17
Jul

အိပ်ခ်ျအိုင်ဗွီလိုပဲ ဘီပိုးကိုလည်း မျက်ခြည်မပြတ်သင့်ပါ

Family Health   7/18/2007

 

ဘီ၊ စီ ရောဂါတွေဖြစ်ပါတယ်။ အသည်းရောင် အသားဝါရောဂါဟာ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ရတာပါ။ ကင်ဆာရောဂါတွေထဲက အသည်းကင်ဆာ ရောဂါနဲ့ သေဆုံးရသူဦးရေဟာလည်း မြင့်မားနေဆဲ ဖြစ်ပါတယ်။ အသည်းကင်ဆာ ရောဂါဟာ အရှေ့တောင်အာရှ ဒေသမှ အဖြစ်အများဆုံးလည်း ဖြစ်တယ်လို့ သိရပါတယ်။ အသည်းကင်ဆာ ရောဂါဝေဒနာရှင် ၁၀၀မှာ ၈၀ဦးဟာ အသည်းရောင် အသားဝါ ဘီ ကြောင့်ဖြစ်ရတာ လို့လည်းသိရပါတယ်။ အသည်းရောင်အသားဝါ ဘီဗိုင်းရပ်စ်ပိုးဟာ ဒီအင်န်အေ (DNA) ဗိုင်းရပ်စ်ပိုးဖြစ်ပါတယ်။ အုပ်စုအမည်ကတော့ Hepandna လို့ ခေါ်တယ်လို့ သိရပါတယ်။ ရောဂါပိုးရဲ့ရောဂါပျိုးချိန်ဟာ လေးပတ်ကနေ၂၀ ပတ်ခန့်ဖြစ်ပါတယ်။

 

ဘီပိုးကူးစက်စေနိုင်တဲ့ အနေအထားက လိင်ဆက်ဆံမှုမှ ကူးစက်နိုင်တယ်၊ တံတွေးကနေ ကူးစက်နိုင်တယ်။ မိခင်မှ ကလေးသို့ ကူးစက် နိုင်ပါတယ်။ နာတာရှည် လူနာအဖြစ် ရောက်သွားနိုင်တာက ၅ရာခိုင်နှုန်းမှ ၁၀ရာခိုင်နှုန်းရှိပါတယ်။တူမတစ်ယောက်သဖွယ် ရင်းနှီးတဲ့ သူလေးက မေးလာပါတယ်။ အသည်းရောင် အသားဝါဘီပိုးရှိတဲ့ လူတစ်ယောက်ဟာ သွေးမလှူရဘူး၊ သွေးအလှူမခံဘူးလို့ သူကြားဖူးတယ်တဲ့။အသည်းရောင် အသားဝါဘီဟာ လူတိုင်းမှာဖြစ်နိုင်တယ်၊အဲဒီပိုးက အိပ်ခ်ျအိုင်ဗွီပိုးလိုပဲ ကူးစက်ပုံသဘာဝချင်း တူတယ်ဆိုတာ ဟုတ်ပါသလားလို့ ဆိုပါတယ်။ ဒါကြောင့် အထက်ကဖော်ပြသလို အသည်းရောင် အသားဝါဘီရောဂါ အကြောင်း အကြမ်းဖျင်းလေးကို ပဏာမတင်ပြလိုက်တာပါ။ အသည်းရောင်အသားဝါ ဘီပိုးရှိသူဟာ သွေးမလှူရဘူး ဆိုတာထက် အသည်းရောင် အသားဝါရောဂါ၊ ဘာပဲဖြစ်ဖြစ် ဖြစ်ဖူးသူဟာ တစ်နှစ်အတွင်း သွေးမလှူရပါဘူး၊ သွေးလှူမသင့်ပါဘူးလို့ ကျန်းမာရေးဌာနက ညွှန်ကြားထားပါတယ်။ ပြီးတော့အသည်းရောင်အသားဝါဘီကို မကူးစက်အောင် ကာကွယ်ဖို့ဆေးရှိပါတယ်။ အသည်းရောင် အသားဝါ ဘီပိုးရောဂါဟာ အဓိကရောဂါပိုး ရှိသူနဲ့ လိင်ဆက်ဆံရာကနေ ကူးစက်နိုင်ပါတယ်။ အတိအကျပြောရရင် ရောဂါပိုးရှိသူရဲ့သွေး၊တံတွေး မျက်ရည်နဲ့ ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ဘီပိုးဝင်ပြီးဆိုတာ နဲ့အသားဝါခြင်း၊မျက်စိဝါခြင်း၊ အသည်းက ကောင်းကောင်း အလုပ် မလုပ်နိုင်တော့ခြင်း စတဲ့ လက္ခဏာ တွေ ပြလာပါတယ်။

 

ရောဂါပိုး ရှိသူတိုင်းကနေတဆင့် အခြားသူတွေကို ကူးစက်နိုင်ပါတယ်။ တချို့ဝေဒနာသည် တွေဟာဖော်ပြပါရောဂါ လက္ခဏာတွေ မပြပေမယ့်လည်း ရောဂါပိုးသယ်ဆောင်ဖြန့်ဖြူးနေသူ ဖြစ်နေနိုင်ပါတယ်။ တခါတရံ မိမိကိုယ်တိုင် ဘီပိုးရှိလို့ရှိမှန်းတောင် မသိကြပါဘူး။ ဘီပိုးဟာ ခန္ဓာကိုယ်ထဲမှာ အချိန်ကြာကြာကြီးကို အောင်းနေတတ်ပါတယ်။ အဲဒီလို အောင်းနေသမျှကာလပတ်လုံး တစ်ဦးမှ တစ်ဦးကို စောစောကပြောတဲ့ နည်းတွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ ကူးစက်ဖို့လည်း လွယ်ကူပါတယ်။ ဒီတော့ ဘီပိုးကူးစက်ပုံက အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ပုံ ကူးစက်နည်းနဲ့ တူနေတယ်ဆိုတာ အဲဒီနည်းတွေကြောင့်လို့ ယူဆရပါတယ်။ ပြီးတော့ရောဂါပိုးရှိသူ အသုံးပြုနေတဲ့ သွားတိုက်တံ၊ မုတ်ဆိတ်ရိပ်ဓား အခြားထိရှစရာ ကိရိယာ တွေကနေလဲ ကူးစက်နိုင်ပါသေးတယ်။ ဒီတော့ ရောဂါပိုးရှိနေတယ်လို့ သိရတာနဲ့ အဲဒီလူရဲ့ အသုံးအဆောင်တွေကို ယူမသုံးမိဖို့ အရေးကြီးပါတယ်။ ဘီပိုးကူးစက်ပုံဟာ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်သကဲ့သို့ပဲ စနစ်တကျ ပိုးသတ်မထားတဲ့ ရေပွက်ပွက်ဆူအောင် ပြုတ်မထားတဲ့ ဆေးထိုးအပ်၊ ဆေးထိုးပြွန်တွေနဲ့ ဆေးထိုးကုသခံရရင်လဲ ကူးဆက်နိုင်ပါတယ်။

 

ဒီလိုပဲ မသန့်ရှင်းတဲ့ သွားနုတ်သွားစိုက်ကရိယာတွေကလည်း ကူးစက်နိုင်ပါတယ်။ မူးယစ်ဆေးဝါး အကြောထဲထိုးသွင်း သုံးဆွဲသူများဟာလည်း ရောဂါကူးစက် ခံရနိုင်ပါတယ်။ ပြီးတော့ အလှအပအတွက် အန္တရာယ်ကြီးတဲ့ နားဖောက်ခြင်း၊ ဆေးမင်ကြောင်းထိုးခြင်း၊ အပ်ဆိုင်ကုသခြင်းတို့မှာ သုံးတဲ့ကရိယာတွေ မသန့်လို့ (စနစ်တကျ ပိုးသတ်မထားလို့) လည်းကူးစက်နိုင်ပါသေးတယ်။ ဒါကြောင့်မို့ ဆေးကုသ ခံယူတဲ့အခါ တစ်ခါသုံး ဆေးထိုးပြွန်၊ ဆေးထိုးအပ်ကို အသုံးပြုဖို့ အထူးသတိရဖို့လိုပါတယ်။ ဖြစ်နိုင်ရင်တော့ ခဏခဏ ဆေးထိုးကုသမှုမခံယူပဲ သောက်ဆေးများနဲ့သာ ပျောက်ကင်းအောင် ဆောင်ရွက်ရင်ပိုကောင်းပါတယ်။ မတက်သာလို့ဆေးထိုး ကုသမှုခံယူရမယ်ဆိုရင်လည်း (အခြေအနေအရ တစ်ခါသုံး အပ်မရှိ၊ မရနိုင်တဲ့အခါ )ဆေးထိုးအပ်၊ဆေးထိုးပြွန် ကိုစနစ်တကျပိုးသတ်ပြီး နားလည်တက်ကျွမ်းသူ ကျမ်းမာရေးဝန်ထမ်းများနဲ့သာ ကုသမှုခံ ယူရပါမယ်။

 

ရောဂါပိုးရှိနေသူဟာ တစ်ချိန် မဟုတ်တစ်ချိန် အခြားသူ တွေကို ရောဂါကူးစက် စေမှာဖြစ်ပါတယ်။ အဲဒီလို ရောဂါကူးစက်တဲ့အခါ အသည်းကင်ဆာ ဖြစ်ဖို့အခွင့်အလမ်းဟာ လည်းပိုများလာပါတယ်။ ဒီတော့ဘီပိုးရှိသူ အသည်းရောင် ဖူးသူများဟာ နေထိုင်မကောင်းလို့ ဆေးကုသခံယူရင် ဆေးပညာရှင်၊ ဆရာဝန်တို့ကိုကြို တင်အသိပေးထားရပါမယ်။ အခုအချိန်မှာ အသည်းရောင်အသားဝါ ဘီရောဂါ ကာကွယ်ဆေး ရှိနေပြီဖြစ်တဲ့အတွက် ကြိုတင်ထိုးနှံထားရင် ပိုပြီးစိတ်ချရမှာဖြစ်ပါတယ်။ ဘီပိုးကူးစက်မခံရအောင် အထူးသတိထားရမည့် အချက်က သွေးသွင်းကုသခံယူတဲ့အခါ သေသေချာချာ စမ်းသပ်စစ်ဆေးထားခြင်း မရှိတဲ့သွေးကိုသွင်းမိခြင်းပါ။ ဘီပိုးဟာ ခန္ဓာကိုယ်ထဲမှာ အချိန်တော်တော်ကြာကြာ ကြီးအောင်းနေနိုင်တဲ့အတွက် ပိုးရှိပြီးကျန်းမာနေပေမယ့်လည်း အဲဒီလူရဲ့သွေးကိုမသွင်းသင့်ပါဘူး။ ဒါကြောင့်ဘီပိုးရှိသူ ရောဂါဖြစ်ဖူးသူတို့ သွေးမလှူသင့်ပါဘူး။ ဘီ ရောဂါဖြစ်ဖူးသူအနေနဲ့ တစ်နှစ်အတွင်း သွေးလှူခြင်းမပြုလုပ်ဖို့ကိုလည်း တားမြစ်ထားပါသည်။ ဒီတော့ကူးစက်လွယ်တဲ့ အသဲရောင်အသားဝါ ဘီရောဂါဟာ အိပ်ခ်ျအိုင်ဗွီပိုးကဲ့သို့ပဲ သဘောထားပြီးအမြဲသတိရှိရှိနဲ့ သွားလာ နေထိုင်သင့်ကြောင်း အသိပေးလိုက်ပါတယ်ဟု Family Health ဂျာနယ်တွင်ဖေါ်ပြထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top