1
Apr

အိပ်ခ်ျအိုင်ဗီ တိုက်ဖျက်ရေးအတွက် လူငယ်လေး များအား ဦးတည်အုပ်စုအဖြစ် ဆောင်ရွက်လာ



လူငယ်အများစုမှ
အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ပွားနှုန်း မြင့်မားလာသောကြောင့် လူငယ်အများစုအား
အဓိကထားကာ အသိပညာ ပေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်နေရကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ
အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် စီမံချက်အရာရှိ ဒေါက်တာဌေးဝင်းက ပြောသည်။

ယခင်က
ကူးစက်လွယ်သည့်အုပ်စုဖြစ်သော အဝေးပြေးယာဉ်လုပ်သားများအား ဦးတည်အုပ်စုအဖြစ် အဓိကထား
ပညာပေးဆောင်ရွက်ခဲ့ရာ အောင်မြင်မှုရရှိခဲ့ပြီး ယခုအခါ အမြင့်မားဆုံးမှာ လူငယ်များဖြစ်သောကြောင့်
၎င်းအုပ်စုကို လွန်ခဲ့သည့်နှစ်ကုန်ပိုင်းမှ စတင်ခါ ဦးတည်အုပ်စုအဖြစ် ဆောင်ရွက်ခဲ့ကြောင်း
၎င်းကဆိုသည်။

"လူငယ်ထုကို
အဓိကဦးတည်တယ်။ အခုခေတ်မှာ တော်တော်များများ လူငယ်တွေက ကာရာအိုကေတွေကို သွားကြတယ်။ အသောက်အစားတွေ
ပါလာတယ်။ သောက်ပြီးရင် မူးလာတော့ အပျော်ရှာကြတယ်။ မြန်မာနိုင်ငံ ကြက်ခြေနီအနေနဲ့ အသက်
၁၅-၂၄ နှစ်ကို လူငယ်အုပ်စုလို့ သတ်မှတ်ပြီး အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်ကူးစက်ပုံကို
ပြောပြတယ်။ ရှောင်နိုင်ရင်ရှောင် မရှောင်နိုင်ရင်ဆောင်ဆိုပြီး နည်းတွေပြသတယ်။ ကွန်ဒုံးတွေကိုဝေပေးတယ်"
ဟု ဒေါက်တာဌေးဝင်း ကပြောသည်။

ဒုတိယအုပ်စုအဖြစ်
အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ရောဂါကူးစက်မှုနှင့် နှီးနွှယ်သည့် ခန္ဓာကိုယ်နှင့်ရင်း၍
ဝင်ငွေရှာသော အမျိုးသမီး အုပ်စုများအား ပညာပေးဆောင်ရွက်သွားမည်ဖြစ်ပြီး တတိယအုပ်စုမှာ
လိင်တူဆက်ဆံသည့် အုပ်စုဖြစ်ကြောင်း ၎င်းကပြောသည်။

"ဘယ်နိုင်ငံ
ဘယ်လူမျိုးမဆို အပျော်အပါးတော့ ရှိကြတယ် ရှာကြတယ်။ ရှာတဲ့အခါမှာ မိန်းမတွေ ရှိနေဖို့လိုတယ်။
လူငယ်မှမဟုတ်ဘူး။ ကူးစက်လွယ်တဲ့ အမူအကျင့်ရှိတဲ့သူတိုင်း ကူးစက်ပါတယ်။ လူငယ်အများစုကတော့
လက်တည့်စမ်းချင်တယ်။ အမြင်သစ်၊ အတွေးသစ်ကို ရှာချင်တယ်။ အပျော်ရှာတဲ့အခါမှာလည်း ခန္ဓာကိုယ်နဲ့ရင်းပြီး
ဝင်ငွေရှာတဲ့ အမျိုးသမီးတွေဆီကို သွားမယ်။ ၎င်းတို့ကလည်း ဖြစ်နိုင်ခြေများတဲ့အုပ်စုထဲမှာ
ပါတယ်"ဟု ဒေါက်တာ ဌေးဝင်းက ပြောသည်။

အဆိုပါ
ပြည့်တန်ဆာများအား စည်းရုံးသည့်အခါ ၎င်းတို့အားချုပ်ကိုင်သည့်သူကို ကြိုတင်အသိပေး စည်းရုံးပြီး
၎င်းမှတစ်ဆင့် ပြည်တန်ဆာများအား အသိပညာပေးစည်းရုံးရကြောင်း ၎င်းကပြောသည်။

"ပြည့်တန်ဆာတွေကိုစည်းရုံးပြီး
အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်ရောဂါက ကြောက်စရာကောင်းတဲ့ ရောဂါအဖြစ်ပြောပြတယ်။ မဖြစ်မနေ
ကွန်ဒုံးသုံးစွဲဖို့ ပြောခိုင်းတယ်။ ပိုက်ဆံပိုပေးလည်း ကွန်ဒုံးသုံးအောင် စည်းရုံးခိုင်းတယ်"ဟု
၎င်းက ပြောသည်။

ယခင်က
ပညာပေးအဖွဲ့အစည်း ၀န်ထမ်းများအနေဖြင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရာနှုန်းပြည့်
ထိရောက်မှုမရှိခဲ့ခြင်းကြောင့် အုပ်စုတူ၊ အသက်အရွယ်တူ၊ အကျင့် စရိုက်တူ၊ လုပ်ငန်းတူ၊
လိင်တူများအား အချင်းချင်း ပညာပေးခြင်းများက ပိုမို ထိရောက်မှုရှိကြောင်း ၎င်းက ဆိုသည်။

ပြည့်တန်ဆာများ၊
ယောက်ျားချင်း လိင်တူဆက်ဆံမှုများ၊ အဝေးပြေးယာဉ် လုပ်သားများအား အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်
ရောဂါကူးစက်မှု လျော့ကျရေးအတွက် အဓိကထားလုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

"ကျန်းမာရေး
ပညာပေးဆောင်ရွက်တာ တီဗီ၊ ဗီဒီယိုတွေထဲမှာ အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်တဲ့
ဗဟုသုတတွေ ကြွယ်ဝလာအောင် လုပ်ပေးပါတယ်။ သွေးသွင်းကုသတဲ့ နေရာတိုင်းမှာ အိပ်ခ်ျအိုင်ဗီ၊
အေအိုင်ဒီအက်စ် ကူးစက်မှု အတတ်နိုင်ဆုံး လျော့နည်း စေဖို့အတွက်ပါပဲ"ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင်
၂၀၀၀ ပြည့်နှစ်တွင် အိပ်ခ်ျအိုင်ဗီဖြစ်ပွားမှု ၁ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ရာမှာ ၂၀၀၅
ခုနှစ်တွင် ၁ ဒသမ ၃ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် သုည ဒသမ ၆၇ ရာခိုင်နှုန်း
ထပ်မံလျော့ကျခဲ့သည်။

ကမ္ဘာ့ပေါ်တွင်
အိပ်ခ်ျအိုင်ဗီကူးစက် ခံထားရသူ ၆၄ သန်းမျှရှိနေပြီဖြစ်ပြီး ၁၅ နှစ်မှ ၂၄ နှစ်အတွင်း
လူငယ်များတွင် အများဆုံး ဖြစ်သည်။

မြန်မာတိုင်းမ်
- အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၉)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top