(ယူကေ) မှာ Home HIV testing kits အိမ်တင် HIV ကို အလွယ်စမ်းလို့ရတဲ့ ကရိယာတွေကို ၁၉၉၂ ကတည်းက တရားဝင်အဖြစ်ကနေ ရပ်စဲလိုက်ပါတယ်။ မမှန်တဲ့ အဖြေထွက်စေလို့ အဲလိုလုပ်တာပါလို့ Medicines and Healthcare products Regulatory Agency (MHRA) ဆေးနဲ့ ကျန်းမာရေး ထုတ်ကုန်များ စိစစ်ရေးအဖွဲ့အစည်းကနေ သတိပေးထားတာ ဖြစ်ပါတယ်။
ကနေ့အထိ တခြား Sexually transmitted diseases (STDs) လိင်ကတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို ခွင့်ပြုချက် ပေးထားပေမဲ့ မတိကျတာတွေ ရှိနိုင်တယ်။ Health Protection Agency ကျန်းမာရေး ကာကွယ်မှုပေးတဲ့ အေဂျင်စီကနေ ဒီစမ်းသပ်မှုတွေ မတိကျတာကို ရေးသားထားပါတယ်။
UK website (ဝက်ဘ်ဆိုက်ဒ်) ကနေ ကြော်ညာပြီး ရောင်းချနေတဲ့ ကုမ္ပဏီတခုကို စစ်ဆေးမှုတွေ လုပ်နေပါတယ်။ စစ်ဆေးမှုအတွင်းမှာ လိင်ကတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေ ဖြစ်ကြတဲ့ HIV (အိတ်ခ်ျအိုင်ဗွီ)၊ Chlamydia (ကလာမိုင်ဒီးယား) နဲ့ Syphilis (ဆစ်ဖလစ်) ရောဂါတွေကို စမ်းသပ်နည်းတွေ ၅ဝ နီးနီး ရောင်းချခဲ့တယ်လို့ တွေ့ရတယ်။ ဥရောပ အသိအမှတ်မပြုတဲ့ CE အမှတ်မသားမပါတဲ့ တရုတ်ပစည်းတွေကိုရောင်းချနေတဲ့ websites ၆ ခုကို ပိတ်ဘို့ရှိပါတယ်။
ဥပဒေကြောင်းအရ HIV (အိတ်ခ်ျအိုင်ဗွီ) ကို စမ်းသပ်တာသာ မညီညွတ်ပေမဲ့ တခြား လိင်ကတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကို စမ်းသပ်နည်းတွေကလဲ European regulations ဥရောပ စံနှုန်းတွေနဲ့ မကိုက်ဘူးလို့ သတိပေးချက်ထဲမှာ ပါသေးတယ်။
MHRA က စမ်းသပ်ကရိယာဆိုင်ရာ ဒါရိုက်တာ Susanne Ludgate ပြောတာက “အခုလို Self-test kits ကိုယ့်ဖါသာ စမ်းလို့ရတဲ့ ကရိယာတွေကို (အင်တာနက်) ကနေ ရောင်းနေ ကြတယ်။ ဥပဒေနဲ့ မညီဘူး။ ဒါ့ကြောင့် (အင်တာနက်) ကနေ ဝယ်တာတွေတိုင်း မယုံကြဘို့ လူတွေကို တိုက်တွန်းနေရပါတယ်။ အဖြေမန်တွေမဟုတ်လို့ အန္ဒရာယ်တွေရှိနိုင် ပါတယ်။ ဘယ်လိုလုပ်ရ-သုံးရမယ်ဆိုတဲ့ အညွှန်းတွေကလဲ မတိကျဘူး၊ ဝေဝါးနေတယ်၊ မလုံလောက်ဘူး။ ဝယ်ချင်သူတွေ CE ဆိုတဲ့ အမှတ်အသားကို ရှာသင့်တယ်။ ဒီလိုပါမှာ တရားဝင် အသိအမှတ်ပြုထားတာမျိုး ဖြစ်တယ်။”
HPA ရဲ့ Blood borne viruses department သွေးကတဆင့် ကူးစက်တဲ့ ဗိုင်းရပ်စ် ဌာနက Dr Fortune Ncube က ပြောတာက “တကယ်လို့ ကိုယ့်ကိုယ်ကို ရောဂါကူးစက်ခံရနိုင် တယ်လို့ သံသယရှိသူတိုင်းဟာ GP ကိုယ့်ဆရာဝန်ဆီ ဒါမှမဟုတ် အဆင်ပြေမဲ့ Genito-Urinary Medicine (GUM) clinic မွေးလမ်း-ဆီးလမ်း ဆေးခန်းကို သွားကြသင့်တယ်။ အဲဒီနေရာတွေမှာ HIV (အိတ်ခ်ျအိုင်ဗွီ) အပါအဝင် STIs လိင်ကတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို ကျကျနန စစ်ဆေးမှုတွေ လုပ်ပေးနိုင်ပါတယ်။ လိင်ပညာ ကျန်းမာရေး၊ အမြန်စမ်းသပ်နည်း၊ လူမသိအောင်စမ်းနည်း နဲ့ လိင်ကျန်းမာရေး အကြံပေးတာတွေ အားလုံးကို National Health Service (NHS) အမျိုးသား ကျန်းမာရေးဌာနမှာ အခမဲ့ ရယူနိုင်ကြပါတယ်။”
အခုလို (အွန်လိုင်း) ကနေ ဆေးဝယ်တာကို ဘယ်သူဘယ်ဝါဆိုတာ သူများမသိနိုင်လို့ ခေတ်စားနေတယ်။ အခုတော့ အဲလို မရေမရာ ဝယ်သုံးထားသူတွေဆီ လိုက်ဆက်သွယ်နေရပါပြီ။
ဒေါက်တာတင့်ဆွေ (၃၁-၁ဝ-၂ဝ၁၁)
ဒေါက်တာတင့်ဆွေ - အိမ်မှာတင် အလွယ်စမ်းလို့ရတဲ့ HIV စစ်ဆေးနည်း သတိပေးချက်




