အိပ်ခ်ျအိုင်ဗွီ
ကူးစက်ခံရသူများအရေး ဆောင်ရွက်နေကြသည့် ရန်ကုန်မြို့အခြေစိုက် အန်ဂျီအိုများသည် တဖွဲ့နှင့်တဖွဲ့
ပွင့်လင်းရိုးသားစွာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကြပြီး ARV ဆေးများ ပိုမိုဖြန့်ဖြူးနိုင်စေရန်
ဆောင်ရွက်သင့်ကြောင်း အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ဝေဒနာရှင်များကို ကူညီစောင့်ရှောက်နေသူ
မဖြူဖြူသင်းက ပြောသည်။
“3D
Fund အနေနဲ့ အန်ဂျီအိုတွေကို ပံ့ပိုးနေတာ ဘယ်လောက်ကြာပြီလဲ မသိပါဘူး။ ဒါပေမယ့် AZG
သဇင်ဆေးခန်းတွေကို ARV ချပေးတာ (၂) လလောက်ပဲ ရှိပါသေးတယ်။ ဒါကလည်း အကန့်အသတ်နဲ့မို့
လူနာတွေအတွက် ထိရောက်မှု အားနည်းနေပါသေးတယ်” ဟု ၎င်းက ပြောသည်။
ဗြိတိန်၊
သြစတြေးလျ ဦးဆောင် အန်ဂျီအိုတခုဖြစ်သည့် 3D Fund သည် မြန်မာပြည်အခြေစိုက် အန်ဂျီအိုများ၊
AZG ကဲ့သို့ သာကေတ (သဇင်)၊ လှိုင်သာယာ (သဇင်)၊ အင်းစိန် (သဇင်) ဆေးခန်းများသို့ ယခုလပိုင်းများအတွင်း
ARV ဆေးဝါးများ ထောက်ပံ့လျက်ရှိသည်။
လက်ရှိအခြေအနေတွင်
သာကေတ (သဇင်) ဆေးခန်းရှေ့၌ ARV ဆေးဝါးရရှိရေးအတွက် ကြိုတင်စာရင်းပေးသွင်းရန် စောင့်ဆိုင်းနေသော
ဝေဒနာရှင်တို့မှာ နံနက် (၅) နာရီခန့်ကတည်းက ရောက်ရှိနေကြကာ နံနက် (၈) နာရီ ဆေးခန်းဖွင့်သည်နှင့်
စုပြုံတိုးဝှေ့ပြီး ARV စာရင်းဝင်ရန် နေ့စဉ် ကြိုးစားနေရသည်ဟု အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များက
ပြောသည်။
လာရောက်တန်းစီနေကြသော
ဝေဒနာရှင်အများစုမှာ ရန်ကုန်မြို့ရှိ ရတနာ့မေတ္တာ၊ ပဲခူးမြို့ရှိ မာရီစတုတ် အင်တာနေရှင်နယ်၊
ဖျာပုံမြို့ရှိ SEG ကဲ့သို့ အန်ဂျီအိုများနှင့် ဆေးဝါးရယူရာတွင် အဆင်မပြေ၍ ယခုကဲ့သို့
ရောက်ရှိလာကြသူများဖြစ်သည်။
“အေအိုင်ဒီအက်စ်လူနာ
ဘယ်လောက်များများ တနေ့မှ (၁၀) ယောက်ပဲ စာရင်းသွင်းနိုင်တယ်။ တခါတရံ ဆရာဝန်နည်းတဲ့ ရက်ဆို
(၅) ယောက် (၆) ယောက်ပဲ စာရင်းဝင်တယ်” ဟု တာဝန်ကျ သူနာပြုတဦးက ပြောသည်။ ARV စာရင်းဝင်ပါက
ဆေးစမ်းပြီး တလအတွင်း ARV ဆေး ရာသက်ပန်ရရှိမည်ဖြစ်သည်။
အင်းစိန်
(သဇင်) ဆေးခန်း၌ ဒီဇင်ဘာလကုန်အထိ လူနာစာရင်းပြည့်နေပြီး လှိုင်သာယာ (သဇင်) နှင့် သာကေတ
(သဇင်) ဆေးခန်းတို့၌ ဆေးဝါးကိုယ်တာ အနည်းငယ် ကျန်ရှိနေသေးသည်ဟု သိရသည်။
အဆိုပါ
အခြေအနေကြောင့် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာရှင်တို့သည် အစိုးရအသိအမှတ်ပြု
သဇင်ဆေးခန်းများ၌ ARV ရရှိနိုး၊ အန်ဂျီအိုများထံမှ ARV ရရှိနိုး စမ်းတ၀ါးဝါးဖြင့် အခက်အခဲမျိုးစုံကို
ရင်ဆိုင်နေရသည်။
“အန်ဂျီအို
အတော်များများဟာ လူနာတွေကို အတင်းကာရော Collect သာ လုပ်နေကြတယ်။ ARV ဆေးကို အလျဉ်မီအောင်
ပေးနိုင်တာ မဟုတ်ဘူး။ သူတို့ကိုယ်တိုင် အလုံးစုံ အထောက်အပံ့ မပေးနိုင်ဘဲ လူနာတွေကို
ဘယ်ကို မသွားရ၊ ဘယ်သူနဲ့ မဆက်သွယ်ရနဲ့ ချုပ်ကိုင်ထားကြတယ်။ ဒီတော့ ARV နဲ့ သက်တမ်းထိန်းနေရတဲ့
လူနာတွေဟာ စိတ်ဓာတ် တစစပျက်ယွင်းလာပြီး တဖြုတ်ဖြုတ်သေနေတယ်” ဟု မဖြူဖြူသင်းက ပြောသည်။
ရန်ကုန်မြို့၌
အိပ်ခ်ျအိုင်ဗွီ ဝေဘာဂီ ကူးစက်ဆေးရုံ၊ မင်္ဂလာဒုံ ကူးစက်ဆေးရုံတို့ရှိပြီး တနေ့လျှင်
ပျမ်းမျှ လူနာ (၅၀) ခန့် သေဆုံးလျက်ရှိကြောင်း၊ ဆေးရုံဆေးခန်းမရောက်ဘဲ လူမသိ သူမသိ
အသေခံနေသူတို့နှင့်ဆိုလျှင် တနိုင်ငံလုံး အတိုင်းအတာအရ နေ့စဉ် လူနာ ထောင်ချီ သေဆုံးဖွယ်ရှိသည်ဟု
ပြည်တွင်းမှ အထူးကုဆရာဝန်ကြီးတဦးက သုံးသပ်သည်။
ခေတ်ပြိုင် -
အိပ်ခ်ျအိုင်ဗွီ
ဝေဒနာရှင်များအတွက် ARV လိုအပ်ဆဲ




