မြန်မာတိုင်းမ်စ်သတင်းစာပါ ယင်းဆောင်းပါးသည် လောလောလတ်လတ်
ဖြစ်ပျက်နေသော အဖြစ်အပျက်များ
အောက် သိသိသာသာ မှေးမှိန်သွားခဲ့သည်။ ယခုအချိန်တွင် သံဃာတော်များတွင် အခြားလုပ်ကိုင်စရာ အလုပ်များ ရှိနေပြီ ဖြစ်သည်။
သို့သော် (HIV) နှင့် ပတ်သက်ဆက်နွယ်သော လူတိုင်း
မကြာမီကာလ အပိုင်းအခြားတွင် သံဃာတော်များသည် အိပ်ခ်ျအိုင်ဗွီ ကာကွယ်တားဆီးရေးနှင့် စောင့်ရှောက်မှုလုပ်ငန်းတွင် ပိုမိုပါဝင်လာလိမ့်ဟူသော မျှော်လင့်ချက် ကိုယ်စီရှိကြသည်။ လတ်တလောတွင်မူ သံဃာတော်များသည် ၄င်းတို့လုပ်ဆောင်ရမည့် အလုပ်ကို ပြီးပြတ်အောင် လုပ်ဆောင်ရအုံးမည် ဖြစ်သည်။
(ဟင်း မ်ဘီ) မော်ဒရေတာ
+++++++++++++++++++
အိပ်ခ်ျအိုင်ဗွီ ကာကွယ်ရေးအားထုတ်မှုများတွင် ရဟန်းတော်များပါဝင်လာရေး အကြံပြု
ဖြူလင်းဝေ၊ မြန်မာတိုင်းမ်စ်၊ ၁၇ - ၂၃ စက်တင်ဘာလ ၂၀၀၇
အကယ်၍သာ ဗုဒ္ဒဘာသာရဟန်းတော်များသည် ၄င်းတို့၏ တရားတော်များတွင် ရောဂါပိုးအကြောင်းနှင့် သက်ဆိုင်သော ပညာပေးအချက်အလက်များ ထည့်သွင်းဟောကြားမည်ဆိုပါက အောက်ခြေလူမှု အသိုင်းအ၀န်းအဆင့် အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ကာကွယ်တားဆီးရေး
ကြိုးပမ်းချက်များသည် ပိုမိုထိရောက်လာလိမ့်မည်ဟု ဒေသခံ ဘာသာရေးအခြေခံ အစိုးရမဟုတ်သော အဖွဲ့တဖွဲ၏
အရာရှိတဦးက ပြောဆိုခဲ့သည်။
အကယ်၍ ရဟန်းသံဃာတော်များသည် ငါးပါးသီလ ပေးရာတွင် အိပ်ခ်ျအိုင်ဗွီအကြောင်း ထည့်သွင်း မိန့်ကြားပါက ပြည်သူများသည် ၄င်းရောဂါပိုးနှင့် ဆက်နွယ်သော အပြုအမူများ၏
အန္တရာယ်ရှိမှုကို ပိုမို သဘောပေါက် နားလည်လာလိမ့်မည်ဟု “ရတ္တနာမေတ္တာ” အဖွဲ့၏ ဥက္ကဌဖြစ်သော ဦးမြင့်ဆွေက ပြောကြားခဲ့သည်။
“အကယ်၍ ရဟန်းသံဃာတော်များသည် လွဲမှားသော လိင်ဆက်ဆံခြင်းကို ရှောင်ကျဉ်ရန်နှင့် အရက်သေစာ မူးယစ်သောက်စားခြင်းအား ရှောင်ကျဉ်ကြရန်နှင့် တချိန်တည်းမှာပင် ကျန်းမာရေး အသိပညာနှင့် ရောနှော၍ စောင့်ထိန်းကြရန် လူထုအား ပညာပေးနိုင်ပါက အိပ်ခ်ျအိုင်ဗွီ ပြန့်ပွားမှုကို တိုက်ထုတ်ရာတွင် အလွန့်အလွန် ထိရောက်မှု ရှိလာပါလိမ့်မယ်” ဟု သူက ပြောခဲ့သည်။
ဗုဒ္ဒဘာသာဝင်တိုင်းသည် ငါးပါးသီလနှင့် ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်သည်နှင့်အညီ ကျန်းမာရေးသတင်း အချက်အလက်များအား ငါးပါးသီလနှင့် ဆက်စပ်၍ ရဟန်းသံဃာတော်များက ဟောကြားမည်
ဆိုပါက ပြည်သူများက ပိုအလေးအနက်ထား နားထောင်ကြလိမ့်မည်ဟု သူက ဆက်ပြောပြခဲ့သည်။
ဗုဒ္ဒ၏ တရားတော်များအား ပြန့်ပွားပေးခြင်း
အားဖြင့် အိပ်ခ်ျအိုင်ဗွီ၊
အေအိုင်ဒီအက်စ် ဝေဒနာရှင်များအား စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ကိုလည်း ရဟန်းသံဃာတော်များက ပေးနိုင်သည်ဟု ဦးမြင့်ဆွေက ပြောပြခဲ့သည်၊
“ဒါပေမယ့် အတားအဆီးတခု ရှိနေတာက ဘာလဲဆိုတော့ လူတွေက ဘုန်းကြီးတွေ ဆီမှာ အခြား ကိစ္စတွေအတွက် အကြံဥာဏ်တွေ တောင်းနေကြပေမယ့် ဒီအိပ်ခ်ျအိုင်ဗွီနဲ့
ဘုန်းကြီးတွေနဲ့ ဘာမှမဆိုင်ဘူးလို့
ထင်နေကြပြီး အိပ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ဆရာတော်ကြီးတွေ၊ ရဟန်းသံဃာတော်တွေ
ဆီကနေ အကြံတောင်းဖို့ကို
မလိုဘူးလို့ ထင်နေကြတယ်” ဟု သူက ပြောပြခဲ့သည်။
သံဃာတော်အများစုကသည်လည်း ကျန်းမာရေးပြဿနာနှင့် ရောဂါကာကွယ်တားဆီးရေး ကိစ္စရပ်များသည် ၄င်းတို့နှင့် သက်ဆိုင်မှု မရှိဟူသော အမြင်များရှိကြသည်ဟု သူက ပြောခဲ့သည်၊
“ကျနော်တို့ကတော့ ဒီအတားအဆီးတွေကို ဖြိုဖျက်ပစ်ဖို့ ကြိုးစားရမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ ရဟန်းသံဃာတော်များက အိပ်ခ်ျအိုင်ဗွီရှိနေတဲ့ ဝေဒနာရှင်တွေကို စိတ်ပိုင်းဆိုင်ရာအရ အထောက်အကူ ပေးနိုင်တဲ့ နည်းလမ်းတွေ
အများကြီး ရှိနေလို့ပါပဲ” ရောဂါပိုး
ရှိနေသည်ဟု သိလိုက်ရသော
သူများသည် ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်မှု မခံရချိန်တွင်
စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်မှုကို ခံရတယ်ဟု သူက ထပ်လောင်း ပြောပြခဲ့သည်။
အဖွဲ့အစည်းမှ ကမကတပြုလုပ်၍ ဖွင့်လှစ်ထားသော ဆေးပေးခန်း
တခုက အိပ်ခ်ျအိုင်ဗွီ
ဝေဒနာရှင်များတွင် ဆက်တိုက် ၀င်ရောက်လာနိုင်သော ကူးဆက်ရောဂါများ
အတွက် ကုသမှုများ ပေးသည်ဟု ဦးမြင့်ဆွေက ပြောပြခဲ့သည်၊
“သို့သော် ဆေးဝါးများက လူတွေရဲ့ စိတ်ကိုတော့ သတ်ရောက်မှု မရှိနိုင်ပါဘူး။ ရဟန်းသံဃာတော်များ၏
အားပေးမှုနှင့်အတူ ဗုဒ္ဒ၏ တရားတော်များက
သာလျှင် လူတွေရဲ့
စိတ်ကို တည်ငြိမ် အေးချမ်းနိုင်ပါတယ်” သူက ပြောခဲ့သည်၊
ဗဟန်းမြို့နယ်ရှိ ဌာနချုပ်ရုံးတွင် စက်တင်ဘာ ၁၉ မှ ၂၁ ရက်နေ့အထိ ရန်ကုန်မှ ရဟန်းနှင့်
သီလရှင် အပါး ၂၀ အတွက် အလုပ်ရုံသင်တန်း ဆွေးနွေးပွဲတခု ပြုလုပ်ရန် အဖွဲ့အစည်း အနေဖြင့် စီစဉ်ထားသည်ဟု သူက ဆိုသည်၊
“သင်တန်းရဲ့ အဓိက ရည်ရွယ်ချက်တွေ
ကတော့ ရဟန်းသံဃာတော်များနှင့် သီလရှင်များကို စည်းကမ်း၊
သိက္ခာပုဒ်တွေ ဖျောက်ဖျက်စရာ
မလိုပဲ ကျန်းမာရေးနှင့် ဗုဒ္ဒဘာသာကို သင့်တင့်လျောက်ပတ်သော နည်းလမ်းများဖြင့် မည်ကဲ့သို့ ဆက်နွယ်ထားသည်ကို ပြသရန်ဖြစ်ပြီး ဗုဒ္ဒ၏ တရားတော်များကို အသုံးပြု နှစ်သိမ့်အားပေးမှုများ ပြုလုပ်ပေးနိုင်သော နည်းလမ်းများကို ပြသပေးရန် ဖြစ်ပါတယ်၊” ဟု သူကပြောခဲ့သည်။
ကျန်းမာရေးအသိပညာ ဖြန့်ဖြူးရေးလုပ်ငန်းတွင် ပါဝင်လာသော ရဟန်းသံဃာတော်များသည် အခြားသော ရဟန်းသံဃာတော်များအကြား ပညာပေးလုပ်ငန်းများလုပ်ဆောင်ရန်အတွက်လည်း တာဝန်ရှိလာလိမ့်မည်ဟု ဦးမြင့်ဆွေက ပြောကြားခဲ့သည်။
ယင်းအဖွဲ့အစည်း၏ ပရောဂျက်မန်နေဂျာတဦးဖြစ်သော ဦးမြင့်ဆွေကပင် ဆက်လက်၍ အလားတူသင်တန်း ပရိုဂရမ်တခုကိုလည်း လွန်ခဲ့သော မေလက သီလရှင်အပါး ၂၀ အတွက် ဖွင့်လှစ် ပေးခဲ့ကြောင်းနှင့် ယခုဆိုလျှင် ထိုသီလရှင်များသည် ဆွမ်းဆန်ထွက်ချိန်တွင် မယ်သီလရှင်များ အကြား အသိပညာများ ဆက်လက် ဖြန့်ဖြူးနေကြကြောင်း ပြောဆိုခဲ့သည်။




