13
Aug

အိပ်ခ်ျအိုင်ဗီ ပိုးရှိသူများ ဆေးမြီးတို မသုံးရန် ထပ်မံသတိပေး

HIV ပိုးကူးစက်ခံရသူများသည် ဆရာဝန်ညွှန်ကြားထားသော ဆေးဝါးများကိုသာ မှီဝဲသင့်ပြီး စနစ်တကျ သုတေသန ပြုထားခြင်း မရှိသော ဆေးဖက်ဝင် အပင်များ၊ ဆေးမြီးတိုများကို မသုံးစွဲသင့်ဟု အိပ်ခ်ျအိုင်ဗီ-အေ့ဒ်စ်ရောဂါ သီးသန့်ကုသပေးနေသော မင်္ဂလာဒုံ အထူးကု ဆေးရုံ၊ အထူးကုဆရာဝန် ဒေါက်တာ ဦးအောင်စန်းက သတိပေးလိုက်သည်။

အထူးသဖြင့် ART ဆေးနှင့် ဆေးမြီးတို တွဲဖက်သုံးစွဲမှုများ လုံးဝမလုပ်သင့်ဟုလည်း တိုက်တွန်းသည်။ “ဆေးပညာအမြင်ကနေ ကြည့်ရင် အန္တရာယ်များတယ်။ မလိုအပ်တဲ့ အစိတ်အပိုင်းတွေကို သွားပြီး ဆေးက အကျိုးသက်ရောက်နေရင် လူနာအတွက် မကောင်းဘူး။ အခုထက်ထိ ကမ္ဘာမှာ  HIV လူနာတွေရဲ့ အသက်ကို ဆွဲဆန့်နိုင်တဲ့ ဆေးဆိုလို့ ART ဆေးပဲရှိပါတယ်။  HIV ပိုးပျောက်နိုင်တဲ့ တိုင်းရင်းဆေး၊ ဆေးမြီးတို လုံးဝ မရှိပါဘူး” ဟုလည်း ပြောသည်။

မြန်မာနိုင်ငံ အိပ်ခ်ျအိုင်ဗီဖြင့် နေထိုင်သူများအသင်း ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်ကလည်း ရိုးရာဆေးဝါးများ သည် တိတိကျကျ စမ်းသပ်စစ်ဆေးထားခြင်း မရှိသောကြောင့် ART သောက်သုံးနေသောHIV ပိုး ကူးစက် ခံရသူများ မသုံးသင့်ဟုလည်း ပြောသည်။

“အပြင်က ဆေးဘက်ဝင်အပင်တွေနဲ့ HIV ပိုး ပျောက်သွားတဲ့သူတစ်ယောက်မှ မရှိသလို ကောင်းသွား တယ်ဆိုတဲ့ သက်သေပြစရာလည်း မရှိပါဘူး” ဟု ပြောသည်။

ယခင်ကဘီးစပ်ရွက်ကို သောက်ပါကပျောက်သည်ဟု ပြောစကားထွက်ပေါ်ခဲ့သဖြင့် ရောဂါပိုးရှိသူများ သောက်ခဲ့ကြရာ နောက်ပိုင်းတွင် ၀မ်းသွားသည့်ဝေဒနာ သိသိသာသာဖြစ်လာသည်ကို တွေ့ရှိရသည်ဟု ဦးမျိုးသန့်အောင်က ပြောသည်။

HIV ရှိသူများအား ကူညီထောက်ပံ့ပေးနေသည့် ရတနာမေတ္တာဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြင့်ဆွေ က HIV ပိုးရှိသူများသည် ဆေးမြီးတိုများမှီဝဲ၍ အကျိုးတစ်စုံတစ်ရာ ထင်ထင်ရှားရှား မတွေ့ရသောကြောင့် ART ဆေးကိုသာ အချိန်မှန်စွာ သောက်သုံးခြင်းက ပို၍အကျိုးရှိမည်ဟု မဇ္ဈိမကို ပြောသည်။

Mizzima - အိပ်ခ်ျအိုင်ဗီ ပိုးရှိသူများ ဆေးမြီးတို မသုံးရန် ထပ်မံသတိပေး

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top