေးဝါးပြတ်လပ် နိုင်ကြောင်း အိပ်ခ်ျအိုင်ဗွီနှင့် အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်း ဆိုင်ရာ ပြည်တွင်းပြည်ပအဖွဲ့အစည်း များထံမှ သိရသည်။
"အများဆုံး ကူညီထောက်ပံ့ပေးနေတဲ့ ကမ္ဘာ့ရန်ပုံ ငွေအဖွဲ့ကလည်း နှစ်အတော် ကြာ နောက်ဆုတ်သွားတဲ့အတွက် ၂၀၁၅ ခုနှစ် ကုန်ရင် အေအာရ်တီဆေး ပြတ်လပ် နိုင်ပါတယ်။ ဆေးမရလို့ ဒီလူတွေ ဆေးခန်း မလာရင် ရောဂါပိုးကို ဘယ်လို ထိန်းချုပ်နိုင်တော့ မှာလဲ။ ဒါဆိုရင် ရောဂါကူးစက်နှုန်းကလည်း သုံးလေး နှစ် အတွင်း ပြန်မြင့်တက်လာနိုင်တယ်" ဟု ရတနာ့မေတ္တာ အဖွဲ့မှဥက္ကဋ္ဌ ဦးမြင့်ဆွေက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဝေဒနာသည် ၂၄၀,၀၀၀ ရှိပြီး ယခုနှစ်တွင် သွေးဖြူဥ CD ၄,၃၅၀ အဆင့်တွင် စတင် ဆေးတိုက် ရမည်ဟူသော နိုင်ငံတကာစံနှုန်းသစ် ကြောင့် ဆေးဝါးလိုအပ်နေသူ ၇၀,၀၀၀ မှ ၁၂၀,၀၀၀ ဦးအထိ တိုးမြင့်လာခဲ့သည်။
မြန်မာနိုင်ငံခုခံအားကျဆင်းမှုကူးစက် ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာ စီမံကိန်း၏ တွက်ချက်မှုအရ ဆေးသောက် ရန် လိုအပ်နေသူ ၇၀,၀၀၀ အနက်မှ တစ်ဝက်ကိုသာ ဆေးတိုက်နိုင်သည် ဟု ခန့်မှန်း ထားသောကြောင့် လက်ရှိ အခြေအနေအရ လိုအပ်သည့်လူဦးရေ ၏ သုံးချိုးတစ်ချိုးကိုသာ ဆေးတိုက်နိုင် သေးခြင်းဖြစ်ကြောင်း မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက်မှု အပြည်ပြည် ဆိုင်ရာလူမှုရေး အဖွဲ့မှ မြန်မာနိုင်ငံ ဆိုင်ရာညွှန်ကြားရေးမှူး ဒေါက်တာ စစ်နိုင်က သုံးသပ်ပြောကြားသည်။
လက်ရှိဆေးလိုအပ်နေသူများသည် ဆေးရရန် နှစ်ရှည် စောင့်ဆိုင်းနေရ ကြောင်း၊ ဝေဒနာရှင်တချို့သည် သွေးစစ် ရန် နှောင့်နှေး လျက်ရှိကြောင်းနှင့် မည်သည့်နေရာတွင် ဆေးရရှိနိုင်မည်ကို မသိရှိကြ ကြောင်း National Drug User Network Myanmar အသင်း၏ ဥက္ကဋ္ဌ ကိုကျော်သူက ပြောသည်။
"ကျွန်တော်က နယ်စည်းမခြား ဆရာဝန်များအသင်းက ဖွင့်ထားတဲ့ သဇင်ဆေးခန်းမှာ ၂၀၀၃ ခုနှစ်ကစပြီး ပြတယ်။ ဒါပေမယ့် ၂၀၀၇ ခုနှစ်ကျမှ ဆေးသောက်ရပါတယ်။ ဆေးစသောက် တဲ့အချိန်မှာ ကျွန်တော့ ရဲ့ သွေးဖြူဥက CD ၄ ဆဲလ် ၉၆ ပဲရှိတယ်။ တီဘီရောဂါလည်း ၀င်နေပြီ။ ဒါတောင်ကျွန်တော့ ညီဆုံးသွားလို့ သူတို့က ချက်ချင်းခေါ်ပြီး ဆေးတိုက်တာပါ" ဟု ၎င်း၏ အခက်အခဲ နှင့် အတွေ့အကြုံကိုရှင်းပြသည်။
လက်ရှိတွင် ရောဂါကုသစောင့် ရှောက်ရေး လုပ်ငန်းများကို နိုင်ငံတကာ အကူအညီအထောက်အပံ့ဖြင့် အဓိက ဆောင်ရွက်နေကြရပြီး ပြည်တွင်းရှိ အလှူရှင်များမှာ ရောဂါနှင့် ပတ်သက် ၍လေ့လာမှုနှင့် လက်ခံပေးနိုင် စွမ်းအား နည်းနေသေးသောကြောင့် ကူညီပေးမှု မှာ နည်းနေသေးကြောင်း ဒေါက်တာ စစ်နိုင်က ပြောသည်။
ရွှေရည်စောမြင့်
အတွဲ ၂၈ ၊ အမှတ် ၅၅၈ ( ၂၄ ၊ ၂ - ၁ ၊ ၃၊ ၂၀၁၂)
မြန်မာတိုင်းမ် - အိပ်ခ်ျအိုင်ဗွီ ကူးစက်နှုန်း ပြန်မြင့်လာနိုင်
29
Feb




